Tuesday 5 November 2013

မယ်တော်ကြီးနေ့

မြန်လိုက်တာ။ မြန်လိုက်တာ။ အချိန်တွေ အကုန်မြန်လိုက်တာ။ ၁၃ နှစ်ဆိုတာ ဘာမှ မကြာလိုက်သလိုပါဘဲလား။ မျက်စိထဲမှာ မနေ့တနေ့ကအတိုင်း အထင်းသားပါဘဲလား။

 နောက်ဆုံး ထွက်သက်မတိုင်ခင်လေး မိသားစုအပါအ၀င် အားလုံးသော သူတို့ကို ထာဝရနှုတ်ဆက်သည့် အကြည့်ဖြင့်ေ၀၀ါးစွာ ကြည့်နေသည့် မယ်တော်ကြီး။ မယ်တော်ကြီး၏ ခေါင်းရင်းပိုင်း၌ တင်ပလ္လင်ခွေထိုင်နေကြပြီး ဗုဒ္ဓမြတ်စွာ၏ ပရိတ်တရားတော်တို့ကို ညီညွတ်စွာ ရွတ်ဆိုနေကြသည့် သားဦးဇင်းနှစ်ပါး။ မယ်တော်ကြီးကို ၀ိုင်းဝန်းပြီး စိုးရိမ်စွာ ကြည့်ရှုနေကြသည့် မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများ။ 

ထို့နောက် မယ်တော်ကြီး၏ နောက်ဆုံးထွက်သက်။ ပြီးတော့ မိသားစုဝင်များ၏ နှမြောတသစွာ ရှိုက်ကြီးတငင် ငိုကြွေးမှု။ အဲဒီနောက် သားဦးဇင်းနှစ်ပါး၏ သံဝေဂတ၀က် သံယောဇဉ်တ၀က် ရောပြွမ်းနေသည့် မျက်နှာ အစုံနှစ်ခု။ နောက်ဆုံး ရှိုက်သံတွေနဲ့အတူ စကားသံတွေ လျှံထွက်လာကြတယ်၊ မယ်တော်ကြီး မရှိတော့ဘူးတဲ့။

ဘာဆို ဘာမှ မကြာလိုက်သလိုပါဘဲလား။ အဲဒီနေ့ဟာ ဒီနေ့ (တန်ဆောင်မုန်းလဆန်း ၃ ရက်) မှာ ၁၃ နှစ် တင်းတင်း ပြည့်သွားခဲ့ပြီ။ ပျောက်သောသူရှာရင်တွေ့ သေသောသူ ကြာရင်မေ့ ဆိုပေမဲ့ အလွန်ရိုးသားပြီး အလွန်နှုတ်နဲတဲ့ မယ်တော်ကြီးကိုတော့ ဒီတသက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး မယ်တော်ကြီး။ မယ်တော်ကြီး ကောင်းရာမွန်ရာ ဘုံဘ၀မှာ အေးချမ်းစွာ ရပ်တည်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ် မယ်တော်ကြီး။ ဖြစ်နိုင်ရင် ဖြစ်လေရာဘ၀တိုင်းမှာ မယ်တော်ကြီးကိုဘဲ မယ်တော်ကြီး တော်ချင်ပါတယ် မယ်တော်ကြီး။ တကယ် ရင်ထဲက လာတဲ့ ဆန္ဒအစစ်မှန်တွေပါ မယ်တော်ကြီး။

ဒီနေ့ မယ်တော်ကြီးရဲ့ ၁၃ နှစ်မြောက် နှစ်ပတ်လည်ပွဲကို ရွာမှာ ကျင်းပကြတယ်တဲ့။ သားငယ်ဦးဇင်း ဦးစီးပြီး သွားဆောင်ရွက်တာပါ မယ်တော်ကြီး။ သားဦးဇင်းကတော့ အခုထက်ထိ ပြည်ပမှာ ရှိနေတုန်းမို့ အလှူပွဲအတွက် လိုအပ်တာကိုသာ ဖြည့်ဆည်းပေးနိုင်ပြီး ကိုယ်တိုင် မသွားရောက်နိုင်ခဲ့ပါဘူး မယ်တော်ကြီး။ မယ်တော်ကြီး အထိမ်းအမှတ်ပွဲအပြင် ကထိန်ပွဲကိုပါ ကျင်းပကြတယ်တဲ့၊ ၀မ်းသာကြည်နူးစရာ ကောင်းပါတယ် မယ်တော်ကြီး။ သံဃာ ၁၃ ပါးနှင့် ရပ်သူရွာသားအကုန်လုံး၊ ပြီးတော့ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေလဲ လာရောက် အားပေးကြတယ်တဲ့ မယ်တော်ကြီး။ လွန်ခဲ့တဲ့ ၁၃ နှစ်ကနဲ့ နှိုင်းစာရင် ရွာမှာ လူဦးရေတွေ တိုးလာနေပြီတဲ့ မယ်တော်ကြီး။

ရွာထဲမှာလဲ ဟိုတုန်းကလို မှောင်မှောင်မဲမဲ မဟုတ်တော့ဘူးတဲ့ မယ်တော်ကြီး။ ၂၄ နာရီ လျပ်စစ်မီးတွေ ရနေပြီတဲ့ မယ်တော်ကြီး။ ပြီးတော့ ရွာဦးကျောင်းမှာလဲ ဖုန်းလိုင်း နှစ်ခု ရှိနေပြီတဲ့ မယ်တော်ကြီး။ အဲဒီ အကြောင်း စဉ်းစားမိတိုင်း ဟို လွန်ခဲ့တဲ့ ၁၃ နှစ်ကာလတုန်းက မယ်တော်ကြီး အသဲအသန် ဖြစ်နေစဉ်အခါက မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ မြို့ပေါ်က လူကြုံလာတဲ့အခါမှ သားဦးဇင်းတို့ဆီ ခက်ခက်ခဲခဲ ဖုန်းဆက် အကြောင်းကြားခဲ့ရတာကို ပြန်မြင်ယောင်နေမိတယ် မယ်တော်ကြီး။ 

မယ်တော်ကြီးကို အကြောင်းပြုပြီး ကုသိုလ်ပွဲလုပ်ဖြစ်တာကို ကျေးဇူးတင်ပါတယ် မယ်တော်ကြီး။ ရှေ့ဆက်ပြီးလဲ တတ်အားသမျှ မယ်တော်ကြီးအတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေဦးမှာပါ မယ်တော်ကြီး။ မယ်တော်ကြီး သက်ရှိထင်ရှားရှိစဉ်တုန်းက ဘာမှ ရေရေရာရာ ကျေးဇူးဆပ်ခွင့် မရခဲ့တဲ့အတွက် အခုလို ကုသိုလ်လုပ်ခွင့်ရတာလေးကိုဘဲ ကျေနပ်နေမိပါတယ် မယ်တော်ကြီး။ ကုသိုလ်ကောင်းမှု လုပ်ပြီးတိုင်းလဲ မယ်တော်ကြီးကို အမျှပေးဝေလေ့ရှိပါတယ် မယ်တော်ကြီး။ မယ်တော်ကြီးရဲ့ နာမည်ကို တစ်ရက် နှစ်ကြိမ် ခေါ်ပြီး အမျှပေးဝေဖြစ်ပါတယ် မယ်တော်ကြီး။

အခုလို နှစ်ပတ်လည်အလှူကုသိုလ်နှင့် သားဦးဇင်းတို့ ပြုလုပ်တဲ့ ကုသိုလ်တွေကို သာဓုခေါ်ပါ မယ်တော်ကြီး။ သာဓုခေါ်ဆိုပြီး ယခုလက်ရှိဘ၀ထက် ပိုမြတ်မြင့်တဲ့ စည်းစည်ဥစ္စာရာထူးဂုဏ်သိန်တို့ကို ခံစားစံစားနိုင်ပါစေ မယ်တော်ကြီး။ နောက်ဆုံးအနေနဲ့ သန္တိသုခ အငြိမ်းဓါတ်တွေ စုဝေးနေတဲ့ အမြိုက်အရသာထူးကို ရရှိရောက်ရှိနိုင်ပါစေ မယ်တော်ကြီး။

သားဦးဇင်း
အရှင်ဇနက (အင်္ဂါမောင်)
လန်ဒန်

.