Wednesday 16 November 2011

ရေ

ငြီးတွားရင်း
စီးဆင်းခဲ့ရပေမဲ့
ခရီးရောက်တော့ ပျော်ပါတယ်။

ဘယ်နေရာရောက်ရောက်
အကောက် အဖြောင့်
လေးထောင့် တြိဂံ
ပဉ္စဂံ အ၀ိုင်း
ရေအတိုင်း ကျင့်ခဲ့ပါတယ်။

ချောင်းထဲမှာ
ဆူးရှိမယ် မျော့ရှိမယ်
အဆီးအတားရှိမယ်
အပိတ်အပင်ရှိမယ်
အန္တရာယ်ရှိမယ်
ရန်စွယ်ရှိမယ်။

ခရီးက
ဆိုးမယ်
ကြမ်းမယ်
လေမုန်တိုင်းထန်မယ်
ဝဲဂယက်ထမယ်။

ဒါပေမဲ့
ရေ ဘဲလေ
ပုံစံခွက်ထဲ အလိုက်အထိုက် နေတတ်ခဲ့တယ်။

ငြီးတွားရင်း
စီးဆင်းခဲ့ရပေမဲ့
ခရီးရောက်တော့ ပျော်ပါတယ်။



Friday 11 November 2011

ခေတ်သြဇာ

ရွှေအိုရောင် အားကိုးနဲ့
ဒီသံသရာကြိုးကို ထိုးဖျက်မယ်ကြံခါမှ
မိုးတွေက တသဲသဲ
လေတွေက တရှဲရှဲ။


ပိုးဖျက်ဆေး မသွန်းခဲ့လို့
ကျွန်းလယ်ဗဟိုနန်းမှာ
ကောက်စိုက်သမ လှပျိုဖျန်းတို့
ငိုပန်းဆင်နေခဲ့ရပြီ။


သိတယ် မဟုတ်လား
အခုဆို
ငါတို့ ရွှေပြည်ကထွက်တဲ့
ဝေလေလေ လယ်ယာကွက်တွေလဲ
မြေသြဇာ မတက်ကြတော့ဘူး။


မှတ်ချက်။ 
တစ် ခြောက်လုံး (၁၁.၁၁.၁၁) မှာ အမှတ်တရလေး ကျန်ရစ်ခဲ့ရအောင်ရယ်ပါ။

.

Monday 7 November 2011

မန်ချက်စတာမြို့ မြန်မာဘုန်းတော်ကြီးကျောင်း ကထိန်ပွဲ

၀၅.၁၁.၂၀၁၁ စနေနေ့။
စာရေးသူတို့အုပ်စု မန်ချက်စတာမြို့ကို ချီတက်ကြတယ်။ ၆ ရက်နေ့မှာ ကထိန်ပွဲရှိလို့ပါ။ လန်ဒန်မြို့က သံဃာ ၆ ပါး၊ ဆန်းဒါးလင်းက ၁ ပါး၊ သီရိလင်္ကာကျောင်းက ၁ ပါး၊ ကျောင်းအခံ ၁ ပါး၊ စုစုပေါင်း ၉ ပါး မန်ချက်စတာ မြန်မာကျောင်းမှာ ဆုံဖြစ်ကြတယ်။ 

လန်ဒန်နဲ့ မန်ချက်စတာက မိုင်နှစ်ရာလောက် ဝေးပါတယ်။ လန်ဒန်ကနေ Virgin Train နဲ့ သွားပါတယ်။ နှစ်နာရီ ကျော်ကျော်လောက်ဘဲ စီးရပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ရထားမျိုး ရှိရင် သိပ်ကောင်းမှာဘဲလို့ စိတ်ထဲ အောက်မေ့မိတယ်။

ညနေ ၅ နာရီ လန်ဒန်မြို့ လန်ဒန်ယူစတန် ဘူတာရုံကနေ ထွက်ခွါပြီး ည ၇ နာရီခွဲလောက်မှာ  မန်ချက်စတာကို ရောက်ပါတယ်။ ဘူတာရုံမှာ ကားအဆင်သင့် ကြိုဆိုနေကြတယ်။ ကျောင်းကို ည ၈ နာရီလောက်မှာ ရောက်ပါတယ်။

နောက်တစ်နေ့ (တနင်္ဂနွေနေ့) နေ့လည်ပိုင်းမှာ ကထိန်ပွဲ ကျင်းပပါတယ်။ မြို့အတွင်းက ဟောခန်းတစ်ခုမှာ ကျင်းပတာပါ။ အဲဒီ ဟောခန်းမှာဘဲ ဆွမ်းဆက်ကပ်ကြပါတယ်။ အခမ်းအနားကို နေ့လည် တစ်နာရီလောက်မှာ စပြီး ညနေ သုံးနာရီခွဲလောက်မှာ ပြီးဆုံးပါတယ်။ ကထိန်အနုမောဒနာတရားကို လန်ဒန်ဝိဟာရ ဆရာတော်ကဘဲ ချီးမြှင့်ပါတယ်။ အခမ်းအနားပြီးတော့ ကျောင်းကို ပြန်ပြီး ကထိန်ခင်းကြပါတယ်။ အဲဒီနောက် ခဏနားပြီး လန်ဒန်မြို့ကို ပြန်ဖို့ ဘူတာရုံကို ဆင်းခဲ့ကြပါတယ်။ ဘူတာရုံကို ကားနဲ့ လိုက်ပို့ပါတယ်။ ညနေ ၅ နာရီ ၁၅ မှာ မန်ချက်စတာက ထွက်ပြီး ညနေ  ခုနစ်နာရီခွဲမှာ လန်ဒန်ကို ရောက်ပါတယ်။ 

လန်ဒန်မြို့ထဲကနေ စာရေးသူ နေထိုင်တဲ့ ကျောင်းကို နှစ်နာရီခွဲလောက် ထပ်လာရပါတယ်။ မြေအောက် ရထားလမ်းတွေ ပြုပြင်နေတဲ့အတွက် ရထားလမ်းပိုင်း အချို့ကို ပိတ်ထားလို့ လမ်းခရီးကြန့်ကြာပါတယ်။ ပုံမှန်ဆို တစ်နာရီခွဲလောက်ဆို ကျောင်းကို ရောက်နိုင်ပါတယ်။ အခုတော့ မိုင်နှစ်ရာလောက်ရှိတဲ့ မန်ချက်စတာကနေ လန်ဒန်ခရီးထက် မိုင် ၂၀ လောက်သာ ရှိတဲ့ လန်ဒန်မြို့ထဲကနေ ကျောင်းကို လာတဲ့ ခရီးက ပိုပြီး အချိန် ကြာနေလေရဲ့။
.

မန်ချက်စတာ မြန်မာဘုန်းတော်ကြီးကျောင်း

ကျောင်းဝင်းကြီးကလဲ အကျယ်ကြီး။ အခုမှ ကျောင်းနဲ့ကပ်ရက် မြေကွက်ကို ၀ယ်ထားတာတဲ့။ မြေညှိနေဆဲ အုတ်တံတိုင်း လုပ်နေဆဲ ကာလပါ။




ကျောင်းဆောင်ထဲဝင်ဖို့ အ၀င်တံခါး

ကထိန်ပွဲကျင်းပရာ မန်ချက်စတာမြို့ထဲက ဟောခန်း


အဲဒီ ဟောခန်းထဲမှာဘဲ နေ့ဆွမ်း ဆက်ကပ်ပါတယ်

ဧည့်ပရိသတ်တို့ကိုလဲ ဘူဖေးစနစ်နဲ့ ဧည့်ခံကျွေးမွေးပါတယ်


ဟောခန်းထဲ ဘုရားပါ ပင့်လာကြတယ်

တရားနာနေကြပြီ

ကထိန်သင်္ကန်းကပ်လှူဖို့ ဆရာတော် တိုင်ပေးတာကို လိုက်ဆိုနေကြတယ်

သဟဿိကမြောက် ကထိန်သင်္ကန်းအလှူ လှူနေကြလေရဲ့



မန်ချက်စတာမြန်မာကျောင်းဝင်းအတွင်း အသစ်ဝယ်ထားတဲ့ မြေကွက်လပ်မှာ ဆောက်လုပ်မဲ့ ကျောင်းဆောင်သစ်ပုံစံ

အချိန်တန်တော့ အိမ်ပြန်ကြရုံပေါ့။ အဲဒါ မန်ချက်စတာ ဘူတာရုံကြီးပါ


ဒီရထားကြီး စီးပြီး လန်ဒန်ကို ပြန်လာခဲ့တယ်။ Virgin Train တဲ့။ အသွားအပြန် ဒီလို ရထားမျိုးဘဲ စီးခဲ့တယ်။


.

ကထိန်ရာသီတွေ ကုန်သလောက် ဖြစ်သွားပါပြီ။ ယူကေ နိုင်ငံတွင်းက မြန်မာ ဘုန်းကြီးကျောင်းတွေလဲ ကထိန်ပွဲတွေ အားလုံး ကျင်းပ ပြီးစီးသွားပါပြီ။ ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာလူမျိုးများရဲ့ သဒ္ဓါတရားကို အခုလို မြင်တွေ့ခွင့်ရလို့ ၀မ်းမြှောက်ကြည်နူးမှု ဖြစ်ရပါတယ်။ ။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

.