တစ်ခါသော်
ရသေ့နှစ်ပါး ကောင်းကင်ခရီးဖြင့် ဈာန်ကြွရင်း မြွေတစ်ကောင်က
ဖားတစ်ကောင်ကို မျိုနေသည်ကို တွေ့မြင်ကြလေ၏။ ပထမရသေ့က ဒုက္ခာမုစ္စန္တု ဟု
ရွတ်ဆိုပြီး ဖားလေး ဒုက္ခမှ လွတ်မြောက်ပါစေဟု စေတနာပြု၏။ ဒုတိယရသေ့က
သဗ္ဗေသတ္တာ ကမ္မဿကာ ဟု ရွတ်ပြီး သတ္တ၀ါအားလုံး ကံတရားစီမံသည့်အတိုင်းဟု
စေတနာပြု၏။ ပထမရသေ့ ဈာန်ပျံရာမှ အောက်သို့ ပြုတ်ကျလေ၏။ မြွေ၏ အစာကို
ဟန့်ပြီး မြွေကို ဒုက္ခဖြစ်စေသလို ဖြစ်သောကြောင့် ဖြစ်၏။ ဒုတိယရသေ့
ဈာန်ပျံမြဲ ပျံလေ၏။ ဥပေက္ခာဗြဟ္မစိုရ်တရား ပွါးများသောကြောင့်တည်း။
ထို့နောက်
နောက်ထပ်ရသေ့နှစ်ပါး ဈာန်ပျံရင်း ရောက်လာကြပြန်၏။ မြွေက ဖားကို
မျိုနေသည်ကို မြင်ကြပြန်၏။ ပထမရဟန်းက ဒုက္ခာမုစ္စန္တု ဟု ရွတ်သော်ငြားလည်း
စိတ်က သတ္တ၀ါအားလုံး ကံတရားစီမံသည့်အတိုင်းဖြစ်ပါစေဟု စေတနာပြု၏။
ဒုတိယရဟန်းက သဗ္ဗေသတ္တာ ကမ္မဿကာဟု ရွတ်သော်လည်း စိတ်ထဲက ဖားကလေး ဒုက္ခမှ လွတ်ပါစေဟု စေတနာ ပြု၏။ ဒုတိယရဟန်း ဈာန်လျောကျ၏။ ပထမရဟန်း ဈာန်ပျံမြဲပျံလေ၏။
စေတနာသာ အဓိက ဟု ဆိုလို၏။
ဗြိတိသျှစာကြည့်တိုက် ၊ ပါရမီတော်နိဿယ ပေမူမှ ကောက်နှုတ်ထားသည်။
.....
လူတစ်ယောက်
နေပူတောထဲ လမ်းလျှောက်ရင်း ရုပ်ပွါးတော်လေး အမိုးအကာမရှိဘဲ နေပူနေသည်ကို
မြင်၍ နေပူသက်သာစေရန် ကြည်ညိုသောစိတ်ဖြင့် ဖိနပ်ချွတ်ပြီး
ထီးလုပ်ပူဇော်ထားခဲ့၏။
နောက်တစ်ယောက်လဲ
ထိုနေရာသို့ ရောက်လာရာ ထို ဖိနပ်မိုးထားသော ရုပ်ပွါးတော်လေးကို မြင်လေ၏။
ဖိနပ်နှင့်ရုပ်ပွါးတော် မသင့်တော်ပါဘူး ဆိုပြီး ကြည်ညိုသောစိတ်ဖြင့်
ဖိနပ်အား ဖယ်ရှားထားခဲ့လေ၏။
ဒုတိယလူ
သက်တမ်းစေ့နေပြီး သေသွားသောအခါ တာဝတိံသာ နတ်ပြည်တွင် ဖြစ်လေ၏။ ထိုမှ
သက်တမ်းစေ့ပြီး စုတေလေရာ လူ့ပြည်တွင် စကြာဝတေးမင်းဖြစ်လေ၏။
ပထမလူ
သက်တမ်းစေ့နေပြီး သေလွန်သောအခါ တုသိတာ နတ်ပြည်တွင် ဖြစ်လေ၏။ ထိုမှ
သက်တမ်းစေ့ပြီး စုတေလျှင် လူ့ပြည်တွင် စကြာဝတေးမင်း ဖြစ်လေ၏။
ပထမလူက ပိုသာလွန်၏။ (တုသိတာနတ်ပြည်သည် တာဝတိံသာနတ်ပြည်ထက် ကြီးကျယ်မြင့်မြတ်၏။ အသက်တမ်းလဲ ပိုရှည်၏)။
(ဤဒုတိယအကြောင်းအရာကို မည်သည့် ပေစာထဲက
ထုတ်နှုတ်ယူထားသည်ဟု မမှတ်ထားမိလိုက်သည်ကို နောင်တရမိ၏။ ပေစာ တစ်ခုခုထဲကတော့
သေချာ၏။ အထက်က ပထမအကြောင်းအရာအတိုင်း ပါရမီတော်နိဿယ ပေမူထဲကများလား မသိ)။
.
No comments:
Post a Comment