စာမေးပွဲ ခန်းထဲ မ၀င်မီ လောင်းကုတ်တွေကို အခန်းတစ်ခုထဲမှာ ချွတ်ထားရသည်။ စာမေးပွဲအခန်းထဲ မ၀င်ခင် အခန်းစောင့်က မင်း အပေါ့အလေး သွားခဲ့ပြီးပြီလားတဲ့။ ဒီထဲ ၀င်ပြီးရင် စာမေးပွဲ မပြီးမချင်း မထွက်ရတော့ဘူးတဲ့။ ဟုတ်ကဲ့။ သွားခဲ့ပြီးပါပြီ ပေါ့။ ဒါနဲ့ မနက် ၉ နာရီခွဲလောက်မှာ Listening test စတင်သည်။ နားထောင်ရင်း ကွက်လပ်ဖြည့်ဖို့ မေးခွန်းပေပါကို တစ်ယောက်တစ်ခုစီ လာဝေငှသည်။ ကွက်လပ် ၄၀ ပါသည်။ ကွက်လပ်ဖြည့်ဖို့ စီဒီ ဖွင့်ပေးသည်။ စတင်ပြီ ဆိုကထဲက စီဒီအသံက မရပ်မနား ဒလစပ် သွားတော့သည်။ သူလဲ လိုက်မီရာ စကားလုံးများကို ကွက်လပ်ထဲ လိုက်ရေးသည်။ လက်ရေးနှေးသည့် ဒုက္ခကို လှလှကြီး ခံရသည်။ ပထမ ကွက်လပ် ဖြည့်လို့မှ မပြီးခင် နောက် ကွက်လပ်တစ်ခုသို့ အသံက ရောက်သွားသည်။ မှတ်မှတ်ရရ ကွက်လပ်တစ်ခု၌ Newspaper ကို ဖြည့်ရမည် ဖြစ်သည်။ သို့သော် သူသည် News Paper လား Newspaper လားဆိုသည်ကို စဉ်းစားနေခိုက် အသံက ထိုကွက်လပ်ကို ကျော်လွန်သွားပြန်လေသည်။ နောက်တစ်ခုက Dinner တဲ့။ သူလဲ Diner လား Dinner လား စဉ်းစားနေမိပြန်သည်။ စီဒီအသံက ဆက်သွားမြဲ။ မောလိုက်သည့် ဖြစ်ခြင်း။ လစ်စင်းနင်းတက်စ် ပြီးသွားပြီ။ အကွက် ၄၀ လုံးတော့ ဖြီးလိုက်သည်။ အဲ... ဖြည့်လိုက်သည်။
ခဏနားပြီးတော့ Reading က တစ်နာရီ၊ Writing က တစ်နာရီ ဆက်တိုက် မနားတမ်း ဖြေဆိုရသည်။ မေးခွန်း ၄၀ စီ ဖြစ်သည်။ စာမေးပွဲကြီးကြပ်သူက စ တော့ ဆိုမှ စတင်ဖြေဆိုရသည်။ ရပ် ဆိုရင် ခဲတံတွေ တန်းပြီး ခုံပေါ်ချရသည်။ ဆက်ရေးရင် ခိုးဖြေမှုတဲ့။ ကြောက် ကြောက်ရသေး။ ဒါနဲ့ဘဲ ဒိတ်ကုန်နေတဲ့ မီးရထား စက်ခေါင်းကြီး အဆွဲခံရတဲ့ ရထားတွဲအိုတွေလို အိပဲ့အိပဲ့နဲ့ လစ်စင်းနင်း ရီ့ဒင်း ရိုက်တင်း တွေ ပြီးသွားသည်။ Speaking Test က အလှည့်ကျဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အချိန် မတူကြတော့။ Examiner လေးငါးယောက်လောက်ရှိသည်။ စာမေးပွဲဖြေဆိုသူတွေက များသည်။ ထို့ကြောင့် အလှည့်ကျ စနစ်ဖြင့် တစ်ယောက်ကို ၁၅ မိနစ်ခန့် Speaking test ကို ဖြေဆိုရသည်။
အားလပ်ချိန် ရတဲ့အခါလေး အနီးအနားရှိ ဟန်ဘာဂါဆိုင်မှာ ဘာဂါသွားမှာစားသည်။ ဆိုင်ထဲ ၀င်ပြီး ကောင်တာနားရောက်သည်ထိ ဘယ်လို မှာရမှန်းမသိ။ မသိဆို အရင်ကထဲက ဆိုင်တွေမှာ ၀ယ်စားဖူးတာမှ မဟုတ်ဘဲ။ ဒါနဲ့ ဆိုင်နံရံမှာ ကပ်ထားတဲ့ ဓါတ်ပုံကြီးတွေကိုဘဲ လက်ညှိုးထိုးပြီး I will take that one လို့ လုပ်ရတော့တာပေါ့။ ဒါနဲ့ ၀ိတ်တာက သူ့ကို မေးသည်။ Eat in or eat out? တဲ့။ ဘာပြောလိုက်မှန်း သူမသိ။ ဒါနဲ့ ငေါင်တောင်တောင် ယောင်ချာချာ ဖြစ်နေတဲ့သူ့ကို Would you like to eat here or would you like takeaway? လို့ ထပ်မေးပြန်သည်။ ဒီတော့မှ သူ သဘောပေါက်သွားသည်။ အဲဒီတော့မှ I want to eat here လို့ ဖြေလိုက်ရပါပကော။ စိတ်ထဲကတော့ စာပွဲထိုးလေးရယ် ဘာဖြစ်လို့ ၀ါကျတိုတိုလေး မေးရတာလဲ၊ ၀ါကျရှည်ရှည် မေးပါတော့လား၊ ငါတို့က ၀ါကျအရှည်ကြီးတွေ ကျက်ပြီး အင်္ဂလန်လာခဲ့ကြတာ ဟု တိုးတိုးလေး သူ့ကိုယ်သူ ကြားရုံမျှ ပြောနေလေတော့၏။
ဟုတ်တယ်လေ။ ဘုန်းကြီးဆိုတော့လဲ ကိုရင်ဘ၀ကထဲက ၀ါကျရှည်ရှည်တွေ ကျက်မှတ်ခဲ့ရတာ မဟုတ်လား။ ဥပမာ။ တတြာယမာဒိကို ရုပ်တွက်တဲ့အခါမှာ.... တတြာယမာဒိကို တတြ+အယံ+အာဒိ ဟူ၍ ပုဒ်ဖြတ်၍တည် လို့ ဆိုရင် ပြီးရဲ့သားနဲ့ အဲဒီလို မဆိုဘဲ တတြာယမာဒိကို မြတ်စွာဘုရားပါဠိတော်အား လျောက်ပတ်စွာ တတြာ+အယံ+အာဒိ ဟူ၍ ပုဒ်ဖြတ်၍တည် လို့ ဆိုခဲ့ရသည်လေ။ ပြီးတော့ ဂုဏ်တော်ကိုးပါး ဘုရားရှိခိုး၊ အစိန္တေယျဘုရားရှိခိုးတွေကိုလဲ ကြည့်လိုက်ဦး။ ရှည်မှ ရှည်။ ကဲ.. ဒါတွေ ထားတော့။
ညနေ သုံးနာရီလောက်ကျတော့ သူ့အလှည့် စပိကင်းတက်စ် ရောက်လာသည်။ ဆရာနဲ့ တစ်ယောက်ချင်း အမေးအဖြေလုပ်ရသည်။ ဆရာက ကက်ဆက်နဲ့ အသံဖမ်းထားသည်။ ရောက်ရောက်ချင်း ဆရာက အလ္လာပသလ္လာပ စကားစမြည်ပြောသည်။ ရှိုးတိုးရှန့်တန့်မဖြစ်ဖို့ ဖြစ်သည်။ သို့သော် သူ့လက်တွေက အေးစက်နေသည်။ ချွေးစေးလေးတွေကလဲ ထွက်နေသေးသည်။ အဲဒီလောက်ထိ သတ္တိကောင်းမှန်း သူ့ကိုယ်သူ အဲဒီတော့မှ သိခွင့်ရသည်။ ဟိုမေးသည်မေးနဲ့ စုံအောင်မေးပြီးတော့ နောက်ဆုံး အဓိကအနေနဲ့ ပန်းပု ပညာရပ် အကြောင်းကို မေးသည်။ ပန်းပုပညာကို မင်း ဘယ်လို မြင်သလဲတဲ့။
ခက်ချေပြီ။ ဘုန်းကြီးနဲ့ ပန်းပုပညာ ဘာမှမဆိုင်တာ။ ဒါနဲ့ သူ့ကို ပြောလိုက်ရသည်။ ငါက ဘုန်းကြီး စာသင်စာချဘဲ သိတာ ကျန်တာ မသိဘူး။ ပန်းပုနဲ့ ဘုန်းကြီးနဲ့လဲ ဘာမှ မအပ်စပ်ဖူး ဆိုပြီး မပီကလာ ပီကလာ အင်္ဂလိပ်စကားလေးဖြင့် ပြောလိုက်ရသည်။ ဒါပေမဲ့ ဆရာကလဲ ခေသူမဟုတ် သုံးခါလောက်တိတိ ကြိုးစားဖြေကြည့်ပါဦးတဲ့။ ဒါပေမဲ့ သူလဲ မရှိဘူး မသိဘူး လာမမေးနဲ့ဆိုတဲ့သဘောမျိုး ထပ်တွန့်လိုက်ရတော့သည်။ ဖမ်းထားတဲ့အသံတွေ သူတို့ ပြန်နားထောင်ရင်တော့ တ၀ါးဝါး ဖြစ်ကြမှာ သေချာလှသည်။
စာမေးပွဲဖြေပြီးလို့ နှစ်ပတ်တိတိမှာ အောင်ဂဇက်ထွက်ပေးသည်။ အိမ်တိုင်ရာရောက် စာတိုက်ကတစ်ဆင့် လက်မှတ်ကို ပို့ပေးသည်။ စာအိပ်ကို ဖောက်ပြီး ဖြည်းဖြည်းချင်း ပေါ်ကာဒေါင်းသလို ဆွဲကြည့်လိုက်တော့ Band 5.5 တဲ့။ မှတ်ကရော။ တက္ကသိုလ်က အနည်းဆုံး ၆.၀လောက်ရမှ တက်ခွင့်ရမှာ မဟုတ်လား။
ဒါနဲ့ တစ်ခြား IELTS ဖြေဆိုဖူးတဲ့သူတွေကို ဖြေပုံဖြေနည်း မေးကြည့်ဖြစ်သည်။ စကားပြောတက်စ်မှာ မသိဘူး မရှိဘူး မဖြေရဘူးတဲ့။ ရသလောက် ရွှီးရမယ်တဲ့။ သူတို့ စကားပြောစွမ်းရည်ကို စမ်းသပ်တာတဲ့။ အကြောင်းအရာကို အဓိက မထားဘူးတဲ့။
ဒါနဲ့ နောက်ထပ် ထပ်ဖြေလို့ ကြိုးစားကြပြန်သည်။ အားလုံးပေါ့။ စုစုပေါင်း ၄ ပါး။ ဒီတစ်ခါတော့ နဲနဲ လည်သွားသည်။ လစ်စင်းနင်း ရီ့ဒင်း ရိုက်တင်းတွေ ပြီးတော့ စပိကင်း ရောက်လာပြန်သည်။ မေးတဲ့ မေးခွန်းတွေက ပိုများသလား အောက်မေ့ရသည်။ စက်ဘီးစီးခြင်းတဲ့။ ရုပ်ရှင်ကြည့်ခြင်းတဲ့။ ဈေးဝယ်ထွက်ခြင်းတဲ့။ အဓိက မေးခွန်းကြီးကတော့ ကလေးတွေ တီဗီကြည့်ခြင်း တဲ့။ အဲဒါတွေရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို မေးသည်။ သူလဲ အကုန် ရွှီးချခဲ့တော့သည်။ နဂို ပထမပြန်စာမေးပွဲမှာ ကထဲက မသိတာကို မသိတဲ့အတိုင်း မထားခဲ့ဘဲ ရွှီးခဲ့ဖူးသည်လေ။
ဒီတစ်ခါတော့ မဆိုးပေဘူး ပြောရမည်ထင့်။ နှစ်ပတ်လောက်အကြာမှာ ထုံးစံအတိုင်း အောင်ဂဇက် အိမ်တိုင်ရာရောက် ရောက်လာသည်။ ဖွင့်ကြည့်လိုက်တော့ Overall band 6.0 တဲ့။ ရှင်းရှင်း ပြောရရင်တော့ အဲဒီ ၆.၀ နဲ့ဘဲ လန်ဒန်တက္ကသိုလ်ကို ချိတ်ဆက်မိနိုင်ခဲ့သည်။ သို့သော် တိုက်ရိုက်တော့ မဟုတ်။ လန်ဒန်တက္ကသိုလ် အင်္ဂလိပ်စာ သင်တန်း နှစ်လတိတိ အင်တင်းဆစ်ဗ် တက်ခဲ့ရသေးသည်။ ပြီးမှ မာစတာ ဆက်သွားသည်။ အချုပ်အားဖြင့် ဆိုရပါမူ ၀က်စ်မင်စတာ တက္ကသိုလ်ရဲ့ ကျေးဇူးကြောင့် လန်ဒန်တက္ကသိုလ် တက်ခွင့်ရခဲ့သည် မဟုတ်ပါလော။ ။
ဤတွင် ဆာနာမံတော်နှင့် သူ၏ ၀က်စ်မင်စတာ ပုံပြင် နိဂုံးကမ္ပတ် အဆုံးသတ်လေသတည်း။ ။
*** Picture from Google Search
*** Picture from Google Search
.
No comments:
Post a Comment