Monday 21 February 2011

ကြော်ငြာအားကြောင့် မမှားကြစေချင်

လူတွေဟာ များသောအားဖြင့် လူကောင်း မဖြစ်သေးသရွေ့တော့ ကိုယ့်ကိုကိုယ် လူကောင်းလို့ ထင်နေတတ်ကြတာပါဘဲ။ ကိုယ်ကျူးလွန်ခဲ့တဲ့ အကုသိုလ် တစ်ပိဿာဖိုးထက် ကိုယ်ပြုလုပ်ခဲ့တဲ့ ကုသိုလ်တစ်ပြားဖိုးအကြောင်းကို ပိုပြောတတ်ကြတယ်။ သူများက ကိုယ့်ကို ကူညီခဲ့တာထက် ကိုယ်က သူများကို ကူညီခဲ့တဲ့ အကြောင်းကို ပိုပြောတတ်ကြတယ်။ ကိုယ့်အပေါ် အများကြီး စိတ်ထားကောင်းကြတဲ့ သူတွေ အကြောင်းထက် ကိုယ်က သူများအပေါ် နဲနဲလေး စိတ်ထား ကောင်းခဲ့တဲ့ အကြောင်းကိုဘဲ ပုံကြီးချဲ့  ဖောက်သယ်ချတတ်ကြတယ်။ အဲဒါ လူသားတွေပါဘဲ။

ဇာတ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ကောင်းခြင်း မကောင်းခြင်းကို ပရိသတ်က ဆုံးဖြတ်ပေးသလို လူတစ်ယောက်ရဲ့ ကောင်းကွက် ဆိုးကွက်တွေကိုလဲ နီးစပ်ရာ ပတ်ဝန်းကျင်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ လောဘ ဒေါသ ဗလပွနဲ့ ကိုယ့်ကိုကိုယ် လူကောင်းပါလို့ ဟစ်အော်နေတဲ့ သူတွေဟာ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တွေဘဲ ဖြစ်ဖို့များပါတယ်။ ဒါပေမဲ့ ခေတ်ကာလ အခြေအနေအရ မီဒီယာတွေရဲ့ အားကောင်းမှု၊ လူတွေရဲ့ ယုံကြည်လွယ်မှုတွေက လူကောင်းနှင့် လူဆိုးကို ခွဲခြားရခက်စေတယ်။ မီဒီယာရဲ့ စီးဆင်းမှုမြန်ဆန်ခြင်းက လူဆိုးတွေအတွက် အကွက်ကောင်းဖြစ်စေတယ်။

ကြော်ငြာအားကောင်းရင် ပစ္စည်းရဲ့ အရည်အသွေးက တောက်ပြောင်လာသယောင် ထင်ရတယ်။ ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင် ကြော်ငြာကို အရင်ကြည့်တတ်ကြတယ်။  ဘယ်သူကမှ မိမိပစ္စည်းကို မကောင်းပါဘူး၊ အရည်အသွေးမမီပါဘူး၊ အားမပေးကြပါနဲ့ လို့ တီဗီစခရင်ပေါ် ကြော်ငြာမှာ မဟုတ်ပါဘူး။ လူတွေက ဒီအချက်ကို မေ့နေကြတယ်။ ကြော်ငြာအားကောင်းလေ ပိုပြီး ရောင်းအားမြင့်လေဘဲ ဖြစ်တယ်။ ဒါကြောင့် Quality ထက် Quantity ကို ဦးစားပေးတဲ့ ခေတ်ကာလမှာ ပစ္စည်းစစ် ပစ္စည်းမှန်တွေ ငုတ်ကွယ်နေကြရရှာတယ်။

ပစ္စည်းမမှန်ဘဲ ကြော်ငြာအားကောင်းလို့ ရောင်းအားတက်ခဲ့တဲ့ သမိုင်းဟာ ဘုရားရှင် လက်ထက်ကထဲက ရှိခဲ့တယ်။  ဒါပေမဲ့ အဲဒီကြော်ငြာက သာမန်ပစ္စည်း  ကြော်ငြာတော့ မဟုတ်ဘူး။ အယူဝါဒ ကြော်ငြာဘဲ ဖြစ်တယ်။  ဒေ၀တ်ဆို လူတိုင်း သိပြီးသား ဖြစ်ပါလိမ့်မယ်။ သူက သူ့အယူဝါဒကို ဒီလို ကြော်ငြာတယ်။ 
"ရဟန်းဆိုတာ.....
၁။  တောကျောင်းမှာဘဲ နေရမယ်။ မြို့ကျောင်းမှာ မနေရဘူး။
၂။ ဆွမ်းခံလို့ဘဲ စားရမယ်။ ပင့်ဖိတ်ဆွမ်းကို မစားရဘူး။
၃။ ပံသုကူ (လူတွေစွန့်ပစ်တဲ့အ၀တ်) သင်္ကန်းဘဲ ၀တ်ရမယ်။ လူတွေ လှူတဲ့ သင်္ကန်းကို မ၀တ်ရဘူး။
၎။ သစ်ပင်ရင်းမှာဘဲ နေရမယ်။ ကျောင်းအတွင်းမှာ မနေရဘူး။
၅။ သက်သတ်လွတ်ဘဲ စားရမယ်။ အသား ငါး မစားရဘူး။

ငါက အဲဒီဝါဒတွေနဲ့ သာသနာတည်ထောင်မယ်။ ဘုရားက အဲဒါတွေရဲ့ ဆန့်ကျင်ဘက်နဲ့ သာသနာတည်ထောင်မယ်။ ရဟန်းမှန်ရင် ခြိုးခြံရမယ်။ ဇိမ်ကျကျ မနေရဘူး။ ပြင်းထန်စွာ ကျင့်ပြီး ကိလေသာတွေကို တိုက်ထုတ်ပစ်ရမယ်။ ဒါမှ လူတွေရဲ့ ကြည်ညိုမှုကို ခံယူထိုက်တယ်။ ဘုရားဝါဒကို ကြိုက်ရင် ဘုရားဆီသွားပါ။ ငါ့ဝါဒကို ကြိုက်ရင် ငါ့ဆီလာခဲ့ပါ။ ငါ့ရဲ့ အုပ်ချုပ်မှုအောက်မှာ သင်တို့ အဆင်ပြေစေရပါမယ်"

ဒေ၀တ်ရဲ့ ကြော်ငြာက လူတွေရဲ့ နှလုံးသားကို တိုက်ရိုက်ထိစေတယ်။ ရဟန်းအချို့ ရဲ့ ဟဒယအတွင်းသို့ ချဉ်းနင်း ၀င်ရောက်သွားစေတယ်။ ခေါင်းပါး ခြိုးခြံတဲ့ အကျင့်ကို ဘယ်သူက မကြည်ညိုဘဲ ရှိပါ့မလဲ။ ဒါကြောင့်မို့ ဒေ၀ဒတ်ရဲ့ သာသနာမှာ ရဟန်းတွေရှိတယ်။ ဒကာဒကာမတွေရှိတယ်။ ယုတ်စွအဆုံး အဇာတသတ်မင်းကြီး ကိုယ်တိုင် ဒေ၀ဒတ်ကို ကိုးကွယ်ခဲ့တယ်။ 

အမှန်က အထက်က အချက် ငါးချက်ကို ဘုရားက လုံးဝ ပယ်မြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျင့်လိုသူတွေကျင့်၊ မကျင့်နိုင်သူတွေ မကျင့်ဘဲ နေနိုင်တယ်လို့ ပြောခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီငါးချက်က တရားထူးကို ရစေနိုင်တဲ့ အကြောင်းအထောက်အပံ့ မဟုတ်လို့ဘဲ။ တရားထူးရဖို့က အာဟာရ ကောင်းကောင်းလိုတယ်။ နေရာ ကောင်းကောင်းလိုတယ်။ ရာသီဥတု ကောင်းကောင်းလိုတယ်။ ဒါကြောင့် ဘုရားရှင်က မြွေမသေ တုတ်မကျိုးဘဲ ရဟန်းတွေကို ခွင့်ပြုခဲ့တာပါ။

ဒါပေမဲ့ ဒေ၀ဒတ်ရဲ့ တိုက်စစ်အောက်မှာ ရဟန်းတွေ လူတွေ အတော်လေး ပြားပြား ၀ပ်ခဲ့ကြရရှာတယ်။ ဒေ၀ဒတ်ရဲ့ ကြော်ငြာ အားကောင်းမှုကြောင့် ရောင်းအား အတော် တက်သွားခဲ့တယ်။ ရှင်လူရဟန်းတွေ အတော်လေး အားပေးခဲ့ကြတယ်။ မင်းနှင့်အတူ ဗိုလ်ပါရဲမက်တွေပါ အားပေးခဲ့ကြတယ်။ ဒါပေမဲ့ ပစ္စည်းစစ် ပစ္စည်းမှန် မဟုတ်မှန်းတော့ သူတို့ မသိခဲ့ကြဘူး။ သိလိုက်တဲ့အခါမှာတော့ သူတို့ အားပေးပြီးသား ဖြစ်နေခဲ့တယ်။

ဒါကြောင့်မို့ ကြော်ငြာကို တော်ရာမှာဘဲ ထားပါ။ အတွေးအခေါ်သစ်နဲ့ ဆန်းစစ်ပါ။ ကာလာမသုတ်ကို အာဂုံဆောင်ထားပါ။ ကြော်ငြာအားကြောင့် အကောင်းအဆိုးကို မေ၀၀ါးပါစေနဲ့။ ဧဟိပဿိကဆိုတဲ့ သွားရောက်ကျင့်သုံးမှုနဲ့ အရာရာကို ဆုံးဖြတ်ပါ။ ပြဿနာကို ပြဿနာအနေနဲ့သာ မကြည့်ဘဲ ပြဿနာရဲ့ရင်းမြစ်၊ ပြဿနာရဲ့ အခြေအနေကို ကြည့်ပြီး ပြဿနာရဲ့ ဖြေရှင်းမှုကို ရယူကြပါ။ ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် လူဆိုးလူကောင်းဆိုပြီး လွယ်လွယ်မဆုံးဖြတ်ကြပါနဲ့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

.

1 comment:

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
တကယ့်ကိုမှတ်သားစရာကောင်းတဲ့ပို့စ်လေးတစ်ခုပါ။
လေးစားလျက်ပါ-