Saturday 23 July 2011

မာစတာမှတ်တမ်း

မနေ့က မိုးရွာသလောက် ဒီနေ့ ထူးထူးဆန်းဆန်း ရာသီဥတု သာယာနေသည်။ ကိုယ့်ဘက် မျက်နှာလိုက်ပေးလို့ ရာသီဥတုကို ကျေးဇူးတင်သည်။ ဒီနေ့ သွားစရာ ကိစ္စရှိသည်။ နေပူပူ မိုးရွာရွာ မုန်တိုင်းထန်ထန် ဒီနေ့ သွားကို သွားရမည်။ မသွားလို့ မဖြစ်။ ကြုံတောင့် ကြုံခဲ အခွင့်အရေးမို့  သွားဖို့ ဆန္ဒြပင်းထန်နေသည်။ အခွင့်အရေးဆိုပေမဲ့ ကိုယ်စိုက်ပျိုးထားတဲ့ အပင်မှ ဖြစ်ထွန်းလာသည့် အသီးအား ကိုယ် ပြန်စားသုံးရခြင်းဟု ဆိုလျှင် ပိုမှန်မည် ထင်သည်။ ဘွဲ့နှင်းသဘင်ပွဲသို့ တက်ရောက်ရမည် ဖြစ်သောဟူ၏။

သူ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်၌ လန်ဒန်တက္ကသိုလ်၊ အာဖရိကနှင့်အရှေ့တိုင်းပညာရပ်ကျောင်း (SOAS) ၌ မာစတာတန်း တက်ရောက်ခဲ့သည်။ M.A (Religions) ဖြစ်သည်။ အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများအား ဒီနေ့ ဘွဲ့နှင်းသဘင် ကျင်းပပေးခြင်းဖြစ်သည်။ ဘီအေ၊ မာစတာ၊ ပီအိပ်ခ်ျဒီ ဘွဲ့တို့ကို သုံးရက်ခွဲ ဘွဲ့နှင်းသဘင် ကျင်းပပေးသည်။ ဇူလိုင် ၂၀၊ ၂၁၊ ၂၂ တို့၌ ဖြစ်သည်။ ၂၁ ရက်နေ့၌ ဘီအေ၊ ၂၁ ရက်နေ့၌ ဘီအေနှင့်မာစတာ၊ ၂၂ ရက်နေ့၌ မာစတာနှင့် ပီအိပ်ခ်ျဒီတို့ကို အသီးသီး ကျင်းပပေးသည်။

ဘွဲ့ဝတ်စုံထုတ်ယူဖို့နှင့် ဓါတ်ပုံရိုက်ရန် ကိစ္စရှိသည့်အတွက် စောစော သွားဖြစ်သည်။ စောစောဆိုပေမဲ့ နံနက် ၁၀ နာရီလောက် ဖြစ်သည်။ လန်ဒန်တက္ကသိုလ်အရောက် လမ်းလျှောက်တာရော မြေအောက်ရထားစီးတာရော ပေါင်းလိုက်လျှင် တစ်နာရီခွဲခန့် ကြာသည်။ ဒေါက်တာ ဒေါ်မာလာ၊ ကိုသူရိန်အုန်းမြင့်၊ ကိုကျော်ခိုင်စိုး၊ ကိုကျော်ကျော်နိုင်တို့ ဧည့်သည် အဖြစ် လိုက်ပါပေးသည်။ ဘွဲ့ယူသူ တစ်ယောက်ကို ဧည့်သည် နှစ်ယောက် လိုက်ခွင့်ပေးသည်။ သို့သော် အလကားတော့ မရ။ ဧည့်လက်မှတ် ၀ယ်ရသည်။ ဧည့်လက်မှတ်တစ်စောင် ၂၅ ပေါင် ဖြစ်သည်။ ဘွဲ့ယူမည့်သူလည်း ထိုင်ခုံအတွက် ၁၅ ပေါင် ပေးရသည်။ ဘွဲ့ယူသူ နှစ်ယောက်မို့ ဧည့်သည် ၄ ယောက် ဖြစ်သည်။ ဘွဲ့ဝတ်စုံငှားရမ်းက ၄၇ ပေါင်ပေးရသည်။ ဘွဲ့နှင်းသဘင်အပြီး တစ်ပတ်လောက် ထပ်ငှားချင်သောကြောင့် ပေါင် ၂၀ ထပ်ဖြည့်ပေးရသည်။ စုစုပေါင်း ဘွဲ့ဝတ်စုံအတွက် ၆၇ ပေါင် အသုံးပြုလိုက်ရသည်။ ပရိုဖက်ရှင်နယ် ဓါတ်ပုံရိုက်ဖို့အတွက် ၁၇၇ ပေါင် အသုံးပြုလိုက်သည်။ အမျိုးမျိုး အစားစားရှိပေမဲ့ ဈေးအကြီးဆုံး အမျိုးအစားကို ရွေးလိုက်ခြင်းဖြစ်သည်။ အခမ်းအနားအပြီး လေးပတ်နှင့် ခြောက်ပတ်အတွင်း အရောက်ပို့ပေးမည်ဟု သိရသည်။

လန်ဒန်တက္ကသိုလ်သို့ ၁၁ နာရီခွဲခန့်ရောက်သည်။ ဘွဲ့ဝတ်စုံထုတ်၊ ဓါတ်ပုံရိုက်ပြီး နေ့လည်စာစားကြသည်။ ပီဇာမှာစားကြသည်။ ဒေါက်တာ ဒေါ်မာလာ လှူသည်။ ထို့နောက် လန်ဒန်တက္ကသိုလ်တစ်လျှောက် ဓါတ်ပုံမှတ်တမ်း ဗီဒီယိုမှတ်တမ်း ရိုက်ကြသည်။ အခမ်းအနားကို နေ့လည် ၂ နာရီခွဲမှာ စတင်ကျင်းပသည်။ ဘွဲ့နှင်း ခန်းမထဲ၌ ပါမောက္ခများ မလာခင် ဖျော်ဖြေရေး အနည်းငယ် ပြုလုပ်သည်။ ပရိုဂျက်တာဖြင့် SOAS ကျောင်းသားဟောင်း နာမည်ကြီးများကို ဆလိုက်ရှိုးဖြင့် ထိုးပြပေးထားသည်။ ထိုသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လဲ ပါဝင်သည်။ သုတေသနကျောင်းသူ ဟူ၍ ဖော်ပြထားသည်။

ဘွဲ့နှင်းသဘင်ဆိုပေမဲ့ ဘွဲ့လက်မှတ်ကိုတော့ မပေးသေးပေ။ ပရက်ဆီးဒင့်ကို ဘွဲ့ယူ ကျောင်းသား ကျောင်းသူများ တစ်ယောက်ချင်း စင်ပေါ်တက် လက်ဆွဲနှုတ်ဆက်ခြင်းသည်ပင်လျှင် သက်ဆိုင်ရာဘွဲ့ဒီဂရီ အောင်မြင်ကြောင်း သက်သေပြုသည်ဟု ထင်ရသည်။ ဘွဲ့လက်မှတ်ကိုတော့ နောက်မှ စာတိုက်က တစ်ဆင့် ပို့ပေးမည်ဟု သိရသည်။ ထူးတော့ ထူးဆန်းသလိုလို။

ညနေ ၅ နာရီမှာ အခမ်းအနားပြီးဆုံးသည်။ အခမ်းအနားပြီး ဧည့်ခံ ကျွေးမွေးပွဲရှိသည်။ ထိုကျွေးမွေးပွဲကို SOAS ၀င်းအတွင်း ရွက်ဖျင်တဲထိုးပြီး ကျင်းပပေးသည်။ ကြိုက်သလောက်စား အလကားဖြစ်သည်။ အဖျော်ရည်ပေါင်းစုံ၊ ၀ိုင်၊ သစ်သီး၊ ပေါင်မုန့်နဲ့ပြုလုပ်ထားသည့် အစားအစာပေါင်းစုံ ကျွေးမွေးသည်။ ဧည့်သည်လေးယောက် စားကြသည်။ ဘွဲ့ယူနှစ်ပါးကတော့ အဖျော်ရည်သာ သောက်သည်။

စားသောက်ပြီး ပြန်လာကြသည်။ ညနေ ၈ နာရီခန့်၌ ပြန်ရောက်သည်။ မိုးလုံးဝ မရွာပါ။ ။

Wednesday 20 July 2011

သူနှင့် သင်္ကြန်သုံးမျိုး

ဒီနေ့ ညနေခင်း၌ အပြင်လမ်းလျှောက်ဖို့ လောင်းကုတ်ဝတ်ပြီး ကျောင်းထဲမှ ထွက်လိုက်သည်။ မိုးနဲနဲ ရွာနေသည်။ မိုးကာအင်္ကျီ ပြန်ဝင်ဝတ်ရင်ကောင်းမလား စဉ်းစားမိသေး၏။ သို့သော် မိုးက ခပ်ဖွဲဖွဲမို့ လောင်းကုတ်နဲ့ပင် ထွက်သွားလိုက်သည်။ လန်ဒန်မိုးက ရွာချင်တဲ့အချိန် ရွာချတတ်သည်။ လန်ဒန်မှာ နေလျှင် မိုးနဲ့ ကျင့်သားရသွားဖို့ လို၏။

လမ်းလျှောက်ပြီး ငါးပြလောက် ရောက်သည့် အခါ လမ်းကြားထဲမှ ကလေး သုံးယောက် ပြေးထွက်လာ၏။ လူဖြူ အင်္ဂလိပ် စစ်စစ် ကလေးတွေပင်။ ခြောက်နှစ် ခုနစ်နစ် အရွယ်လေးများ ဖြစ်၏။ ယောက်ျားလေး နှစ်ယောက်နှင့် မိန်းခလေး တစ်ယောက်။ ယောက်ျားလေးတွေ လက်ထဲမှာ သေနတ် တစ်ယောက် တစ်လက်စီ ကိုင်ထားကြ၏။ သေနတ်တွေကို ဖြုန်းကနဲ လှမ်းကြည့်လိုက်မိ၏။ အမျိုးအစားများကို မသိပေမဲ့ သေနတ် အရွယ်အစားက ခပ်ကြီးကြီးပင် ဖြစ်၏။ မိန်းခလေး လက်ထဲ၌မူ ဘာမှ မရှိ။ ဗလာ သက်သက်။ 

ထိုကလေးအုပ်စု သူ့အနီးသို့ ရောက်လာသည့်အခါ ယောက်ျားလေးနှစ်ယောက် သူ့ဘေးတစ်ဘက် တစ်ချက် နေရာယူလိုက်ကြပြီး သူ၏ ဘေးနှစ်ဘက်ကို သေနတ်ဖြင့် ချိန်ထားကြလေ၏။ ရုတ်တရက် သူကြောင်နေ၏။ ဘာလုပ်ရမည် မသိ။ ပတ်ဝန်းကျင် ခဏ တိတ်ဆိတ်သွား၏။ သို့သော် သူတို့က စပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ 

"တစ်ယောက် တစ်ချက်ဘဲ ပစ်မယ်" တဲ့

ဘုရားရေ။ ဒုက္ခ။ မိန်းခလေး မျက်နှာကို လှမ်းကြည့်လိုက်တော့ ပြုံးမလိုလို ဘာလိုလိုနဲ့။ ဒါနဲ့ သူလည်း မထူးတော့ပါဘူး ဆိုပြီး... ကဲ ပစ်စေဗျား ဟု ခွင့်ပေးလိုက်၏။ ထိုယောက်ျားလေးနှစ်ယောက်သည် ဘာကို ဆိုလိုမှန်း မသိ This is a human world ဟူ၍သာ ပြောပြီး သူ့ကို သေနတ်ဖြင့် ၀ိုင်းပစ်လေတော့၏။ သူတို့ ပထမ ပြောသည်မှာ တစ်ယောက် တစ်ချက်ဆိုပေမဲ့ တကယ်ပစ်တော့ အချက်ပေါင်း များစွာ ပစ်ခတ်လေ၏။ ထို ယောက်ျားလေး နှစ်ယောက်၏ လက်ချက်ဖြင့်ပင် သူ၏ လောင်းကုတ်တစ်ခုလုံး စိုရွှဲ နေလေတော့၏။ ဒီကလေးတွေ ဘယ်က ဘယ်လို သင်္ကြန်ရေပြွတ်သေနတ်တွေ ရခဲ့ကြပါလိမ့်။

သူလည်း ကလေးလေးတွေ ချစ်စရာကောင်းတာက တစ်ကြောင်း မိန်းခလေးမျက်နှာမှာ ခင်မင်လိုစိတ် ပြနေတာက တစ်ကြောင်းတို့ကြောင့် ကလေးလေးတွေရဲ့ နဖူးကို ကိုင်ပြီး ကျန်းမာချမ်းသာ ပျော်ရွှင်စေဖို့ Blessing လုပ်ပေးထားခဲ့၏။ သို့သော် ယောက်ျားလေး တစ်ယောက်မူ အလုပ်မခံချေ။ မိုးဖွဲဖွဲ ကုတ်အင်္ကျီရွှဲရွှဲဖြစ်သည့်အပြင် ကလေးတွေရဲ့ သင်္ကြန်သေနတ်ဒဏ်ကြောင့် ပိုပြီး စိုရွှဲခဲ့လေတော့၏။ 

ကလေးများကို ထားရစ်ခဲ့ပြီး ဆက်လက် ချီတက်သွားပြန်ရာ နေရာ တစ်ခု အရောက်၌ ကတုံး တုံးထားသည့် နီဂရိုး တစ်ယောက်သည် သူ ဦးတည်ရာ ရှေ့တည့်တည့်၌ သူ့ကို ကျောပေးပြီး ရပ်နေလေ၏။ တိုက်တိုက်ဆိုင်ဆိုင် သူက ထိုနီဂရိုးကို ကျော်အတက် ထိုနီဂရိုးကလဲ သူကျော်တက်ရာ လမ်းကြောင်းဘက် တံတွေးလှမ်း အထွေး။ သူ၏ မြန်ဆန်လှသော ခြေလှမ်းတို့ကို နောက် ဆုတ်ကာ ရှောင်လိုက်သော်လည်း အဖျားခတ်ကလေးတော့ ခတ်သွားသေး၏။  သူလဲ နီဂရိုးကို လှမ်းအကြည့် နီဂရိုးကလဲ သူ့ကို လှမ်းအကြည့်။ သူကလဲ နီဂရိုး ရန်ရှာလေမလားလို့ စိုးရိမ်။ နီဂရိုးကလဲ သူတံတွေးထွေးမိတာ အားနာ။ ပြီးတော့ နီဂရိုးက I am sooo sorry တဲ့။ သေချာ ကြည့်လိုက်တော့ အဲဒီ နီဂရိုးက မူးနေတာ။ တော်ပါသေးရဲ့ လူကို ရန်မရှာခဲ့လို့။ သူလဲ All right All right လို့ ပြောပြီး ခပ်သွက်သွက် ထွက်ခွါခဲ့ရလေ၏။ 

ခြုံကြည့်လိုက်တော့ မိုးရေကြောင့် သူ၏ လောင်းကုတ်အင်္ကျီ စိုရွှဲခဲ့၏။ ကလေးတွေရဲ့ သင်္ကြန်သေနတ်ကြောင့်လဲ သူ၏ လောင်းကုတ် စိုရွှဲခဲ့ရလေ၏။ ထို့နောက် နီဂရိုး၏ တံတွေးစကြောင့်လဲ သူ၏ လောင်းကုတ် အစိုဓါတ်ဝင်ခဲ့ရလေ၏။ ထိုနောက် သူလဲ ကြံကြံဖန်ဖန် စဉ်းစားမိလေ၏။ "တစ်ရက်ထဲ အချိန်ပိုင်းလေး အတွင်းမှာ အသွင်မတူတဲ့ သင်္ကြန်သုံးမျိုး အကျခံခဲ့ရပါပေါ့လား" ဟူ၍။  ။

.

Tuesday 5 July 2011

ဆာနာမံတော်နှင့် သူ၏ ၀က်စ်မင်စတာ ပုံပြင် (ဇာတ်သိမ်း)

စာမေးပွဲ ခန်းထဲ မ၀င်မီ လောင်းကုတ်တွေကို အခန်းတစ်ခုထဲမှာ ချွတ်ထားရသည်။ စာမေးပွဲအခန်းထဲ မ၀င်ခင် အခန်းစောင့်က မင်း အပေါ့အလေး သွားခဲ့ပြီးပြီလားတဲ့။ ဒီထဲ ၀င်ပြီးရင် စာမေးပွဲ မပြီးမချင်း မထွက်ရတော့ဘူးတဲ့။ ဟုတ်ကဲ့။ သွားခဲ့ပြီးပါပြီ ပေါ့။ ဒါနဲ့ မနက် ၉ နာရီခွဲလောက်မှာ Listening test စတင်သည်။ နားထောင်ရင်း ကွက်လပ်ဖြည့်ဖို့ မေးခွန်းပေပါကို တစ်ယောက်တစ်ခုစီ လာဝေငှသည်။ ကွက်လပ် ၄၀ ပါသည်။ ကွက်လပ်ဖြည့်ဖို့ စီဒီ ဖွင့်ပေးသည်။ စတင်ပြီ ဆိုကထဲက စီဒီအသံက မရပ်မနား ဒလစပ် သွားတော့သည်။ သူလဲ လိုက်မီရာ စကားလုံးများကို ကွက်လပ်ထဲ လိုက်ရေးသည်။ လက်ရေးနှေးသည့် ဒုက္ခကို လှလှကြီး ခံရသည်။ ပထမ ကွက်လပ် ဖြည့်လို့မှ မပြီးခင် နောက် ကွက်လပ်တစ်ခုသို့ အသံက ရောက်သွားသည်။ မှတ်မှတ်ရရ ကွက်လပ်တစ်ခု၌ Newspaper ကို ဖြည့်ရမည် ဖြစ်သည်။ သို့သော် သူသည် News Paper လား Newspaper လားဆိုသည်ကို စဉ်းစားနေခိုက် အသံက ထိုကွက်လပ်ကို ကျော်လွန်သွားပြန်လေသည်။ နောက်တစ်ခုက Dinner တဲ့။ သူလဲ Diner လား Dinner လား စဉ်းစားနေမိပြန်သည်။ စီဒီအသံက ဆက်သွားမြဲ။  မောလိုက်သည့် ဖြစ်ခြင်း။ လစ်စင်းနင်းတက်စ် ပြီးသွားပြီ။ အကွက် ၄၀ လုံးတော့ ဖြီးလိုက်သည်။ အဲ... ဖြည့်လိုက်သည်။

ခဏနားပြီးတော့ Reading က တစ်နာရီ၊ Writing က တစ်နာရီ ဆက်တိုက် မနားတမ်း ဖြေဆိုရသည်။ မေးခွန်း ၄၀ စီ ဖြစ်သည်။ စာမေးပွဲကြီးကြပ်သူက စ တော့ ဆိုမှ စတင်ဖြေဆိုရသည်။ ရပ် ဆိုရင် ခဲတံတွေ တန်းပြီး ခုံပေါ်ချရသည်။ ဆက်ရေးရင် ခိုးဖြေမှုတဲ့။ ကြောက် ကြောက်ရသေး။ ဒါနဲ့ဘဲ ဒိတ်ကုန်နေတဲ့ မီးရထား စက်ခေါင်းကြီး အဆွဲခံရတဲ့ ရထားတွဲအိုတွေလို အိပဲ့အိပဲ့နဲ့ လစ်စင်းနင်း ရီ့ဒင်း ရိုက်တင်း တွေ ပြီးသွားသည်။ Speaking Test က အလှည့်ကျဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အချိန် မတူကြတော့။ Examiner လေးငါးယောက်လောက်ရှိသည်။ စာမေးပွဲဖြေဆိုသူတွေက များသည်။ ထို့ကြောင့် အလှည့်ကျ စနစ်ဖြင့် တစ်ယောက်ကို ၁၅ မိနစ်ခန့် Speaking test ကို ဖြေဆိုရသည်။

အားလပ်ချိန် ရတဲ့အခါလေး အနီးအနားရှိ ဟန်ဘာဂါဆိုင်မှာ ဘာဂါသွားမှာစားသည်။ ဆိုင်ထဲ ၀င်ပြီး ကောင်တာနားရောက်သည်ထိ ဘယ်လို မှာရမှန်းမသိ။ မသိဆို အရင်ကထဲက ဆိုင်တွေမှာ ၀ယ်စားဖူးတာမှ မဟုတ်ဘဲ။ ဒါနဲ့ ဆိုင်နံရံမှာ ကပ်ထားတဲ့ ဓါတ်ပုံကြီးတွေကိုဘဲ လက်ညှိုးထိုးပြီး I will take that one လို့ လုပ်ရတော့တာပေါ့။ ဒါနဲ့ ၀ိတ်တာက သူ့ကို မေးသည်။ Eat in or eat out? တဲ့။ ဘာပြောလိုက်မှန်း သူမသိ။ ဒါနဲ့ ငေါင်တောင်တောင် ယောင်ချာချာ ဖြစ်နေတဲ့သူ့ကို Would you like to eat here or would you like takeaway? လို့ ထပ်မေးပြန်သည်။ ဒီတော့မှ သူ သဘောပေါက်သွားသည်။ အဲဒီတော့မှ I want to eat here လို့ ဖြေလိုက်ရပါပကော။ စိတ်ထဲကတော့ စာပွဲထိုးလေးရယ် ဘာဖြစ်လို့ ၀ါကျတိုတိုလေး မေးရတာလဲ၊ ၀ါကျရှည်ရှည် မေးပါတော့လား၊ ငါတို့က ၀ါကျအရှည်ကြီးတွေ ကျက်ပြီး အင်္ဂလန်လာခဲ့ကြတာ ဟု တိုးတိုးလေး သူ့ကိုယ်သူ ကြားရုံမျှ ပြောနေလေတော့၏။ 

ဟုတ်တယ်လေ။ ဘုန်းကြီးဆိုတော့လဲ ကိုရင်ဘ၀ကထဲက ၀ါကျရှည်ရှည်တွေ ကျက်မှတ်ခဲ့ရတာ မဟုတ်လား။ ဥပမာ။ တတြာယမာဒိကို ရုပ်တွက်တဲ့အခါမှာ.... တတြာယမာဒိကို တတြ+အယံ+အာဒိ ဟူ၍ ပုဒ်ဖြတ်၍တည် လို့ ဆိုရင် ပြီးရဲ့သားနဲ့ အဲဒီလို မဆိုဘဲ တတြာယမာဒိကို မြတ်စွာဘုရားပါဠိတော်အား လျောက်ပတ်စွာ တတြာ+အယံ+အာဒိ ဟူ၍ ပုဒ်ဖြတ်၍တည် လို့ ဆိုခဲ့ရသည်လေ။ ပြီးတော့ ဂုဏ်တော်ကိုးပါး ဘုရားရှိခိုး၊ အစိန္တေယျဘုရားရှိခိုးတွေကိုလဲ ကြည့်လိုက်ဦး။ ရှည်မှ ရှည်။ ကဲ.. ဒါတွေ ထားတော့။

ညနေ သုံးနာရီလောက်ကျတော့ သူ့အလှည့် စပိကင်းတက်စ် ရောက်လာသည်။ ဆရာနဲ့ တစ်ယောက်ချင်း အမေးအဖြေလုပ်ရသည်။ ဆရာက ကက်ဆက်နဲ့ အသံဖမ်းထားသည်။ ရောက်ရောက်ချင်း ဆရာက အလ္လာပသလ္လာပ စကားစမြည်ပြောသည်။ ရှိုးတိုးရှန့်တန့်မဖြစ်ဖို့ ဖြစ်သည်။ သို့သော် သူ့လက်တွေက အေးစက်နေသည်။ ချွေးစေးလေးတွေကလဲ ထွက်နေသေးသည်။ အဲဒီလောက်ထိ သတ္တိကောင်းမှန်း သူ့ကိုယ်သူ အဲဒီတော့မှ သိခွင့်ရသည်။ ဟိုမေးသည်မေးနဲ့ စုံအောင်မေးပြီးတော့ နောက်ဆုံး အဓိကအနေနဲ့ ပန်းပု ပညာရပ် အကြောင်းကို မေးသည်။ ပန်းပုပညာကို မင်း ဘယ်လို မြင်သလဲတဲ့။

ခက်ချေပြီ။ ဘုန်းကြီးနဲ့ ပန်းပုပညာ ဘာမှမဆိုင်တာ။ ဒါနဲ့ သူ့ကို ပြောလိုက်ရသည်။ ငါက ဘုန်းကြီး စာသင်စာချဘဲ သိတာ ကျန်တာ မသိဘူး။ ပန်းပုနဲ့ ဘုန်းကြီးနဲ့လဲ ဘာမှ မအပ်စပ်ဖူး ဆိုပြီး မပီကလာ ပီကလာ အင်္ဂလိပ်စကားလေးဖြင့် ပြောလိုက်ရသည်။ ဒါပေမဲ့ ဆရာကလဲ ခေသူမဟုတ် သုံးခါလောက်တိတိ ကြိုးစားဖြေကြည့်ပါဦးတဲ့။ ဒါပေမဲ့ သူလဲ မရှိဘူး မသိဘူး လာမမေးနဲ့ဆိုတဲ့သဘောမျိုး ထပ်တွန့်လိုက်ရတော့သည်။ ဖမ်းထားတဲ့အသံတွေ သူတို့ ပြန်နားထောင်ရင်တော့ တ၀ါးဝါး ဖြစ်ကြမှာ သေချာလှသည်။

စာမေးပွဲဖြေပြီးလို့ နှစ်ပတ်တိတိမှာ အောင်ဂဇက်ထွက်ပေးသည်။ အိမ်တိုင်ရာရောက် စာတိုက်ကတစ်ဆင့် လက်မှတ်ကို ပို့ပေးသည်။ စာအိပ်ကို ဖောက်ပြီး ဖြည်းဖြည်းချင်း ပေါ်ကာဒေါင်းသလို ဆွဲကြည့်လိုက်တော့ Band 5.5 တဲ့။ မှတ်ကရော။ တက္ကသိုလ်က အနည်းဆုံး ၆.၀လောက်ရမှ တက်ခွင့်ရမှာ မဟုတ်လား။

ဒါနဲ့ တစ်ခြား IELTS ဖြေဆိုဖူးတဲ့သူတွေကို ဖြေပုံဖြေနည်း မေးကြည့်ဖြစ်သည်။ စကားပြောတက်စ်မှာ မသိဘူး မရှိဘူး မဖြေရဘူးတဲ့။ ရသလောက် ရွှီးရမယ်တဲ့။ သူတို့ စကားပြောစွမ်းရည်ကို စမ်းသပ်တာတဲ့။ အကြောင်းအရာကို အဓိက မထားဘူးတဲ့။

ဒါနဲ့ နောက်ထပ် ထပ်ဖြေလို့ ကြိုးစားကြပြန်သည်။ အားလုံးပေါ့။ စုစုပေါင်း ၄ ပါး။ ဒီတစ်ခါတော့ နဲနဲ လည်သွားသည်။ လစ်စင်းနင်း ရီ့ဒင်း ရိုက်တင်းတွေ ပြီးတော့ စပိကင်း ရောက်လာပြန်သည်။ မေးတဲ့ မေးခွန်းတွေက ပိုများသလား အောက်မေ့ရသည်။ စက်ဘီးစီးခြင်းတဲ့။ ရုပ်ရှင်ကြည့်ခြင်းတဲ့။ ဈေးဝယ်ထွက်ခြင်းတဲ့။ အဓိက မေးခွန်းကြီးကတော့ ကလေးတွေ တီဗီကြည့်ခြင်း တဲ့။ အဲဒါတွေရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို မေးသည်။ သူလဲ အကုန် ရွှီးချခဲ့တော့သည်။ နဂို ပထမပြန်စာမေးပွဲမှာ ကထဲက မသိတာကို မသိတဲ့အတိုင်း မထားခဲ့ဘဲ ရွှီးခဲ့ဖူးသည်လေ။ 

ဒီတစ်ခါတော့ မဆိုးပေဘူး ပြောရမည်ထင့်။ နှစ်ပတ်လောက်အကြာမှာ ထုံးစံအတိုင်း အောင်ဂဇက် အိမ်တိုင်ရာရောက် ရောက်လာသည်။ ဖွင့်ကြည့်လိုက်တော့ Overall band 6.0 တဲ့။ ရှင်းရှင်း ပြောရရင်တော့ အဲဒီ ၆.၀ နဲ့ဘဲ လန်ဒန်တက္ကသိုလ်ကို ချိတ်ဆက်မိနိုင်ခဲ့သည်။ သို့သော် တိုက်ရိုက်တော့ မဟုတ်။ လန်ဒန်တက္ကသိုလ် အင်္ဂလိပ်စာ သင်တန်း နှစ်လတိတိ အင်တင်းဆစ်ဗ် တက်ခဲ့ရသေးသည်။ ပြီးမှ မာစတာ ဆက်သွားသည်။ အချုပ်အားဖြင့် ဆိုရပါမူ ၀က်စ်မင်စတာ တက္ကသိုလ်ရဲ့ ကျေးဇူးကြောင့် လန်ဒန်တက္ကသိုလ် တက်ခွင့်ရခဲ့သည် မဟုတ်ပါလော။ ။

ဤတွင် ဆာနာမံတော်နှင့် သူ၏ ၀က်စ်မင်စတာ ပုံပြင် နိဂုံးကမ္ပတ် အဆုံးသတ်လေသတည်း။  ။

*** Picture from Google Search

.

Friday 1 July 2011

ရွတ်ဖတ်ပြီးရာ အဘိဓမ္မာ

အချိန်နဲနဲရတာနဲ့ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ချင်စိတ်ပေါက်လာတယ်။ ဒါကြောင့် မတ်ခ်ျလ ၂၂ ရက်နေ့စပြီး ပဋ္ဌာန်းပါဠိတော်ပထမအုပ်ကို စတင်ရွတ်ဖတ်ဖြစ်တယ်။ မနက်ပိုင်းကို စာမျက်နှာ ၅၀၊ နေ့လည်ပိုင်းကို စာမျက်နှာ ၅၀၊ တစ်ရက်ကို စာမျက်နှာ ၁၀၀ ရွတ်ဖတ်ပူဇော်ဖြစ်ပါတယ်။ အေပရယ်လ် ၁၆ ရက်နေ့ (သင်္ကြန်အတက်နေ့)မှာ ပဋ္ဌာန်း ၅ အုပ် ရွတ်ဖတ်ပူဇော်လို့ ပြီးသွားပါတယ်။

ပဋ္ဌာန်း ၅ အုပ်ပြီးသွားတော့ အဘိဓမ္မာ ၇ ကျမ်းလုံး ရွတ်ဖတ်ချင်ပူဇော်ချင်စိတ် ပေါက်လာတယ်။ ဒါနဲ့ အေပရယ်လ် ၁၉ ရက်နေ့ကစပြီး ဓမ္မသင်္ဂဏီပါဠိတော်ကို ဆက်ရွတ်ဖတ်ဖြစ်တယ်။ တစ်ရက်ကို စာမျက်နှာ ၅၀ ဘဲ ရွတ်ဖတ်ဖြစ်တယ်။ နေ့လည်ပိုင်းမှာ ရွတ်ဖတ်တာပါ။ အေပရယ်လ် ၂၄ ရက်နေ့မှာ ဓမ္မသင်္ဂဏီပါဠိတော်စာအုပ် ရွတ်ဖတ်ပူဇော်လို့ ပြီးသွားတယ်။ 

အေပရယ်လ် ၂၅ ရက်နေ့မှာ ၀ိဘင်္ဂပါဠိတော်ကို စတင်ရွတ်ဖတ်ဖြစ်တယ်။ အချိန်အခြေအနေအရ တစ်ရက်ကို စာမျက်နှာ ၄၀ ဘဲ ရွတ်ဖတ်နိုင်တော့တယ်။ မေလ ၅ ရက်နေ့မှာ ၀ိဘင်္ဂပါဠိတော် ရွတ်ဖတ်လို့ ပြီးသွားတယ်။ 

တစ်ရက်ကို စာမျက်နှာ ၄၀ နဲ့.....
ဓါတုကထာနှင့်ပုဂ္ဂလပညတ္တိပါဠိတော်ကို  မေလ ၇ ရက်မှ မေလ ၁၀ ရက်။
ကထာဝတ္ထုပါဠိတော်ကို မေလ ၁၁ ရက်မှ မေလ ၃၁ ရက်။
ယမကပါဠိတော် ပထမအုပ်ကို ဇွန်လ ၁ ရက်မှ ဇွန်လ ၁၂ ရက်။
ယမကပါဠိတော် ဒုတိယအုပ်ကို ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၁ ရက်။
ယမကပါဠိတော် တတိယအုပ်ကို ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၁ ရက်။

အဘိဓမ္မာ ၇ ကျမ်းလုံးအတွက် (မတ်ခ်ျလ ၂၂ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့ထိ) ၁၀၂ ရက်တိတိ ရွတ်ဖတ် ပူဇော် ဖြစ်ပါတယ်။ 

စာကြည့်ချိန် များများ ပေးရတော့မှာ ဖြစ်ပေမဲ့ သုတ်  ၃ ကျမ်းကို ဆက်လက် ရွတ်ဖတ်ပူဇော်ဖို့ ပြင်ဆင်နေမိပါတယ်။ ဖြေးဖြေးမှန်မှန်တော့ ရွတ်ဖတ်ပူဇော်ဖြစ်မယ် ထင်ပါတယ်။ 

ဤသို့ အဘိဓမ္မာ ၇ ကျမ်းကို ရွတ်ဖတ်ပူဇော်ခဲ့တဲ့ ကုသိုလ်ဇောစေတနာတွေကို စာလာဖတ်သူနှင့် ၃၁ ဘုံသားအားလုံးတို့အား အမျှပေးဝေပါ၏။ အားလုံး သာဓုခေါ်ပြီး ကုသိုလ်အမျှ ယူကြကုန်လော့။  ။

...