Saturday 14 November 2015

မယ်တော်ကြီးနှစ်ပတ်လည်

ဘာလိုလိုနဲ့ မယ်တော်ကြီးဆုံးသွားတာ ဒီနေ့ (၁၃၊၁၁၊၂၀၁၅) ဆို ၁၅ နှစ် တင်းတင်း ပြည့်ခဲ့ပြီကော။ ၁၅ နှစ်ဆိုတဲ့ နှစ်ကာလဟာ ခဏလေးနဲ့ ကုန်ဆုံးသွားသလိုလိုပါဘဲ။ ဆုံးပြီးချင်း လူ့ဘ၀ ပြန်ရခဲ့ရင် ၁၅ နှစ်သား/သမီး အရွယ် ရှိရောပေါ့။ နေ့စဉ်နဲ့အမျှ အမှတ်ရနေပြီး နေ့စဉ်နေ့တိုင်းဘဲ မယ်တော်ကြီးနာမည်ကို ခေါ်ပြီး အမျှဝေပေးနေလျှက်ပါဘဲ။ 

ဒီနေ့ဆို ရန်ကုန်က ညီမောင်ကတော့ ရွာကို ခဏပြန်သွားပြီး နှစ်စဉ်ပြုလုပ်နေကျ မယ်တော်ကြီး နှစ်ပတ်လည် ကုသိုလ်ပြုအမျှဝေပွဲကို လုပ်နေလေရဲ့။ ကိုယ်တိုင်ကတော့ အဝေးရောက်နေတော့ လူအားဖြင့် မလိုက်ပါနိုင်ဘူးပေါ့။ သားဦးဇင်းတွေနဲ့တကွ မိသားစုဝင်တွေရဲ့ ကုသိုလ်ကောင်းမှုတွေကို မယ်တော်ကြီး သာဓုခေါ်ဆိုနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ 

Water Aid ကို လစဉ် နိုင်သလောက် ကုသိုလ်ပြုထားပါတယ်။
British Red Cross ကိုလဲ လစဉ်နိုင်သလောက် ကုသိုလ်ထည့်ဝင်ထားပါတယ်။
Action Medical Research for Children ကိုလဲ မကြာမကြာ အလှူထည့်ဝင်ဖြစ်ပါတယ်။
တခြားပရဟိတအသင်းအဖွဲ့များကိုလဲ တနိုင်တပိုင် ပေးလှူဖြစ်ပါတယ်။
ဒီနေ့မှာလဲ ကူညီကယ်ဆယ်ရေး ပရဟိတအသင်းတွေက အလှူခံစာတွေ ရောက်လာလို့ နိုင်သလောက် ထည့်ဝင် ပေးပို့ လှူဒါန်းထားပါတယ်။ 

စားဝတ်နေရေး ကျန်းမာရေးစတဲ့ အဓိကအရေးတွေ ဖြေရှင်းပေးနေကြတဲ့ ပရဟိတ အဖွဲ့အစည်းတွေမို့ လှူရတာ အကျိုးရှိပါတယ်။

သားဦးဇင်းပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေ အားလုံးကို မယ်တော်ကြီးအား အမျှပေးဝေပါတယ်။ မယ်တော်ကြီး ရောက်ရာဘ၀ ဘုံဌာနအရပ်က သာဓုခေါ်ဆိုနိုင်ပြီး အမျှရနိုင်ပါစေ။ 

ရောက်ရာဘ၀ ဖြစ်ရာဘ၀မှာ..
စားဝတ်နေရေး အဆင်ပြေပါစေ။
အငတ်ဘေးနဲ့ မကြုံတွေ့ပါရစေနဲ့။
ကျန်းမာရေး ကောင်းမွန်ပါစေ။
ကောင်းမွန်တဲ့ ရသင့်ရထိုက်တဲ့ ကုသိုလ်ရဲ့ အကျိုးတွေ ရယူနိုင်ပါစေ။
အများအကျိုး သန့်ရှင်းစွာ ဆောင်ရွက်နိုင်ပြီး ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ဖြစ်တဲ့ အမတပြည်သို့ လျှောက်လှမ်းနိုင်ပါစေ။

.