ဒီပို့စ်လေးက ဒကာတော်ဆရာဟန်ကြည်ရဲ့ ကျေးဇူးကြောင့် ဖြစ်ပေါ်လာတယ်ဆိုရင် မမှားပါဘူး။ သူရဲ့ ချစ်သောအညာ အပိုင်း ၅ မှာ ပါရှိတဲ့ အကြောင်းအရာတချို့ကို စာရေးသူက ကောန်မင့်တ်ပေးခဲ့လိုက်တယ်။ အဲဒီကောန်မင့်တ်ကို ထပ်ဆင့် ဖြေရှင်းရေးပေးခဲ့တဲ့ သူ့ရဲ့ ဖြေရှင်းချက်လေးကြောင့် အခုလို ရေးဖို့ အတွေး ပေါ်လာတာပါ။ ပြောရမယ်ဆိုရင်တော့ This post is dedicated to a Blogger, Mr. Han Kyi ဘဲပေါ့။
သူ့ရဲ့ ပွင့်လင်းမြင်သာတဲ့ အမှန်တရားကို မြတ်နိုးမှု၊ ပုထုဇဉ်ပီပီ အမှားမကင်းနိုင်မှုကြောင့် တခါတရံ ချွတ်ယွင်းမှုလေးတွေကို ထောက်ပြပေးတဲ့သူရှိရင် လိုလိုလားလား ပျော်ရွှင်စွာ လက်ခံတတ်မှု၊ အမှန်တရားလိုလားသူတို့အတွက် သူ့ရဲ့ အမှားပြင်ဆင်ပေးတတ်မှု စတဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ကို မြင်တွေ့လိုက်ရတာဟာ သူ့ရဲ့ ပို့စ်မှာ စာရေးသူပေးလိုက်မိတဲ့ ကောန်မန့်တ်လေးရဲ့ အကျိုးရလာဘ်တွေဘဲပေါ့။
ပြောမှာသာ ပြောရတယ်။ အဲဒီ ကောန်မန့်တ် ပေးလိုက်ပြီးနောက် သူ ကြိုက်ပါ့ ကြိုက်ပါ့မလား၊ ပြန်ဖျက်ပေးလိုက်ရင် ကောင်းမလား ဆိုပြီး စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်ခဲ့မိသေးတယ်။ လူတိုင်းက တဘက်လူ အမှား ထောက်ပြပေးတာကို ခံနိုင်ရည်ရှိနိုင်ဖို့ ခက်ခဲကြတယ် မဟုတ်လား။ ဒါကလဲ လူ့သဘာဝ လူ့မာန တစ်ခုပါဘဲ။ ရရစ်နဲ့ ကြောင်းကြောင်း၊ ယပင့်နဲ့ ကျောင်းကျောင်း ဘယ်သူမှ အိမ်လို့ မဖတ်ကြပါဘူး လို့ ဆိုတတ်ကြတယ် မဟုတ်လား။ ဒါပေမဲ့ သူ့ရဲ့ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုက လေးစားစရာပါ။
အဓိက လိုရင်း ပြောရရင်တော့ သူ့ရဲ့ ပို့စ်ထဲမှာ ၀ိသုဒ္ဓာရုံ ရှင်ကျင့်ဝတ် ဆိုတဲ့ သတ်ပုံတစ်ခု၊ ကြက်သွန်ခွာလိုက် ဆိုတဲ့ သတ်ပုံတစ်ခု။ အဲဒီ နှစ်ခုကြောင့် မြန်မာအက္ခရာတွေကို ရေးချ (-ါ သို့မဟုတ် -ာ) ရေးတဲ့အခါမှာ ၀ိုက်ချ (-ာ) နဲ့ ရေးရမဲ့ အက္ခရာ၊ မောက်ချ (-ါ) နဲ့ ရေးရမဲ့ အက္ခရာတွေကို စာရေးသူက ကောန်မန့်တ် ပေးခဲ့မိပါတယ်။ ၀ိသုဒ္ဓာရုံလို့ မရေးသင့်ဘူး၊ ၀ိသုဒ္ဓါရုံ လို့ဘဲ ရေးသင့်တယ်၊ ကြက်သွန်ခွာလိုက်လို့ မရေးသင့်ဘူး၊ ကြက်သွန်ခွါလိုက် လို့ဘဲ ရေးသင့်တယ် စသဖြင့်ပေါ့။ စာရေးသူတို့ မြန်မာ ဗျည်း ၃၃ လုံးထဲမှာ မောက်ချ (-ါ) နဲ့ ရေးရမဲ့ ဗျည်းက (ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀) ဆိုပြီး ဗျည်း ၆ လုံးရှိပါတယ်။ ကျန်တဲ့ ဗျည်း ၂၇ လုံးကိုတော့ ၀ိုက်ချ (-ာ) နဲ့ဘဲ ရေးရမယ် မဟုတ်လား။ အဲဒီ မောက်ချ ချရမဲ့ ဗျည်း ၆ လုံးကို မှတ်ရလွယ်ကူအောင် (ခင် ဂု ငေါ ဒေါ ပုံ ၀၊ ခြောက်လုံး မောက်ချ ချ) ဆိုပြီး ဆိုရိုးလင်္ကာရှိခဲ့ပါတယ်။ ပြီးတော့ (ဒါ ငါ့ပါဝါ၊ ခါဂါ မှတ်ထား) ဆိုပြီးလဲ ဒီဘလော့ဂ်မှာ ဘလော့ဂါက သူ့ဆရာရဲ့ အာဘော်ကို ရေးထားတာ တွေ့လိုက်မိပါသေးတယ်။ ကောင်းပါတယ်။ မှတ်မိနေဖို့က အဓိက မဟုတ်လား။ ဒါပေမဲ့ (ခင် ဂု ငေါ ဒေါ ပုံ ၀) ဆိုတဲ့ လင်္ကာလေးကိုဘဲ စာရေးသူ ပိုနှစ်သက်မိပါတယ်။ ဗျည်းအက္ခရာအစဉ်အတိုင်းလေးဆိုတော့ မှတ်ရတာ ပိုလွယ်ကူလို့ပါ။
ဝိုက်ချ (-ာ) အကြောင်းကိုတော့ မဆွေးနွေးတော့ပါဘူး။ သိသာမြင်သာလွန်းလို့ပါ။ ပြီးတော့ မောက်ချ (-ါ) မှာသာ ရောထွေးတတ်တာ မဟုတ်လား။ ၀ိုက်ချနဲ့ ရေးရမဲ့ ဗျည်းကို မောက်ချနဲ့ ရေးထားရင် စာလုံးတွေ ရောထွေးမှု မရှိပါဘူး။ မောက်ချနဲ့ ရေးရမဲ့ ဗျည်းကို ၀ိုက်ချနဲ့ ရေးရင်သာ ရောထွေးရှုပ်ပွသွားနိုင်တာပါ။
ဥပမာ။
ဝိုက်ချ (-ာ)ကို မောက်ချ (-ါ)ဖြင့် ရေးခြင်း
ပြည်ထောင်စု (ပြည်ထေါင်စု)
ဓာတ်တော် (ဓါတ်တော်)
သားကောင်းရတနာ (သားကေါင်းရတနာ)
မောက်ချ (-ါ)ကို ၀ိုက်ချ (-ာ)ဖြင့် ရေးခြင်း
ခါတော်မီ (ခာတော်မီ)
ဂါထာမန္တန် (ဂာထာမန္တန်)
ငါတို့ဌာနေ (ငာတို့ဌာနေ)
ဒါ တို့ပြည် (ဒာတို့ပြည်)
ပါပီလေး (ပာပီလေး)
ဝါမ၀င်ခင် (၀ာ မ၀င်ခင်)
ဒီဥပမာတွေထဲမှာ ၀ိုက်ချဗျည်းကို မောက်ချ(-ါ)နဲ့ ရေးတဲ့အခါ ဖတ်လို့ ကောင်းကောင်း ရနိုင်ပါတယ်။ ရှုပ်ထွေးမသွားပါဘူး။ ဒါပေမဲ့ မောက်ချဗျည်းကို ၀ိုက်ချ(-ာ)နဲ့ ရေးတဲ့အခါမှာတော့ ပြဿနာ တက်လာနိုင်ပါတယ်။ ဥပမာ......
ခါ = ခာ (ဆ) ဆလိမ်နဲ့ မှားသွားနိုင်ပါတယ်။
ဂါ = ဂာ (က) ကကြီးနဲ့ မှားသွားနိုင်ပါတယ်။
ငါ = ငာ (တ) တ၀မ်းပူနဲ့ မှားသွားနိုင်ပါတယ်။
ဒါ = ဒာ (အ) အ နဲ့ မှားသွားနိုင်ပါတယ်။
ပါ = ပာ (ဟ) ဟ နဲ့ မှားသွားနိုင်ပါတယ်။
ဝါ = ၀ာ (တ) တ၀မ်းပူနဲ့ မှားသွားနိုင်ပါတယ်။
ဒကာတော် ဆရာဟန်ကြည်ရဲ့ ၀ိသုဒ္ဓာရုံ၊ ကြက်သွန်ခွာ ဆိုတဲ့ စာလုံးတွေကို စာရေးသူက ၀ိုက်ချ (-ာ) အစား မောက်ချ(-ါ)နဲ့ ရေးသင့်တဲ့ အကြောင်းကို (ခင် ဂု ငေါ ဒေါ ပုံ ၀) လင်္ကာလေးနဲ့ ကောန်မန့်တ် ပေးခဲ့လိုက်တယ်။ အဲဒီ ကောန်မန့်တ်လေးကို သူပြန်လည် ဖြေရှင်းပေးခဲ့တာလေးက စိတ်ဝင်စားစရာပါ။ ခ ဂ င ဒ ပ ၀ စာလုံးသက်သက်ဆိုရင် မောက်ချ (-)နဲ့ ရေးရမှာ ဖြစ်ပေမဲ့ အဲဒီ ခ ဂ င ဒ ပ ၀ စာလုံးတွေကို လုံးထပ်နဲ့ ရေးမယ်ဆိုရင်တော့ ၀ိုက်ချ (-ာ)နဲ့ ရေးထုံးရှိပါတယ်တဲ့။ သိပ်ကောင်းတဲ့ ရှင်းပြချက်ကလေးပါ။ အဲဒီ ရှင်းပြချက်ကလေးကြောင့် စာရေးသူလဲ အဲဒီ သတ်ပုံနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ဂူးလ်ဂဲထဲ လိုက်မွှေဖြစ်ခဲ့တယ်။ ကျေးဇူးပါ ဒကာတော်။ အမှန်မှာလဲ သူပြောတဲ့အတိုင်း မြန်မာသတ်ပုံကျမ်းမှာ ပါရှိပါတယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ဇယားကွက် ဆယ်ကြောင်းမြောက်က ပထမဆုံးစာလုံးမှာ ခွာ လို့ ရေးထားပါတယ်။ ခခွေးနဲ့ ၀ ကို လုံးဆင့်ထားတဲ့အတွက်ကြောင့် ခွာ ဆိုပြီး ဖြစ်နေတာပါ။ ဒီတော့ သူရေးခဲ့တဲ့ ကြက်သွန်ခွာလိုက် ဆိုတဲ့ စာလုံးဟာ မြန်မာသတ်ပုံအရ မှန်ကန်ပါတယ်။ ၀ိသုဒ္ဓာရုံဆိုတဲ့ စာလုံးလဲ ထိုနည်း၎င်းဘဲပေါ့။ အဲဒီတော့ ( ခွာလှန်၊ ဂွာတီမာလာ၊ ငွားငွားစွင့်စွင့်၊ ဒွာရဂိုဏ်း၊ ပွားများ၊ ခပ်ခွာခွာ) အဲဒီအတိုင်းရေးရင်လဲ မှန်ကန်နိုင်ပါတယ်။
ဒါနဲ့ အဲဒီ ၀ိုက်ချ မောက်ချ အကြောင်းလေးကို စိတ်ဝင်စားသွားပြီး အင်တာနက်တခွင် လိုက်ရှာမိခဲ့တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်လေးတစ်ခု တွေ့ဖြစ်ခဲ့တယ်။ ကလိုစေးထူးရဲ့ စာကောင်းပေမွန်များကို ဖျက်ဆီးနေသော အရာများ ဆိုတဲ့ ပို့စ်လေးပါ။ အဲဒီပို့စ်ထဲမှာ မောက်ချ (-ါ)နဲ့ ရေးရမဲ့ မြန်မာဗျည်းတွေကို ၀ိုက်ချ (-)နဲ့ ရေးထုံးရှိတဲ့ ဥပဒေသ ငါးမျိုးကို ဖော်ပြပေးထားပါတယ်။ ယပင့် (-ျ)၊ ရရစ် (ြ---)၊ ၀ဆွဲ (--ွ)၊ ဟထိုး (--ှ) နှင့် ပါဌ်ဆင့် စာလုံးတွေမှာ မောက်ချအစား ၀ိုက်ချကို အသုံးပြုရပါမယ်တဲ့။ ဥပမာ... ချာ၊ ဂြာ၊ ခွာ၊ ငှာ၊ .......။ အသိဥာဏ်တိုးလိုက်ပါဘိ။ ဒီအတွက်လဲ ကျေးဇူးတင်ရပါတယ်။ နောက်ပြီး ဆိုရိုးလေးကိုလဲ ချပြသွားတယ်။ ပင့် ရစ် ဆွဲ ထိုး ဆင့် တဲ့။ ဆိုရိုးလေးက အရမ်းသာသွားပါတယ်။ ရွတ်ဆိုလို့ ကောင်းသလို မှတ်လို့လဲ ကောင်းပါတယ်။ အဲဒီ ၀ိုက်ချ မောက်ချနဲ့ ပတ်သက်ပြီး ကလိုစေးထူးရဲ့ ပို့စ်လေးက ကောင်းမွန်သလို အဲဒီပို့စ်အောက်မှာ ကောန်မင့်န်တ်ပေးထားတဲ့ ဒကာမလေး မေဓာဝီရဲ့ ကောန်မင့်န်တ်လေးကလဲ တမူထူးခြားစွာ မှတ်သားစရာကောင်းပါတယ်။ ကလိုစေးထူးရဲ့ ပို့စ်ကိုရော မေဓာဝီရဲ့ ကောန်မင့်န်တ်ကိုရော အချိန်ရရင် ဖတ်ကြဖို့ အကြံပြုပါတယ်။
ဖော်ပြခဲ့တဲ့ ဥပဒေသငါးမျိုးထဲက ပထမဥပဒေသလေးမျိုးကိုတော့ အကြွင်းမဲ့ ထောက်ခံပါတယ်။ ဒါပေမဲ့ ပဉ္စမဖြစ်တဲ့ ပါဌ်ဆင့်တွေမှာ မောက်ချအစား ၀ိုက်ချကို သုံးရမယ်ဆိုတဲ့ ဥပဒေသကိုတော့ နဲနဲ ပြောချင်ပါသေးတယ်။ ပါဠိပိဋကတ်တော်တွေထဲမှာ ပါဌ်ဆင့်တွေရေးတဲ့အခါ မောက်ချအစား ၀ိုက်ချတွေကို သုံးနှုန်းထားတာ တွေ့ဖူးခဲ့သလိုလို ရှိပေမဲ့ သေချာ ပြန်ရှာကြည့်လိုက်တော့ ပိဋကတ်တော်တွေထဲမှာ မတွေ့ရပါဘူး။ အားလုံး မောက်ချနဲ့ချည်း ရေးထားတာသာ တွေ့ရပါတယ်။ (တွေ့ဖူးမြင်ဖူးသူများ ထောက်ပြပေးကြဖို့ ဖိတ်ခေါ်ပါတယ်)။ ဒီတော့ ပါဌ်ဆင့်တွေကို မောက်ချအစား ၀ိုက်ချကို သုံးရမယ်ဆိုတဲ့ ဥပဒေသက မှေးမှိန်သွားသလိုမျိုး ဖြစ်နေလေရဲ့။
ဥပမာ..
ခ= အထခွေါဿ (အထခွောဿ ဟု မတွေ့) (အထခေါ+အဿ= ထိုအခါ၌ ဤသူအား)
ဂ= သမဂ္ဂါ (သမဂ္ဂာ ဟု မတွေ့) (အညီအညွတ်)
င= ဂင်္ဂါ နဒီ(ဂင်္ဂာ နဒီ ဟု မတွေ့) (ဂင်္ဂါမြစ်)
ဒ= သဒ္ဓါယ (သဒ္ဓာယ ဟု မတွေ့) (သဒ္ဓါတရားဖြင့်)
ပ= သိပ္ပါနိ (သိပ္ပာနိ ဟု မတွေ့) (အတတ်ပညာတို့သည်၊ တို့ကို)
ဝ= ဒွါရ (ဒွာရ ဟု မတွေ့) (တံခါးပေါက်)
ပထမကတော့..
ပုပ္ဖာနိ (ပန်းတို့သည်၊ တို့ကို)
သိပ္ပာနိ (အတတ်ပညာတို့သည်၊ တို့ကို)
သဒ္ဓာယ (သဒ္ဓါတရားဖြင့်)...........
စတဲ့ ပါဠိစာလုံးတွေကို တွေ့ဖူးမြင်ဖူးသလို ထင်မှတ်နေပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပိဋကတ်တော်ထဲ သေချာ လှန်လောရှာဖွေကြည့်လိုက်တဲ့ အခါမှာတော့ ပုပ္ဖါနိ၊ သိပ္ပါနိ၊ သဒ္ဓါယ စတာတွေကိုဘဲ တွေ့ရပါတယ်။
ဆိုတော့ကာ..
ပါဠိဘာသာက ဆင်းသက်လာသည်ဖြစ်စေ၊ အခြားမည်သည့် နိုင်ငံခြားသာသာစကားကနေ ဆင်းသက်လာသည်ဖြစ်စေ မြန်မာစာဝေါဟာရဖြစ်လာပြီဆိုရင် စာလုံးတိုင်းကို အထက်က ဖော်ပြခဲ့တဲ့ ဥပဒေသငါးခု (ပင့် ရစ် ဆွဲ ထိုး ဆင့်) အတိုင်း လိုက်နာကျင့်သုံးကြမယ်ဆိုရင်တော့ ဒကာတော် ဆရာဟန်ကြည်ရေးထားတဲ့ ၀ိသုဒ္ဓာရုံရှင်ကျင့်ဝတ်ဆိုတဲ့ အသုံးအနှုန်းဟာ မှန်ကန်ပါတယ်။ ဒါပေမဲ့ ပါဠိကဆင်းသက်လာတဲ့ ပါဠိသက်ဝေါဟာရပေမို့ ပါဠိဂတိအတိုင်းလိုက်ပြီး ပါဠိကျင့်စဉ်အတိုင်း ထားမယ်ဆိုရင်တော့ ၀ိသုဒ္ဓါရုံရှင်ကျင့်ဝတ်ဆိုတာက ပို သင့်လျော်မယ်ထင်ပါတယ်။ ၀ိသုဒ္ဓါရုံဆိုတာ ၀ိသုဒ္ဓါရာမ (၀ိသုဒ္ဓ+အာရာမ) ဆိုတဲ့ ပါဠိစကားလုံးက ဆင်းသက်လာတာပါ။ (၀ိသုဒ္ဓ=စင်ကြယ်သော။ အာရာမ=နေရာအရာမ်) ဆိုပြီး အဓိပ္ပါယ်ထွက်ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာနက ပဉ္စမအကြိမ်ထုတ်ဝေတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို လှန်ကြည့်လိုက်တဲ့ အခါမှာတော့ စာမျက်နှာ ၈၀ မှာ (ခ အတွက်) ခွာတိုင် ခွာနာလျှာနာ စသဖြင့် ၀ိုက်ချနဲ့ ရေးသားထားပါတယ်။ စာမျက်နှာ ၈၆ မှာတော့ (ဂ အတွက်) ဂင်္ဂါမြစ် ဆိုပြီး မောက်ချနဲ့ ရေးထားပါတယ်။ စာမျက်နှာ ၉၇ မှာတော့ (င အတွက်) ငွားငွားစွင့်စွင့် ဆိုပြီး ၀ိုက်ချနဲ့ ရေးထားပါတယ်။ စာမျက်နှာ ၂၁၆ မှာတော့ (ဒ အတွက်) ဒွါဒရာ ဒွါရ စသဖြင့် မောက်ချနဲ့ ရေးထားပါတယ်။ အဲဒီ (ဒ အတွက်ဘဲ) စာမျက်နှာ ၅၁၇ မှာ သဒ္ဒါနည်း... သဒ္ဓါကြေး စသဖြင့် မောက်ချနဲ့ဘဲ ရေးထားပါတယ်။ စာမျက်နှာ ၂၉၃ မှာ (ပ အတွက်) ပွားစီး ပွားများ စသဖြင့် ၀ိုက်ချနဲ့ ရေးထားပါတယ်။ စာမျက်နှာ ၅၂၈ မှာ (၀ အတွက်) ဟ၀ှာ ဆိုပြီး ၀ိုက်ချနဲ့ ရေးထားပေမဲ့ စာမျက်နှာ ၅၉၇ မှာတော့ အဲဒီ (၀) အတွက်ဘဲ အ၀ှါ ဆိုပြီး မောက်ချနဲ့ ရေးထားတာ တွေ့ရပါတယ်။ ဒီတော့ အားလုံးကို စုကြည့်လိုက်တဲ့အခါမှာတော့... ခွာတိုင်၊ ဂင်္ဂါ၊ ငွားငွားစွင့်စွင့်၊ ဒွါဒရာ၊ သဒ္ဒါ၊ သဒ္ဓါ၊ ပွားစီး၊ ဟ၀ှာ၊ အ၀ှါ ဆိုပြီး အဖြေထွက်လာပါတယ်။ အထက်ဝါကျက စကားကို ပြန်ယူပြောရရင်တော့ မြန်မာစာသက်သက်အတွက်ဆိုရင် လုံးထပ်တွေမှာ ၀ိုက်ချနဲ့ ရေးသင့်ပြီး ပါဠိစာပေက ဆင်းသက်လာတဲ့ ပါဠိသက်ဝေါဟာရနှင့် ပါဠိနဲ့ ဆက်နွယ်နေတဲ့ ဝေါဟာရတွေဆိုရင်တော့ စာလုံးထပ်သည်ဖြစ်စေ မထပ်သည်ဖြစ်စေ မောက်ချနဲ့ဘဲ ရေးသင့်တယ်လို့ ယူဆမိပါတယ်။ ဒါပေမဲ့ ဟ၀ှာ နှင့် အ၀ှါ ကတော့ မြန်မာဘန်းစကားဆန်ဆန် ဖြစ်နေတဲ့အတွက် ချွတ်ယွင်းချက်ပေါ့။
ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာနက ပဉ္စမအကြိမ်ထုတ်ဝေတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို လှန်ကြည့်လိုက်တဲ့ အခါမှာတော့ စာမျက်နှာ ၈၀ မှာ (ခ အတွက်) ခွာတိုင် ခွာနာလျှာနာ စသဖြင့် ၀ိုက်ချနဲ့ ရေးသားထားပါတယ်။ စာမျက်နှာ ၈၆ မှာတော့ (ဂ အတွက်) ဂင်္ဂါမြစ် ဆိုပြီး မောက်ချနဲ့ ရေးထားပါတယ်။ စာမျက်နှာ ၉၇ မှာတော့ (င အတွက်) ငွားငွားစွင့်စွင့် ဆိုပြီး ၀ိုက်ချနဲ့ ရေးထားပါတယ်။ စာမျက်နှာ ၂၁၆ မှာတော့ (ဒ အတွက်) ဒွါဒရာ ဒွါရ စသဖြင့် မောက်ချနဲ့ ရေးထားပါတယ်။ အဲဒီ (ဒ အတွက်ဘဲ) စာမျက်နှာ ၅၁၇ မှာ သဒ္ဒါနည်း... သဒ္ဓါကြေး စသဖြင့် မောက်ချနဲ့ဘဲ ရေးထားပါတယ်။ စာမျက်နှာ ၂၉၃ မှာ (ပ အတွက်) ပွားစီး ပွားများ စသဖြင့် ၀ိုက်ချနဲ့ ရေးထားပါတယ်။ စာမျက်နှာ ၅၂၈ မှာ (၀ အတွက်) ဟ၀ှာ ဆိုပြီး ၀ိုက်ချနဲ့ ရေးထားပေမဲ့ စာမျက်နှာ ၅၉၇ မှာတော့ အဲဒီ (၀) အတွက်ဘဲ အ၀ှါ ဆိုပြီး မောက်ချနဲ့ ရေးထားတာ တွေ့ရပါတယ်။ ဒီတော့ အားလုံးကို စုကြည့်လိုက်တဲ့အခါမှာတော့... ခွာတိုင်၊ ဂင်္ဂါ၊ ငွားငွားစွင့်စွင့်၊ ဒွါဒရာ၊ သဒ္ဒါ၊ သဒ္ဓါ၊ ပွားစီး၊ ဟ၀ှာ၊ အ၀ှါ ဆိုပြီး အဖြေထွက်လာပါတယ်။ အထက်ဝါကျက စကားကို ပြန်ယူပြောရရင်တော့ မြန်မာစာသက်သက်အတွက်ဆိုရင် လုံးထပ်တွေမှာ ၀ိုက်ချနဲ့ ရေးသင့်ပြီး ပါဠိစာပေက ဆင်းသက်လာတဲ့ ပါဠိသက်ဝေါဟာရနှင့် ပါဠိနဲ့ ဆက်နွယ်နေတဲ့ ဝေါဟာရတွေဆိုရင်တော့ စာလုံးထပ်သည်ဖြစ်စေ မထပ်သည်ဖြစ်စေ မောက်ချနဲ့ဘဲ ရေးသင့်တယ်လို့ ယူဆမိပါတယ်။ ဒါပေမဲ့ ဟ၀ှာ နှင့် အ၀ှါ ကတော့ မြန်မာဘန်းစကားဆန်ဆန် ဖြစ်နေတဲ့အတွက် ချွတ်ယွင်းချက်ပေါ့။
နဲနဲ ဗဟုသုတဖြစ် ဆက်ပွားရရင်တော့ ခ ဂ င ဒ ပ ၀ ဆိုတဲ့ မောက်ချနဲ့ ရေးရမဲ့ စာလုံး ခြောက်လုံးတွေထဲက ဂ ဒ ပ ဆိုတဲ့ သုံးလုံးကို အသုံးပြုတော့မယ်ဆိုရင် အဲဒီ စာလုံးတွေဟာ တခါတရံ အပေါ်နေရာ (အဂ္ဃ၊ သဒ္ဓါ၊ ပုပ္ဖ) တခါတရံ အလယ်နေရာ (ဂတ၊ ဒဟရ၊ ပရမ)၊ တခါတရံ အောက်နေရာတွေ (အဂ္ဂ၊ သဒ္ဒါ၊ သပ္ပိ) မှာ နေလေ့ရှိပါတယ်။ ခ နှင့် ၀ ကတော့ အပေါ်နေရာများ နေရိုးမရှိပါဘူး။ အလယ်နေရာ (ခယ၊ ၀ယ)နှင့်အောက်နေရာ (ဒုက္ခ၊ ကွစိ)မှာသာ နေပါတယ်။ င ဆိုတဲ့ စာလုံးကတော့ အတော်လေး ထူးဆန်းတယ် ပြောရမယ်။ သူ့ဖာသာ တစ်လုံးထဲ မရပ်တည်နိုင်ဘူးထင်ပါရဲ့။ င တစ်လုံးထဲ သတ်သတ် ပါဠိစာပေထဲမှာ မတွေ့ဖူးသလိုဘဲ။ ပြီးတော့ သူများတွေရဲ့ အောက်မှာလဲ မနေဘူး။ အလယ်မှာလဲ မနေဘူး။ ဦးခေါင်းပေါ် တက်စီးနေတာချည်းဘဲ။ (သင်္ဂဟ၊ သင်္ခါရ၊ သင်္ခတ စသဖြင့်ပေါ့)။ (စာရေးသူရဲ့ အယူအဆမှားရင်လဲ ထောက်ပြပေးကြဖို့ တောင်းဆိုပါတယ်)။
မြန်မာသတ်ပုံနဲ့ ပတ်သက်ပြီး ထပ်ပြောရရင်တော့ အင်တာနက်ကြီးပေါ်ပေါက်လာတာ မြန်မာသတ်ပုံတွေ မှားယွင်းခြင်းရဲ့ အကြောင်းတစ်ခုလို့ ပြောရင် ရမယ်ထင်တယ်။ အင်တာနက်ထဲမှာ မြန်မာသတ်ပုံတွေ အတော်များများ မှားယွင်းနေတာ တွေ့ရတယ်။ မြန်မာဗျည်း အတော်များများကိုလဲ မောက်ချနဲ့ရော ၀ိုက်ချနဲ့ပါ ရေးထားတာ အများကြီး တွေ့ရတယ်။ ဥပမာ...နည်းလမ်းကောင်း (နည်းလမ်းကေါင်း) စသဖြင့်ပေါ့။ အထူးသဖြင့် ပါဠိစာလုံးကို ယူသုံးတဲ့အခါမှာ မှားယွင်းတတ်ကြတာပါ။ ကြားဖူးနားဝနဲ့ ရမ်းဖမ်းရေးလိုက်တာဆိုတော့ မှားကြရောပေါ့။ ပါဠိက ဆင်းသက်လာတဲ့ စာလုံးကို ရေးတဲ့အခါ နာမည်ကြီးစာရေးဆရာကြီးတွေတောင် မှားတတ်ကြပါသေးတယ်။ အဆိုးဆုံးကတော့ ယုံကြည်မှု သဒ္ဓါ (faith) ကို သဒ္ဒါ(grammar) ဆိုပြီး ရေးတတ်ကြတာဘဲ။ နောက် ရှိသေးတယ်။ လူတွေ အတော်များများ မှားတတ်ကြတဲ့ စကားလုံး။ စလုံးနဲ့ ဆလိမ်ပါ။ ဆလိမ်နဲ့ ရေးရမဲ့ စာလုံးကို စာရေးဆရာတွေ အတော်များများ စလုံးနဲ့ ရေးတတ်ကြတယ်။ ဥပမာအားဖြင့်... သူ့ဆီ သွားမယ် (သူ့စီ သွားမယ်) စသဖြင့်ပေါ့။ နောက်ပြီးတော့ ရဟန်းရှင်လူ အမှတ်မထင် မှားတတ်ကြတဲ့ အမှားလေး တစ်ခုရှိသေးတယ်။ အဲဒါကတော့ ဝေယျာဝစ္စ ဆိုတဲ့ ပါဠိစာလုံးကို ဝေယျာဝေစ္စဆိုပြီး ရေးလေ့ရှိကြတာပါဘဲ။
ဒီတော့ သတ်ပုံအမှားအမှန်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မွေးဖွားပြီး မြန်မာနိုင်ငံမှာဘဲ အခြေချနေထိုင်ကြတဲ့ ကလေးတွေအတွက်ကတော့ ပြဿနာမရှိနိုင်ဘူး။ မြန်မာဖတ်စာအုပ်တွေ အမျာကြီး ရနိုင်သေးတယ်။ သတ်ပုံအမှန်တွေကိုလဲ လက်လှမ်းမီနိုင်သေးတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာနေထိုင်ကြတဲ့ မြန်မာကလေးတွေ အနေနဲ့ကတော့ ပထမကထဲက မြန်မာစကားကို သိပ်မတတ်ကြပါဘူး။ ပြီးတော့ မိဘတွေရဲ့ ဘာသာစကားဖြစ်တဲ့ မြန်မာစကားသင်ကြားတဲ့ အခါမှာလဲ အင်တာနက်က မြန်မာစာတွေကို ဖတ်နေကြရတာဆိုတော့ သူတို့ ပထမဆုံး မြင်ဖူးတဲ့ မြန်မာစာလုံးကိုဘဲ မှားမှားမှန်မှန် အမှန်အနေနဲ့ ယူဆကြမှာ သေချာပါတယ်။ မိဘတွေက မြန်မာသတ်ညွှန်းအတိုင်း သေချာမသင်ပေးရင်ပေါ့။
ချုပ်ပြောရရင်တော့ အခုလို မောက်ချရေးနည်း ၀ိုက်ချရေးနည်းကို ပိုသိခွင့်ရအောင် လှုံ့ဆော်မှု ဖြစ်စေခဲ့တဲ့ ဒကာတော်ဆရာဟန်ကြည်ကို ကျေးဇူးတင်ပါတယ်။ ရတဲ့အချိန်လေးမှာ ၀ိုက်ချ မောက်ချ အကြောင်းလေး ပြန်လှန်ရှာဖွေရတာကိုလဲ ကိုယ့်ကိုကိုယ် ကျေနပ်နေမိပါတယ်။ စာရေးသူတွေအားလုံးလဲ ကိုယ်ရေးတဲ့ စာတွေအနေနဲ့ အကြောင်းအရာကအစ သတ်ပုံအဆုံး အမှားတွေ့လို့ တစ်စုံတစ်ယောက်က ထောက်ပြတည့်မတ်ပေးရင် လိုချင်စွာ လက်ခံမှု ပြုနိုင်ရင် သိပ်ကောင်းမှာဘဲလို့လဲ ဆန္ဒဖြစ်မိပါတယ်။ (စာရေးသူမှားရင်လဲ အချိန်မရွေး ထောက်ပြ ပြင်ဆင်ပေးစေလိုပါတယ်၊ စိတ်မဆိုးတဲ့အပြင် ကျေးဇူးတောင် တင်ဦးမှာပါ)။ အားလုံး အမှားကင်းကွာတဲ့ ကမ္ဘာမှာ အမှန်တရားတွေနဲ့ ကြည်နူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
...............................................................................(အရှင်ဇနက၊ အင်္ဂါမောင်။ ၂၀၊၀၂၊၂၀၁၃။ ၁၅း၄၀ နာရီ)
***Photo
From here by courtesy of Google search
...............................................................................(အရှင်ဇနက၊ အင်္ဂါမောင်။ ၂၀၊၀၂၊၂၀၁၃။ ၁၅း၄၀ နာရီ)
***Photo
From here by courtesy of Google search
4 comments:
"အင်္ဂာမေါင်"လို့ မရေးဖြစ်တာ ကံကောင်းပေါ့ဘုရား။
အင်္ဂာမေါင်။ တော်တော်မြင်တတ်တယ်။း)
တပည့်တော်လည်း အချိန်ရတုန်းလေးမှာ သတ်ပုံကျမ်းကို သေချာပြန်ကြည့်မိတယ် ဦးဇင်းရေ...
အနှီမှာပဲ ဒထွေးကို ရေးချအသုံးများတာ ပြန်တွေ့ရပြန်ရော...ဒီတော့ ၀ိသုဒ္ဓါရုံလို့ ရေးတာက ပိုပြီး သင့်လျော်မယ်လို့ ယူဆလိုက်မိပါတယ်...ပါဠိသဒ္ဒါမှာ မောက်ချအသုံးများတာလည်း သတိထားမိပါရဲ့...သို့ပေမင့် တပည့်တော်ရဲ့ စာအုပ်တွေထဲမှာ ပါဠိစာအုပ်ကလည်း အရေအတွက် နည်းနေတာမို့ မြင်ရသလောက်ပဲ သုံးသပ်မိခြင်းပါ...
တပည့်တော်ကိုယ်တိုင်ကလည်း မြန်မာစာကို မြတ်နိုးတာကြောင့် စာလုံးပေါင်းသတ်ပုံနဲ့ပတ်သက်ရင် အထိုက်အလျောက် အလေးထားသလို လိုအပ်ရင် စာလုံးပေါင်း သတ်ပုံကျမ်းကို လှန်လေ့ရှိတာမို့ ၀ါသနာတူ ရေးဘက်တစ်ယောက် တိုးလာတာ အတိုင်းမသိ ၀မ်းသာမိပါတယ်...အစစအရာရာ အပျက်ဘက်ကို ဦးတည်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ ကိုယ်ပြုသမျှ နုရရှာမယ့် မြန်မာစာပေကို ရေရှည်တည်တံ့စေချင်တာ တပည့်တော်တို့ မြန်မာစာ မြတ်နိုးသူတွေရဲ့ ဆန္ဒမဟုတ်ပါလား ဘုရား...
အင်္ဂလိပ်စကားပြော၊ အာရဗစ်စကားပြောတိုင်းပြည်တွေ အများကြီးရှိပေမယ့် မြန်မာစကားပြောတိုင်းပြည် တစ်ပြည်တည်း ရှိတဲ့အနေအထားမှာ ကိုယ့်အမျိုးသား စာပေကို တမြတ်တနိုးရှိစေကြဖို့ နားလည်တဲ့လူ တတ်ကျွမ်းတဲ့လူတွေက ပဲ့ပြင်မြေတောင်မြှောက်ပေးကြရမှာလည်း အဓိက တာဝန်တစ်ရပ်ပါ...နည်းပညာသမားအများစု မြန်မာစာ မကျွမ်းကျင်ကြခြင်းဟာ ခေတ်ပညာတတ်အသိုင်းအ၀ိုင်းမှာ မြန်မာစာအားနည်းလာရခြင်းရဲ့ အဓိကအချက်လို့လဲ ဦးဇင်းလိုပဲ တပည့်တော် မြင်ပါတယ်...
ရေးချ ၀ိုက်ချနဲ့ပတ်သက်လို့ တပည့်တော်အချိန်ရရင် မြန်မာသဒ္ဒါကျမ်းတွေကို ပြန်လှန်လှောကြည့်ပြီး သုတေသနလုပ်ဖို့ ဆုံးဖြတ်လိုက်မိပါတယ်...
မြန်မာစာပေ ကြာရှည်လေးမြင့် ထွန်းတင့်ပါစေ...
ဒီနေ့ ဒီနေရာကိုရောက်လာမိတာတော့ အတော့်ကို ဗဟုသုတ ရခဲ့ရပြီ။
ကောင်း၏ သိပ်ကိုလိုအပ်သော ထောက်ပြပြောဆိုမှု့တွေပင်ဖြစ်၏ ကျွန်တော်ကိုယ်တိုင်ပင် မြန်မာစာပေတွေကို ရေရာစွာသိရှိနားလည်သူမဟုတ် ထို့အတူဘဲ မြောက်များစွာသော လူတို့သည်လည်း သိသလိုလို မသိသလိုလိုသာ ရှိနေကြပါသည် ဒါကြောင့်မို့ သည်နေ့ ဒီနေရာကို ရောက်ခဲ့မိရာမှာ အကျိုးများစွာကို ရရှိခဲ့ပေသည် နောက်များမှ လာရောက်ပါဦးမည် အရှင်ဘုရား။
Post a Comment