Wednesday 28 November 2012

ဆရာသမားများရဲ့ ခွန်းဆင့်

 ငယ်စဉ်တုန်းကတော့ ကစားခုန်စားမှုတွေက အဆုံးအမတွေထက် ပို အားသာခဲ့တယ်။ တစ်ခါ တစ်ခါ အဆုံးအမ စကားတွေက ရယ်စရာ ဟာသတစ်ခုအသွင်  ဖြစ်ခဲ့တယ်။ တစ်ခါတစ်ခါမှာတော့ အဆုံးအမ စကားတစ်ခွန်း မှတ်မိရင် ဆယ်မှတ်ရတဲ့ ကျောက်သင်ပုန်းပေါ်က အပျော်တရားကို အဆုံးအမတွေက အန်မတုနိုင်ခဲ့ဘူး။ ကောက်စိုက်ပျိုးနှုတ် တောင်ယာခုတ်တွေနဲ့ ၀လုံးထဲ ၀င်ပတ်နေရသလို တောင်သူယဉ်ကျေးမှုဘ၀တွေထဲ အဆုံးအမစကားက တိုးမပေါက်ခဲ့ဘူး။ မောင်ပေါက်ကျိုင်းရဲ့ မေးပါများစကားရ၊ သွားပါများခရီးရောက်၊ မအိပ်မနေ အသက်ရှည်ဆိုတဲ့ ထုံးဟောင်းလေးကို အိပ်ရာဝင်ပုံပြင်ထက် ပို မကျော်ခဲ့ဘူး။ အဆုံးအမစကားတွေက ဘ၀ခရီးအတွက် ဘယ်လို အသုံးဝင်မယ်ဆိုတာ ကလေးပီပီ ပုံဖော်ဖို့ အမှတ်မရခဲ့ဘူး။ 

ကိုယ်နှင့် ကိုယ့်ဝန်းကျင်၊ ကိုယ်နှင့်ခရီးသွားဖော်များ၊ အနီးအဝေးမှ ကိုယ်နှင့်ကိုယ်မဟုတ်တဲ့ အခြားသူများ။ မြင်စိတ် ကြားစိတ် နံစိတ် လျက်စိတ် ထိစိတ် စဉ်းစားစိတ်။ ၀ီထိတွေ အလီလီကျပြီးမှ ဆုံးမစကားတစ်ချို့ကို အမှတ်ရမိလိုက်တယ်။ မတိုက်ဆိုင်ခင်ထိတော့ ခါးတောင်းကျိုက်တစ်ခြား ဟိုဒင်းတစ်ခြား။ တိုက်ဆိုင်လာပြီဆိုရင်တော့ ဒီအဆုံးအမလေး ပရင့်ထုတ်ပြီး ခေါင်းရင်း ကပ်ထားဦးမှ။ ငါ့အတွက်များ သက်သက် ဆုံးမထားခဲ့လေသလား။ ဆရာသမားများရဲ့ စကားအချို့။ နှစ်ချို့ဝိုင်တွေလောက် အရသာရှိမရှိ။ မြည်းစမ်းကြည့်လိုက်ကြဦးစို့။

ငါ့ရှင်
ပုရွက်ဆိတ်ကိုက်တာကို
ဒဏ်ရာကြီး လုပ်မနေမိစေနဲ့။

ငါ့ရှင်
ကိုယ့်ကိုကိုယ် မိုက်လှပြီမထင်နဲ့
အားလုံးက ငါ့ရှင်ထက် ပိုမိုက်နေတာကို တွေ့ရလိမ့်မယ်။

ငါ့ရှင်
လမ်းမှန်ပေါ်ရောက်မှ
လမ်းမပျောက်စေနဲ့။

ငါ့ရှင်
ဘာဖြစ်ဖြစ်နေနေ
ဆရာဟာ ဆရာပါဘဲ။

ငါ့ရှင်
ဘယ်အခြေအနေရောက်ရောက်
ဘ၀ မမေ့နဲ့။


.

Tuesday 20 November 2012

နီနီလေးရဲ့ သက်တမ်း

ရုပ်ဝတ္ထုဆိုပေမဲ့
သူ့မှာလဲ သက်တမ်းက ခပ်နုနုရယ်။

အာယုက္ခယဒဏ်လဲ ကြောက်ရ
ကမ္မက္ခယဒဏ်လဲ လန့်ရ
ဥဘယက္ခယဒဏ်လဲ ရှောင်ရ
ဥပစ္ဆေဒကဒဏ်လဲ ကွင်းရ
အဲဒီလို
ကြောက်-လန့်-ရှောင်-ကွင်း
မိုးစင်စင်လင်းခဲ့ပေါင်းလဲ မနည်းတော့ဘူး။

တစ်နှစ် တမ်း
သုံးနှစ် တမ်းတွေကို ကျော်ဖြတ်
ခုတော့ ငါးနှစ် သတ်မှတ်တယ်တဲ့။

အင်းးးး
မီးစာကို ညှိ
ဆီကိုဖြည့်ရင်း
လေပြင်းကို ကာကွယ်
ငါးနှစ်လောက်တော့ အ၀လည်ပစ်လိုက်ဦးမှ။


.

Friday 16 November 2012

မယ်တော်ကြီးအလွမ်းပြေ


၁၂ နှစ်ဆိုတာ ဘာမှ မကြာလိုက်သလိုပါဘဲလား။ မယ်တော်ကြီးရဲ့ နောက်ဆုံးထွက်သက်က ဒီနေ့ဆို ၁၂ နှစ်တင်းတင်း ပြည့်ရောပေါ့။ မယ်တော်ကြီးကို အမြဲတမ်း အမှတ်ရနေဆဲပါ။ နှစ်စဉ်နှစ်တိုင်းလဲ ဒီနေ့ ဒီရက်တွေမှာ မယ်တော်ကြီးအတွက် ရွာမှာ ကုသိုလ်ပွဲ လုပ်ပေးဖြစ်ပါတယ်။ ဒီနေ့လဲ ရွာမှာ မယ်တော်ကြီးရဲ့ သားတွေက မယ်တော်ကြီးအတွက် နှစ်ပတ်လည်လုပ်ရင်း ကထိန်ပွဲလေးပါ ထည့်ကျင်းပလိုက်ကြတယ်တဲ့။ ပြည်ပရောက်နေကြတဲ့ သားဦးဇင်းနှစ်ပါးလဲ မယ်တော်ကြီးအတွက် နှစ်စဉ် တတတ်တအား ကုသိုလ်ပါဝင်ပေးကြပါတယ်။ သားတွေရဲ့ ကုသိုလ်ကောင်းမှုကို မယ်တော်ကြီး တမလွန်က သာဓုခေါ်ဆိုနိုင်ပါစေ။
.......


သမီးတစ်ယောက်မှ မပါဘဲ သားယောက်ျားချည်း ငါးယောက်တိတိ မွေးဖွားပေးခဲ့တဲ့ မယ်တော်ကြီးကို အားလုံးက ချီးကျူးနေကြတယ်။ အလွန်မွန်မြတ်တဲ့ မိခင်ကောင်းတစ်ယောက်ပဲတဲ့။ မယ်တော်ကြီး တမလွန်ကနေ ကြည်နူးဂုဏ်ယူပေးပါ။ အချိန်စောစော ထွက်ခွါသွားခဲ့ပေမဲ့ သားယောက်ျားတွေ အားလုံးကို သာသနာ့အရောင်နဲ့ မြင်ခွင့်ရသွားတဲ့အတွက်တော့ မယ်တော်ကြီး ကျေနပ်ပျော်ရွှင်သွားခဲ့မယ်ထင်ပါတယ်။

(အကိုကြီး။ အကိုလတ်။ သားဦးဇင်း။ ညီလတ်။ ညီငယ်။)

ခမည်းတော်ကြီး ပြန်သွားတာ မယ်တော်ကြီးထက် ဆယ်စုနှစ် နှစ်ခုလောက် စောလေတော့ ခမည်းတော်ကြီးရဲ့  ဓါတ်ပုံကို လက်လှမ်းမမီလို့ မယ်တော်ကြီးနှင့် မယ်တော်ကြီးရဲ့ အစဉ်အဆက် တစ်ချို့ကိုဘဲ ဒီမှာ မှတ်တမ်း တင်လိုက်တယ်။ မယ်တော်ကြီး နှစ်သက်ပါ့မလားတော့ မသိ။ အခုဆို အကိုကြီးနှင့် ညီလတ်တို့ရဲ့ မိသားစုတောင် စည်စည်ကားကား ဖြစ်နေကြပြီလေ။ အကိုလတ်ကတော့ ခရီးလွန်နေတယ်။ ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းမသိတော့ဘူး။ သားဦးဇင်းနဲ့ ညီငယ်ကတော့ သာသနာ့ဘောင်မှာ ပျော်မွေ့နေဆဲပါဘဲ။

(မယ်တော်ကြီး။ အကိုကြီး။ အကိုလတ်။ သားဦးဇင်း။ ညီလတ်။ ညီငယ်။ အကိုကြီးရဲ့ သား ကိုရင်။ အကိုကြီးရဲ့ ဇနီး။ အကိုကြီးရဲ့ သမီး။ အကိုကြီးရဲ့ သား။ ညီလတ်ရဲ့ သား။ ညီလတ်ရဲ့ ဇနီး။)



သားဦးဇင်းရဲ့ ဘွဲ့နှင်းသဘင်တွေထဲက ဒီတစ်ခုကိုဘဲ မယ်တော်ကြီး ကိုယ်တိုင် တက်ရောက်ခွင့်ရခဲ့တယ်။ မယ်တော်ကြီး ထွက်ခွါသွားတာ နဲနဲတော့ စောသေးတယ် ထင်တာပါဘဲ။


အကိုကြီးရဲ့ သားသမီးတွေပါ။ အပေါ်ဓါတ်ပုံထဲမှာ ကိုရင်ရယ် ရှေ့တန်း ဘယ်အစွန်နှစ်ယောက်ရယ်က ပါပြီးသားပါ။ ဒီဓါတ်ပုံရိုက်တုန်းက သားသမီး စုစုပေါင်း ၆ ယောက်ထဲရှိပါတယ်။ အခုတော့ နောက်တိုး တစ်ယောက် ထပ်ရပြန်ပြီတဲ့။ မယ်တော်ကြီးရဲ့ မျိုးဆက်သစ်တွေ အများကြီးပေါ့။


ဒီနေ့မှာ ထူးထူးခြားခြား မယ်တော်ကြီးကို အောက်မေ့သတိရလို့ မယ်တော်ကြီးအလွမ်းပြေ အခုလို မှတ်တမ်းတင်လိုက်မိတာပါ။ ၁၂ နှစ်တိတိ ကြာညောင်းခဲ့ပေမဲ့ မယ်တော်ကြီးရဲ့ ရုပ်ပုံလွှာတွေက သားဦးဇင်းအနီးတစ်ဝိုက် ရစ်ဝဲနေဆဲပါဘဲ။ မယ်တော်ကြီးကို ဘယ်တော့မှ မေ့မရပါဘူး။ နေ့တိုင်းလဲ တစ်ရက်နှစ်ကြိမ် အမျှပေးဝေဖြစ်ပါတယ်။ မကြာမကြာလဲ တတ်နိုင်သလောက် ကုသိုလ်လုပ်ပါတယ်။ ကုသိုလ်လုပ်တိုင်းလဲ မယ်တော်ကြီးကို အမျှပေးဝေဖြစ်ပါတယ်။ ပေးဝေတဲ့ အမျှတွေ အားလုံးကို သာဓုခေါ်ဆိုနိုင်ပြီး မယ်တော်ကြီး ကောင်းရာမွန်ရာ ဘုံဘ၀မှာ ချမ်းသာသုခ ခံစားစံစားနိုင်ပါစေ။  ။

သားဦးဇင်း
အရှင်ဇနက (အင်္ဂါမောင်)
၁၃၇၄ ခု တန်ဆောင်မုန်းလဆန်း ၃ ရက် သောကြာနေ့
ည ၉ နာရီ မိနစ် ၃၀

.

Friday 2 November 2012

တွဲ

လက်တွဲပါ
လက်မဆွဲပါနဲ့။

Help somebody along
Don't force them to do wrong.














.