Saturday 2 February 2013

ကိုယ့်ဇနီးနဲ့ကိုယ် ကာမေသုမိစ္ဆာစာရကံ ထိုက်ခြင်း

 နဲနဲ မသင့်တော်သလို ဖြစ်နေပေမဲ့ ဗဟုသုတဖြစ်စေဖို့ မ၀ံ့မရဲနဲ့ တင်ပေးလိုက်ပါတယ်။ အထူးသဖြင့် အိမ်ထောင်ရှင်အမျိုးသားများ မှတ်သားနိုင်ဖို့ပါ။

ပိုင်ဆိုင်ပြီးသား ပစ္စည်းတောင် အသုံးမတတ်ရင် သို့မဟုတ် မတော်မတရား အသုံးပြုရင် ပစ္စည်းပိုင်ရှင်မှာ အပြစ် ဖြစ်တတ်ပါတယ်။ ဥပမာ ကားတစ်စီးပိုင်ဆိုင်ထားတယ် ဆိုကြပါစို့။ အဲဒီကား တာယာကျွတ်ပေါက်ပြဲနေရင် ဒါမှမဟုတ် ဘရိတ်ပျက်နေရင် ဒါမှမဟုတ် ဆီလိုက်မမှန်ရင် ဒါမှမဟုတ် လေးကျိုးနေရင် ဒါမှမဟုတ် ရှေ့မီးနောက်မီးပျက်စီးနေရင် ကားမောင်းတဲ့သူမှာ အပြစ်ဒဏ်ထိတတ်ပါတယ်။

အဲဒီ ဥပမာလိုပါဘဲ။ အိမ်ထောင်ရှင်ယောက်ျားတစ်ယောက်ဟာ ကိုယ်ပိုင် တရားဝင် လက်ထပ်ယူထားတဲ့ အမျိုးသမီး (ကိုယ့်ရဲ့ဇနီးမယား)ပင် ဖြစ်ပစေ၊ အခါမသင့်ရင် ဒါမှမဟုတ် သဘာဝထက်ပိုလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်တဲ့။ စွယ်စုံကျော်ထင်ကျမ်းက ဆိုထားတာပါ။ မူရင်းအတိုင်း ကူးယူဖော်ပြပေးလိုက်ပါတယ်။
.......


၁း၂း၇၅။ ။ "မိစ္ဆာဖြစ်ဖွယ်၊ အိမ်ရှင်ဝယ်၊ လေးသွယ်ရှိ၏ အဘယ်နည်း" ၏ အဖြေ ကား-

အကာလ၊ အဒေသ၊ အနင်္ဂမနိယ၊ အဓမ္မ ဟူ၍ လေးပါး တည်း။ 

ထိုလေးပါးတို့တွင်...

အကာလ ဟူသည်ကား.... 
ဥတုလာသောအခါ၊ ဖျားနာသောအခါ၊ အလိုမရှိသောခါ၊ သားငယ်နို့စို့သောအခါ၊ ရက်ကန်း ဗိုင်းဝါ အစရှိသော အလုပ်အကိုင်ကို ပြုသောအခါ။ ဤကား အကာလ အခါတည်း။

အဒေသ ဟူသည်ကား....
 စေတီ ပုထိုး ရှိခိုးဝတ်တက်သော နေရာ၊ အမိ အဖတို့နှင့် စကားပြောဆိုသောနေရာ၊ ဆရာသမားနီးသောနေရာ။ ဤကား အ ဒေသ အခါတည်း။

အနင်္ဂမနိယဟူသည်ကား...... 
ပဿာဝမဂ်မှတစ်ပါး ဝစ္စမဂ် စသည်ကို ကျင့်ခြင်းသည် အနင်္ဂမနိယ မည် ၏။ 

အဓမ္မဟူသည်ကား...... 
ကျင့်ရိုးမဟုတ်သော အရာ၌ကျင့် ခြင်းသည် အဓမ္မမည်၏။ 

ထို့ကြောင့် ဆဂတိဒီပနီ၌-

အကာလေ အဒေသေ အဓမ္မေန အနင်္ဂေန သေဝန္တဿသ ကဒါရေပိ မိစ္ဆာစာရော ဟောတိ ဟု မိန့်အပ်၏။

အနက်ကား........

အကာလေ၊ ရောဂါကိုယ်ဝန် အလွန်ရင့်၍ မပြုသင့်သောအခါ၌ လည်းကောင်း။ 
အဒေသေ၊ မိဘဆရာ သူတကာတို့  မြင်သာသဖြင့် မသင့်သောနေရာ၌ လည်းကောင်း။ 
အဓမ္မေန၊ ကျင့်ရိုးမဟုတ် သဖြင့်လည်းကောင်း။ 
အနင်္ဂေနေ၊ ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သဖြင့် လည်းကောင်း။ 
 သေဝန္တဿ၊ မှီဝဲသောသူအား။ သကဒါရေပိ၊ မိမိ မယား၌လည်း။ 
မိစ္ဆာစာရေ၊ မှားသောအကျင့်သည်။ ဟောတိ၊ ဖြစ်၏။ 

ကာမသျှတ်၌လည်း လပြည့် လကွယ် ရှစ်ရက် သတင်းကြီး။ ဤနေ့တို့၌ မမှီဝဲအပ် ဟု ဆိုသည်။

ဤသို့ မိမိမယား၌ မိစ္ဆာစာရကံထိုက်သည်၏အဖြစ်ကို သိအပ်မှတ်အပ်သည်။

၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး၏။

စွယ်စုံကျော်ထင် အဖြေကျမ်း
http://www.zaygwet.com/literature.php?id=139 
 ..


ဒီစာစုလေးတွေ ဖတ်ပြီး နဲနဲတော့ အတွေးပွါးနေမိတယ်။ လင်ယောက်ျားက ကိုယ့်ဇနီးမယားကို အချိန်အခါမဟုတ်ဘဲ ကျူးလွန်မှုပြုရင် ကာမေသုမိစ္ဆာစာရကံ ထိုက်တယ်ဆိုရင် ဇနီးမယားက ကိုယ့်လင်ယောက်ျားကို အချိန်အခါမဟုတ်ဘဲ အတင်းဆက်ဆံခိုင်းရင်ကော ကာမေသုမိစ္ဆာစာရကံ မထိုက်ဖူးလားပေါ့။ လွန်ခဲ့တဲ့ သုံးလေးလက အင်တာနက်မှာ သတင်းတစ်ပုဒ် ဖတ်မိလိုက်တယ်။ ဇနီးမယားငါးယောက်က (အချို့နိုင်ငံ၌ တရားဝင် မိန်းမများစွာ ယူလို့ရ၏) သူတို့လင်ယောက်ျားကို အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ကြလို့ လင်ယောက်ျား ဆုံးပါးသွားရရှာတယ် ဆိုတဲ့သတင်းပါ။ အဲဒါကို သေချာ ဆန်းစစ်ကြည့်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်သလိုလိုများ ဖြစ်နေမလားလို့ပါ။ ကာမေသု မိစ္ဆာစာရဆိုတဲ့ အဓိပ္ပါယ်ကတောင်မှ... ကာမေသု၊ ကာမဂုဏ်တို့၌။ မိစ္ဆာစာရ၊ မှားယွင်းစွာကျင့်ခြင်း အလွန်အကျူးကျင့်ခြင်းလို့ ဆိုထားတာမဟုတ်လား။

ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့လေ။ ဘယ်အရာမဆို လွန်လွန်ကဲကဲ ဖြစ်ရင် မကောင်းပါဘူး။ အတိုင်းအတာတော့ ရှိသင့်ပါတယ်။ အစားအစာတောင်မှ နင်းကန်ပိတ်စားရင် ဘေးဖြစ်တတ်သေးတာ မဟုတ်လား။ လောဘကြီးတာတို့ ဒေါသကြီးတာတို့ အတ္တကြီးတာတို့ မာနကြီးတာတို့ မနာလိုဝန်တိုမှု အားကြီးတာတို့ဟာလဲ အတိုင်းအတာတစ်ခုထက် ပိုလာရင် ကာယကံရှင်ကိုဘဲ ပြန်လာထိခိုက်တတ်တာ ဓမ္မတာပါဘဲ။ ဒီတော့ လူသားအားလုံး ဘယ်အရာကိုမှ လိုအပ်တာထက် ပို မဖြစ်ချင်ကြပါနဲ့လို့ ဆန္ဒပြုလိုက်ပါရစေ။ ။

Photo
From here by courtesy of Google search

1 comment:

wah said...

For one life short -time period , it is enough to possede one couple and one family . Give many good action and share loving kindness to family.