Tuesday 18 December 2012

မြန်မာပြည်ရောက်တော့မည့် ဘီဘီစီ

 ဒါ မင်္ဂလာသတင်းတစ်ခုပါဘဲ။ လာမဲ့ ဇန်န၀ါရီလက စပြီး မြန်မာနိုင်ငံမှာ ဘီဘီစီ အင်္ဂလိပ်ပိုင်းဆိုင်ရာ တီဗီအစီအစဉ် သုံးခုကို စတင် ထုတ်လွှင့်မယ်တဲ့။ CBeebies ရယ်၊ BBC Entertainment ရယ်၊ BBC World News ရယ်၊ ပြီးတော့ BBC World Service in Asia in English  အစီအစဉ်ပါ ထည့်လွှင့်ပေးမယ်တဲ့။ ဒါပေမဲ့ အခမဲ့ ထုတ်လွှင့်ပေးမဲ့ ပုံစံတော့ မဟုတ်လောက်ပါဘူး။ တန်ရာတန်ကြေးပေးဆောင်ရမဲ့သဘောပါ။ CBeebies ကတော့ ကလေးတွေအတွက် အဓိက ဖြစ်ပါတယ်။ နိုင်ငံ တော်တော်များများမှာ ကလေးတွေအတွက် အတော်လေး ထိရောက်မှုရှိပါတယ်တဲ့။ ပညာလဲရ ကလေးတွေလဲ ပျော်စေမဲ့ အစီအစဉ်လေးပေါ့။ BBC Entertainment ကတော့ ဇာတ်လမ်းတွေ  ဖျော်ဖြေရေးတွေ ရယ်မောဖွယ်တွေနဲ့ တင်ဆက်ထားတာဆိုတော့ မြန်မာတို့ရဲ့ နှစ်ပေါင်းများစွာက အမောလေးတွေ အနည်းအပါးတော့ ပြေပျောက်ကောင်းပါရဲ့။ BBC World News ကတော့ ၂၄ နာရီ ဘီဘီစီသတင်းပါ။ ဘယ်အချိန်ဖွင့်ဖွင့် သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ချန်နယ်လေး တစ်ခုပါ။ သတင်းရှားပါးချိန်ဆိုရင်တော့ တစ်နာရီအတွင်းမှာတောင် သတင်းတစ်ခုထဲကို ထပ်ကာထပ်ကာ ထုတ်လွှင့်ပေးတာ   လေးငါးကြိမ် ရှိတတ်ပါတယ်။ ဒါကြောင့် ဘယ်အချိန်ဖွင့်ကြည့်ဖွင့်ကြည့် သတင်း မျက်ခြေမပြတ်နိုင်ပါဘူး။ BBC World Service in Asia in English ကတော့ အင်္ဂလိပ်လို ၂၄ နာရီ ထုတ်လွှင့်ပေးထားတဲ့ ရေဒီယို အစဉ်အစဉ်လေးပါ။ အိမ်မှာ ထိုင်ပြီး တီဗီ ကြည့်ချိန်မရသူများအတွက် ကားပေါ် ရထားပေါ် စသဖြင့် နားထောင်လို့ အဆင်ပြေနိုင်ပါတယ်။ နားကြပ်ကလေး ကိုယ်စီတော့ တပ်ထားကြပေါ့။ ဒါမှ ပတ်ဝန်းကျင်ကို အနှောင့်အယှက် မပေးမိမှာ။ ဘာဘဲပြောပြော။ ကလေးကလေး လူကြီးလူကြီး။ ရှင်ရှင် လူလူ။ အားလုံးအတွက် အကျိုးရှိစေမှာပါ။ ဗဟုသုတအပြင် အင်္ဂလိပ်စာ အင်္ဂလိပ်စကားပါ တိုးတက်စေမှာမို့ မင်္ဂလာရှိစွာနဲ့ဘဲ ဘီဘီစီကို ကြိုဆိုရမှာပါ။  

 

မိရိုးဖလာ အမွေ

(က) မွေးဖွား
ကိုယ်လက်အင်္ဂါ စုံ
ကိုယ်လက်အင်္ဂါ မစုံ

(ခ) မင်္ဂလာ
မွေးနေ့
နားသ၊ ရှင်ပြု၊ ရဟန်းခံ
လက်ထပ်
ဂုဏ်ပြု

(ဂ) သေဆုံး
သက်တမ်းကုန်
ကံကုန်
သက်တမ်း+ကံ နှစ်ခုလုံးကုန်
အစိမ်းသေ

(ဃ) မေးခွန်း
ကဲ
ဘာလုပ်ခဲ့လဲ
ဘာလုပ်နေလဲ
ဘာလုပ်မှာလဲ

(င) ဖြစ်တည်မှု
ခေါ
ခေါ.. ခေါ...ခေါ
ခေါ...ခေါ...ခေါ....ခေါ

.

Wednesday 5 December 2012

သံတူကြောင်းကွဲ

(က)
ဒီခွက်ကလေးက အနှစ်နှစ်အလလ
 တောင်းစားလာခဲ့တဲ့ ခွက်ကလေး
နဲနဲတော့ ညှိတက်လာပြီ
အခုဆို နောက်ထပ် ခွက်သစ် တစ်လုံး ၀ယ်ဖို့ အချိန်ရောက်ပြီ
မိန်းမကလဲ ကိုယ်ဝန်ကြီးနဲ့
"ဒီကလေး မိဘအမွေဆက်ခံမဲ့ကလေး"

(ခ)
ငါ့မိန်းမဗိုက်ထဲက ကလေး
လှုပ်တုတ်လှုပ်တုတ်နဲ့
ဒီကောင် အခုကထဲက အမဲလိုက် လေ့ကျင့်နေပုံရတယ်
မွေးလာမှ ယမ်းစပ်နည်း သေနတ်ပစ်နည်း အမဲလိုက်နည်း သင်တန်းတွေ ကျကျနန ပေးရမယ်
"ဒီကလေး မိဘအမွေဆက်ခံမဲ့ကလေး"

(ဂ)
မိန်းမရေ.. ဟောဒီဗိုက်ထဲက ကလေး
မွေးလာရင်တော့ ဂဏန်းပေါင်းစက်နဲ့
နှစ်ပါးသွားခိုင်းရမယ်
တောကသွင်းလာတဲ့ ကုန်မျိုးစုံလက်ကား အလုပ်နဲ့
ဒီကောင်နဲ့ ဓါတ်တည့်လောက်တယ်
"ဒီကလေး မိဘအမွေဆက်ခံမဲ့ကလေး"

(ဃ)
မိန်းမက ကိုယ်ဝန်ရလာမှ ပိုလှလာတယ်
တွေးဥာဏ်ပိုထက်လာတယ်
ကုမ္ပဏီလဲ ပိုတိုးတက်လာတယ်
ဒီကောင်မွေးလာရင်တော့ နိုင်ငံခြားလွတ်ပြီး စီမံခန့်ခွဲပညာ ကျကျနန သင်ခိုင်းရမယ်
"ဒီကလေး မိဘအမွေဆက်ခံမဲ့ကလေး"

(င)
မင်းသမီးကိတ် ကိုယ်ဝန်ရလာတယ်
မင်းသားဝီလျံ အလုပ်တစ်ဖက်နဲ့
လာဖေးမစောင့်ရှောက်ပေးတယ်
ဝီလျံက ပြောတယ်
မိန်းမရေ ကျန်းမာရေးသေချာဂရုစိုက်နော်
ဟောဒီဗိုက်ထဲက ကလေးလေးကို ပိုပြီးဂရုစိုက်
"ဒီကလေး မိဘအမွေဆက်ခံမဲ့ကလေး"


.


Wednesday 28 November 2012

ဆရာသမားများရဲ့ ခွန်းဆင့်

 ငယ်စဉ်တုန်းကတော့ ကစားခုန်စားမှုတွေက အဆုံးအမတွေထက် ပို အားသာခဲ့တယ်။ တစ်ခါ တစ်ခါ အဆုံးအမ စကားတွေက ရယ်စရာ ဟာသတစ်ခုအသွင်  ဖြစ်ခဲ့တယ်။ တစ်ခါတစ်ခါမှာတော့ အဆုံးအမ စကားတစ်ခွန်း မှတ်မိရင် ဆယ်မှတ်ရတဲ့ ကျောက်သင်ပုန်းပေါ်က အပျော်တရားကို အဆုံးအမတွေက အန်မတုနိုင်ခဲ့ဘူး။ ကောက်စိုက်ပျိုးနှုတ် တောင်ယာခုတ်တွေနဲ့ ၀လုံးထဲ ၀င်ပတ်နေရသလို တောင်သူယဉ်ကျေးမှုဘ၀တွေထဲ အဆုံးအမစကားက တိုးမပေါက်ခဲ့ဘူး။ မောင်ပေါက်ကျိုင်းရဲ့ မေးပါများစကားရ၊ သွားပါများခရီးရောက်၊ မအိပ်မနေ အသက်ရှည်ဆိုတဲ့ ထုံးဟောင်းလေးကို အိပ်ရာဝင်ပုံပြင်ထက် ပို မကျော်ခဲ့ဘူး။ အဆုံးအမစကားတွေက ဘ၀ခရီးအတွက် ဘယ်လို အသုံးဝင်မယ်ဆိုတာ ကလေးပီပီ ပုံဖော်ဖို့ အမှတ်မရခဲ့ဘူး။ 

ကိုယ်နှင့် ကိုယ့်ဝန်းကျင်၊ ကိုယ်နှင့်ခရီးသွားဖော်များ၊ အနီးအဝေးမှ ကိုယ်နှင့်ကိုယ်မဟုတ်တဲ့ အခြားသူများ။ မြင်စိတ် ကြားစိတ် နံစိတ် လျက်စိတ် ထိစိတ် စဉ်းစားစိတ်။ ၀ီထိတွေ အလီလီကျပြီးမှ ဆုံးမစကားတစ်ချို့ကို အမှတ်ရမိလိုက်တယ်။ မတိုက်ဆိုင်ခင်ထိတော့ ခါးတောင်းကျိုက်တစ်ခြား ဟိုဒင်းတစ်ခြား။ တိုက်ဆိုင်လာပြီဆိုရင်တော့ ဒီအဆုံးအမလေး ပရင့်ထုတ်ပြီး ခေါင်းရင်း ကပ်ထားဦးမှ။ ငါ့အတွက်များ သက်သက် ဆုံးမထားခဲ့လေသလား။ ဆရာသမားများရဲ့ စကားအချို့။ နှစ်ချို့ဝိုင်တွေလောက် အရသာရှိမရှိ။ မြည်းစမ်းကြည့်လိုက်ကြဦးစို့။

ငါ့ရှင်
ပုရွက်ဆိတ်ကိုက်တာကို
ဒဏ်ရာကြီး လုပ်မနေမိစေနဲ့။

ငါ့ရှင်
ကိုယ့်ကိုကိုယ် မိုက်လှပြီမထင်နဲ့
အားလုံးက ငါ့ရှင်ထက် ပိုမိုက်နေတာကို တွေ့ရလိမ့်မယ်။

ငါ့ရှင်
လမ်းမှန်ပေါ်ရောက်မှ
လမ်းမပျောက်စေနဲ့။

ငါ့ရှင်
ဘာဖြစ်ဖြစ်နေနေ
ဆရာဟာ ဆရာပါဘဲ။

ငါ့ရှင်
ဘယ်အခြေအနေရောက်ရောက်
ဘ၀ မမေ့နဲ့။


.

Tuesday 20 November 2012

နီနီလေးရဲ့ သက်တမ်း

ရုပ်ဝတ္ထုဆိုပေမဲ့
သူ့မှာလဲ သက်တမ်းက ခပ်နုနုရယ်။

အာယုက္ခယဒဏ်လဲ ကြောက်ရ
ကမ္မက္ခယဒဏ်လဲ လန့်ရ
ဥဘယက္ခယဒဏ်လဲ ရှောင်ရ
ဥပစ္ဆေဒကဒဏ်လဲ ကွင်းရ
အဲဒီလို
ကြောက်-လန့်-ရှောင်-ကွင်း
မိုးစင်စင်လင်းခဲ့ပေါင်းလဲ မနည်းတော့ဘူး။

တစ်နှစ် တမ်း
သုံးနှစ် တမ်းတွေကို ကျော်ဖြတ်
ခုတော့ ငါးနှစ် သတ်မှတ်တယ်တဲ့။

အင်းးးး
မီးစာကို ညှိ
ဆီကိုဖြည့်ရင်း
လေပြင်းကို ကာကွယ်
ငါးနှစ်လောက်တော့ အ၀လည်ပစ်လိုက်ဦးမှ။


.

Friday 16 November 2012

မယ်တော်ကြီးအလွမ်းပြေ


၁၂ နှစ်ဆိုတာ ဘာမှ မကြာလိုက်သလိုပါဘဲလား။ မယ်တော်ကြီးရဲ့ နောက်ဆုံးထွက်သက်က ဒီနေ့ဆို ၁၂ နှစ်တင်းတင်း ပြည့်ရောပေါ့။ မယ်တော်ကြီးကို အမြဲတမ်း အမှတ်ရနေဆဲပါ။ နှစ်စဉ်နှစ်တိုင်းလဲ ဒီနေ့ ဒီရက်တွေမှာ မယ်တော်ကြီးအတွက် ရွာမှာ ကုသိုလ်ပွဲ လုပ်ပေးဖြစ်ပါတယ်။ ဒီနေ့လဲ ရွာမှာ မယ်တော်ကြီးရဲ့ သားတွေက မယ်တော်ကြီးအတွက် နှစ်ပတ်လည်လုပ်ရင်း ကထိန်ပွဲလေးပါ ထည့်ကျင်းပလိုက်ကြတယ်တဲ့။ ပြည်ပရောက်နေကြတဲ့ သားဦးဇင်းနှစ်ပါးလဲ မယ်တော်ကြီးအတွက် နှစ်စဉ် တတတ်တအား ကုသိုလ်ပါဝင်ပေးကြပါတယ်။ သားတွေရဲ့ ကုသိုလ်ကောင်းမှုကို မယ်တော်ကြီး တမလွန်က သာဓုခေါ်ဆိုနိုင်ပါစေ။
.......


သမီးတစ်ယောက်မှ မပါဘဲ သားယောက်ျားချည်း ငါးယောက်တိတိ မွေးဖွားပေးခဲ့တဲ့ မယ်တော်ကြီးကို အားလုံးက ချီးကျူးနေကြတယ်။ အလွန်မွန်မြတ်တဲ့ မိခင်ကောင်းတစ်ယောက်ပဲတဲ့။ မယ်တော်ကြီး တမလွန်ကနေ ကြည်နူးဂုဏ်ယူပေးပါ။ အချိန်စောစော ထွက်ခွါသွားခဲ့ပေမဲ့ သားယောက်ျားတွေ အားလုံးကို သာသနာ့အရောင်နဲ့ မြင်ခွင့်ရသွားတဲ့အတွက်တော့ မယ်တော်ကြီး ကျေနပ်ပျော်ရွှင်သွားခဲ့မယ်ထင်ပါတယ်။

(အကိုကြီး။ အကိုလတ်။ သားဦးဇင်း။ ညီလတ်။ ညီငယ်။)

ခမည်းတော်ကြီး ပြန်သွားတာ မယ်တော်ကြီးထက် ဆယ်စုနှစ် နှစ်ခုလောက် စောလေတော့ ခမည်းတော်ကြီးရဲ့  ဓါတ်ပုံကို လက်လှမ်းမမီလို့ မယ်တော်ကြီးနှင့် မယ်တော်ကြီးရဲ့ အစဉ်အဆက် တစ်ချို့ကိုဘဲ ဒီမှာ မှတ်တမ်း တင်လိုက်တယ်။ မယ်တော်ကြီး နှစ်သက်ပါ့မလားတော့ မသိ။ အခုဆို အကိုကြီးနှင့် ညီလတ်တို့ရဲ့ မိသားစုတောင် စည်စည်ကားကား ဖြစ်နေကြပြီလေ။ အကိုလတ်ကတော့ ခရီးလွန်နေတယ်။ ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းမသိတော့ဘူး။ သားဦးဇင်းနဲ့ ညီငယ်ကတော့ သာသနာ့ဘောင်မှာ ပျော်မွေ့နေဆဲပါဘဲ။

(မယ်တော်ကြီး။ အကိုကြီး။ အကိုလတ်။ သားဦးဇင်း။ ညီလတ်။ ညီငယ်။ အကိုကြီးရဲ့ သား ကိုရင်။ အကိုကြီးရဲ့ ဇနီး။ အကိုကြီးရဲ့ သမီး။ အကိုကြီးရဲ့ သား။ ညီလတ်ရဲ့ သား။ ညီလတ်ရဲ့ ဇနီး။)



သားဦးဇင်းရဲ့ ဘွဲ့နှင်းသဘင်တွေထဲက ဒီတစ်ခုကိုဘဲ မယ်တော်ကြီး ကိုယ်တိုင် တက်ရောက်ခွင့်ရခဲ့တယ်။ မယ်တော်ကြီး ထွက်ခွါသွားတာ နဲနဲတော့ စောသေးတယ် ထင်တာပါဘဲ။


အကိုကြီးရဲ့ သားသမီးတွေပါ။ အပေါ်ဓါတ်ပုံထဲမှာ ကိုရင်ရယ် ရှေ့တန်း ဘယ်အစွန်နှစ်ယောက်ရယ်က ပါပြီးသားပါ။ ဒီဓါတ်ပုံရိုက်တုန်းက သားသမီး စုစုပေါင်း ၆ ယောက်ထဲရှိပါတယ်။ အခုတော့ နောက်တိုး တစ်ယောက် ထပ်ရပြန်ပြီတဲ့။ မယ်တော်ကြီးရဲ့ မျိုးဆက်သစ်တွေ အများကြီးပေါ့။


ဒီနေ့မှာ ထူးထူးခြားခြား မယ်တော်ကြီးကို အောက်မေ့သတိရလို့ မယ်တော်ကြီးအလွမ်းပြေ အခုလို မှတ်တမ်းတင်လိုက်မိတာပါ။ ၁၂ နှစ်တိတိ ကြာညောင်းခဲ့ပေမဲ့ မယ်တော်ကြီးရဲ့ ရုပ်ပုံလွှာတွေက သားဦးဇင်းအနီးတစ်ဝိုက် ရစ်ဝဲနေဆဲပါဘဲ။ မယ်တော်ကြီးကို ဘယ်တော့မှ မေ့မရပါဘူး။ နေ့တိုင်းလဲ တစ်ရက်နှစ်ကြိမ် အမျှပေးဝေဖြစ်ပါတယ်။ မကြာမကြာလဲ တတ်နိုင်သလောက် ကုသိုလ်လုပ်ပါတယ်။ ကုသိုလ်လုပ်တိုင်းလဲ မယ်တော်ကြီးကို အမျှပေးဝေဖြစ်ပါတယ်။ ပေးဝေတဲ့ အမျှတွေ အားလုံးကို သာဓုခေါ်ဆိုနိုင်ပြီး မယ်တော်ကြီး ကောင်းရာမွန်ရာ ဘုံဘ၀မှာ ချမ်းသာသုခ ခံစားစံစားနိုင်ပါစေ။  ။

သားဦးဇင်း
အရှင်ဇနက (အင်္ဂါမောင်)
၁၃၇၄ ခု တန်ဆောင်မုန်းလဆန်း ၃ ရက် သောကြာနေ့
ည ၉ နာရီ မိနစ် ၃၀

.

Friday 2 November 2012

တွဲ

လက်တွဲပါ
လက်မဆွဲပါနဲ့။

Help somebody along
Don't force them to do wrong.














.

Friday 26 October 2012

ကြွေ


ကြွေပါစေ
မချွေပါနဲ့။

Let it drop off,
But strip it not.














.

Wednesday 24 October 2012

ကယ်



မကယ်နိုင်ရင်..
မတွယ်ပါနဲ့။

Cling not, to one,
Unless help can be done.













.

Monday 22 October 2012

မှန်ကင်းမှတ်တိုင်

 အမရပူရမြို့တည် နန်းတည် ပုဂံမင်းကိုးကွယ်သည့် သာသနာပိုင် မှန်ကင်းဆရာတော်ဘုရားကြီး ရေးသားတော်မူသော ပဋိပတ်ကျင့်စဉ် နှင့် သဘာဝတ္ထဒီပနီကျမ်း
ဇွဲပုံနှိပ်တိုက်
ရန်ကုန်
၁၉၇၇၊ သြဂုတ်လ (ပထမအကြိမ်)

 ထိုစာအုပ်၏ နိဒါန်းနှင့်နိဂုံးအရ မှန်ကင်းဆရာတော်သည် ၁၁၇၉ ခု ၀ါကျွတ်ပြီးစအချိန်၌ အမရပူရမှ ရန်ကုန်သို့ ရွှေတိဂုံဘုရားဖူးရန် ဆင်းလာခဲ့၏။ ထို အချိန်က ဦးမြတ်သူအမည်ရှိ ဒကာတစ်ယောက်က တရားအားထုတ်နည်း ရေးပေးရန် တောင်းပန်သည့်အတွက် ဤပဋိပတ်ကျင့်စဉ်အမည်ရှိကျမ်းကို ထိုခုနှစ်၌ပင် ပုရပိုက်တင်၍ ရေးသားခဲ့၏။ ထိုမှနောက်၌ ဦးမြတ်သူနှင့် စေတနာရှင်များက ပေထက်အက္ခရာ တင်ကြ၍ ၁၁၇၉ ခု ပြာသိုလ်လဆုတ် နှစ်ရက်နေ့ နေ့သုံးချက်တီးအချိန်မှ စတင်ပြီး ပေထုပ်အဖြစ် တည်ရှိသည်။
 ဒါန သီလ သရဏဂုံအကြောင်းဖြစ်သည့် သဘာဝဒီပနီ ခေါ် သဘာဝတ္ထဒီပနီကို ၁၁၇၈ (ပသျှူ မုနိ ရူပ ရူပေ) တန်ဆောင်မုန်းလဆန်း ကိုးရက် သုံးချက်တီးအချိန်တွင် ရေးပြီးသည်။ (ဤကျမ်းကိုလည်း ရွှေတိဂုံဖူးစဉ်က ရန်ကုန်တွင်ရေးခဲ့သည်။ ရန်ကုန်သွားသည့်နှစ်က ၁၁၇၉၊ ဤကျမ်းကို ရေးသည့်နှစ်က ၁၁၇၈ ဖြစ်နေသည်။ ဆင်ခြင်ရန်ဖြစ်သည်။)

အချို့ပေစာများ၌ အချိန်အတိအကျ နာရီ ဘ၀ါးပါမကျန် ရေးထားသည်ကို တွေ့ရလေ၏။ မိမိရေးသည့် ကျမ်းနှင့်တစ်ခြားကျမ်း ကျမ်းတူဖြစ်လျှင် မည်သူက ပို၍ အရင်ရေးသည်ကို သိစေလို၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ တောင်ဘီလာဆရာတော် ရေးသည့် ၀ိနည်းငါးကျမ်းနိဿယသည် ရွှေဥမင်ဆရာတော်ရေးသည့် ၀ိနည်းငါးကျမ်းနဲ့ တိုက်ဆိုင်နေ၍ မီးသဂြိဲုဟ်လိုက်သည်ဟု မှတ်သားဖူး၏။ ထို့အတူ ယခုကာလ ရဟန်းခံရာ၌လည်း အချိန်ကို ဘ၀ါးက စပြီး တိုင်းကြလေ၏။ (ဘ၀ါးအစား စက္ကန့်ကိုလဲ မှတ်ကြ၏။)။ ရဟန်းဖြစ်ရက် တူနေလျှင် အချိန်စော၍ ရဟန်းဖြစ်သည့် သူက သိက္ခာပိုကြီးကြောင်း သိရအောင်ပင်ဖြစ်၏။ 

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်က ရေးသားခဲ့သည့် စာမူဆိုစေကာမူ တရားဘာဝနာထုံမွှမ်းသူတို့ အဖို့ ဖတ်မှတ်သင့်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်ပေသည်။  ထိုစာအုပ်ထဲမှ ဘောဇဉ်အတိုင်းအရှည်၊ ကမ္မဋ္ဌာန်းနှင့်အချိန်၊ မေတ္တာပို့ပါဠိတွေထဲ စကားလုံးလေးတွေရဲ့ အဓိပ္ပါယ် နှင့် အာနာပါနကို အခြေခံ၍ ရှုမှတ်ရသော သမထဘာဝနာနည်း ၀ိပဿနာဘာဝနာနည်းတို့ကို အမြွှက်မျှ ထုတ်နှုတ်ကူးယူ တင်ပြပေးလိုက်ပါသည်။ (အင်္ဂါမောင်)


 ဘောဇဉ်အတိုင်းအရှည် (စာမျက်နှာ ၂၉)
အာဟာရကို သုံးဆောင်သည့် ကာလအဆုံး၌ လေးလုပ်ငါးလုပ်တန်သည်ကို လျော့၍စားပြီးလျှင် ရေကိုသာ သောက်ရာ၏။ ဤကဲ့သို့ သုံးဆောင်သည်ရှိသော် ကမ္မဋ္ဌာန်းစီးဖြန်းသော ပုဂ္ဂိုလ်အား ချမ်းသာစွာနေခြင်းငှါ လျောက်ပတ်၏ ဟု ကျမ်းဂန်လာသည်။ (စာမျက်နှာ၊၂၉)

ကမ္မဋ္ဌာန်းနှင့်အချိန် (စာမျက်နှာ ၂၉)
ဥပုသ်သီလ ခံယူပြီးလျှင် ရှေးဦးစွာ နေ့တစ်ချက်တီးတိုင် သီလာနုဿတိကမ္မဋ္ဌာန်းတစ်ပါးတည်းကိုသာ သိမ်းဆည်းရာသည်။ တစ်ချက်တီးကနေ နှစ်ချက်တီးတိုင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို သိမ်းဆည်းရာသည်။ နှစ်ချက်တီးကနေ သုံးချက်တီးတိုင် မရနဿတိကမ္မဋ္ဌာန်းကို သိမ်းဆည်းရာသည်။ နေ့သုံးချက်တီးကနေ နေ့နာရီ ကုန်ဆုံးသည့်တိုင်အောင် အနိစ္စ အစရှိသော သဘောကို ၀ိပဿနာဥာဏ်ဖြင့် သိမ်းဆည်းရာသည်။ ညဥ့်သုံးယာမ်တွင် ပထမယာမ်အတွင်း၌ မေတ္တာကမ္မဋ္ဌာန်းကို သိမ်းဆည်းရာသည်။ ဒုတိယယာမ်အဖို့၌ အိပ်ခြင်းကို ပြုရာ၏။ တတိယယာမ်အဖို့၌ အာနာပါနကမ္မဋ္ဌာန်းကိုသိမ်းဆည်းရာသည်။

 မေတ္တာပို့ပါဠိတွေထဲက သက်ရှိသတ္တ၀ါတွေ (စာ၊ ၁၄၆ မှ ၁၄၈ အထိ)
ရူပါဒီသု သဉ္ဇန္တီတိ သတ္တာ။
ရူပါရုံအစရှိသော ကာမဂုဏ်ငါးပါးတို့၌ ကပ်ငြိတတ်သောကြောင့် သတ္တမည်၏။ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာနှင့်တကွ ပုဂ္ဂိုလ် ၁၂ ယောက်ရ၏။ ပုထုဇဉ်ဘ၀က ကပ်ငြိခဲ့ဖူးသောကြောင့် ခီဏာသ၀လည်း အထင်ရုဠှီအားဖြင့် သတ္တမည်၏။

ပါဏန္တိ အဿာသပဿာသသမတ္တေန ဇီဝန္တီတိ ပါဏာ။
ထွက်သက်ဝင်သက်မျှဖြင့် ရှင်တတ်သောကြောင့် ပါဏမည်၏။ အမိဝမ်း၌ကိန်းသောသူ၊ ရေနစ်နေသောသူ၊ တွေဝေမိန်းမောနေသောသူ၊ သေသောသူ၊ နိရောဓသမာပတ်ဝင်စားသောသူ၊ စတုတ္ထဈာန်ဝင်စားဆဲ ကာမပုဂ္ဂိုလ်၊ ရူပအရူပပုဂ္ဂိုလ်။ ဤ ခုနစ်ယောက်မှ တစ်ပါး ကြွင်းသောပုဂ္ဂိုလ်ရ၏။

ဘ၀န္တီတိ ဘူတာ။
ထင်ရှားဖြစ်တတ်သောကြောင့် ဘူတမည်၏။  အမိဝမ်း၌ ကိန်းသောသူမှ တစ်ပါး ရုပ်နာမ်နှစ်ပါး ရှိသော ပုဂ္ဂိုလ်အားလုံးရ၏။

ပုံ ဂစ္ဆန္တီတိ ပုဂ္ဂလာ။
ငရဲသို့ သွားတတ်သောကြောင့် ပုဂ္ဂိုလ်မည်၏။ အပါယ်လားကြောင်း မကင်းသော ပုထုဇဉ်လေးယောက်ရ၏။ 

အတ္တဘာဝေသု ပရိယာပန္နာ အတ္တဘာဝရိယာပန္နာ။
ခန္ဓာငါးပါးဟု ဆိုအပ်သော အတ္တဘော၌ အကျုံးဝင်သောကြောင့် အတ္တဘာဝပရိယာပန္နမည်၏။ အရူပပုဂ္ဂိုလ်မှကြွင်းသော အလုံးစုံသော ပုဂ္ဂိုလ်ရ၏။ 

ကာမေ ဣစ္ဆတီတိ ဣတ္ထီ။
ကာမဂုဏ်တို့ကို အလိုရှိတတ်သောကြောင့် ဣတ္ထိမည်၏။

မာတာပိတူနံ ဟဒယံ ပူရေတီတိ ပုရိသော။
အမိအဘတို့၏ နှလုံးကို ပြည့်စေတတ်သောကြောင့် ပုရိသမည်၏။

အရေ ကိလေသေ ၀ိဒ္ဓံသေန္တီတိ အရိယာ။
ရန်သူဖြစ်သော ကိလေသာတို့ကို ပဟာနသတ္တိဖြင့် ဖျက်ဆီးတတ်သောကြောင့် အရိယာမည်၏။

န အရိယာ အနရိယာ။
ကိလေသာတို့ကို ဖျက်ဆီးတတ်ကုန်သည် မဟုတ်သောကြောင့် အနရိယာမည်၏။

ဒိဗ(ဗ)န္တိ ပဉ္စဂုဏေဟိ ကီဠန္တီတိ ဒေ၀ါ။
ကာမဂုဏ်ငါးပါးတို့ဖြင့် မြူးထူးမွေ့လျော်တတ်သောကြောင့် ဒိဝါမည်၏။

မနော ဥဿံ ဧတေသန္တီတိ မနုဿာ။
(မဂ်တည်းဟူသော သီတင်းသုံးခြင်း၏ အစွမ်းဖြင့်) မြတ်သောစိတ်ရှိသောကြောင့် မနုဿမည်၏။

ဝိနိပတန္တိ ၀ိဂစ္ဆန္တီတိ ၀ိနိပါတိကာ။
စည်းစိမ်မှ ရံခါကင်းတတ်သောကြောင့် ၀ိနိပါတိကမည်၏။ ပုဂ္ဂိုလ် တစ်ကျိပ်နှစ်ယောက်ရ၏။

အာနာပါန သမထနည်း ၀ိပဿနာနည်း (စာမျက်နှာ ၉၀ မှ ၁၂၄ ထိ)
အာနာပါနကမ္မဋ္ဌာန်းပွါးများနည်းကား...
အာနကား ထွက်သက်တည်း။ ပါနကား ၀င်သက်တည်း။ ထွက်သက်ဝင်သက်ဟူသည်လည်း ပရမတ္ထအားဖြင့် စိတ္တဇ၀ါယောဓါတ်တည်း။ ထွက်သက်၏အစကား ချက်၊ အလယ်ကား ရင်၊ အဆုံးကား နှာခေါင်းဖျား နှုတ်သီးဖျားတည်း။ ၀င်သက်၏အစကား နှာခေါင်းဖျား နှုတ်သီးဖျား၊ အလယ်ကား ရင်၊ အဆုံးကား ချက်တည်း။ ထိုကမ္မဋ္ဌာန်းကို သိမ်းဆည်းသည့်ကာလ ဆိတ်ငြိမ်ရာ၌ ထက်ဝယ်ခွေနေပြီးလျှင် မိမိစိတ်ကို နှာခေါင်းဝ နှုတ်ခမ်းဝ၌ တံခါးစောင့်သော ယောက်ျားကဲ့သို့ သတိတည်းဟူသော ကြိုးဖြင့် ဖွဲ့စည်းပြီးလျှင် ငါးကြိမ်အောက် ရေတွက်ခြင်းကို မပြုအပ်။ ဆယ်ကြိမ်အထက်လည်း ရေတွက်ခြင်းကို မပြုအပ်။ စင်စစ်သော်ကား တစ်ခု နှစ်ခု သုံးခု လေးခု ငါးခုဟူ၍လည်းကောင်း၊ ခြောက်ခုထိသော်လည်းကောင်း ခုနစ်ခုထိသော်လည်းကောင်း ရှစ်ခုထိသော်လည်းကောင်း ကိုးခုထိသော်လည်းကောင်း ရေတွက်ရာ၏။ ရေတွက်သည့်ကာလ စပါးခြင်သော ယောက်ျားကဲ့သို့ ရှည်စွာသော ထွက်သက် ၀င်သက်ကို ဖြစ်စေ၍ နှေးနှေးရေတွက်ရာ၏။ ဤသို့ ရေတွက်ဖန်များသည်ရှိသော် ရုန့်ရင်း ကြမ်းတမ်းသော ထွက်သက်ဝင်သက်သည် သိမ်မွေ့ခြင်းသို့ ရောက်ရာ၏။ သိမ်မွေ့သည့်ကာ နှေးနှေးရေတွက်ခြင်းကို ပယ်၍ နွားကျောင်းသား၏ ရေတွက်ခြင်းကဲ့သို့ လျင်စွာ လျင်စွာ ရေတွက်ရာ၏။ ဤကဲ့သို့ ရေတွက်ဖန် များလတ်သော် ထိုအာနာပါနကို အာရုံပြု၍ ဖြစ်သော သမာဓိသည် တည်သည်သာလျှင်ဖြစ်၏။ မိမိ၏ ကရဇကာယဟုဆိုအပ်သော ရုပ်သည်လည်း ၀ါဂွမ်းဆိုင်ကဲ့သို့ ပေါးပါးခြင်း အဓွန့်ရှည်သော ခရီးကို မပင်မပန်းသွားနိုင်ခြင်း ရူပကာယ၏ ကျင်နာခြင်းမှ ကင်းခြင်း ၀တ္ထုရုပ်၏ ကြည်လင်ခြင်းသို့ ရောက်၏။ 

ဝိပဿနာသို့ တက်ရာသော နည်းကား..
ထွက်သက်ဝင်သက်ဖြစ်သော စိတ္တဇ၀ါယောဓါတ်သည် မိမိချည်းမဖြစ်။ ကြွင်းသော မဟာဘုတ် သုံးပါး ၀ဏ္ဏ ဂန္ဓ ရသ သြဇာနှင့်တကွ ရုပ် ၂၀ ကိုလည်း ရသင့်၏။ (ထို ၂၀ ကို မရှင်းလင်း)။ ထို သည် ရူပက္ခန္ဓာမည်၏။ ထိုသည် အာရုံသာ ဖြစ်သည်။ အာရမ္မဏိကဖြစ်သောတရားကို စူးစမ်းသည်ရှိသော် လောကီ ၈၁ စေ ၅၂ ဟု ဆိုအပ်သော နာမ်တရားကိုလည်း ရသင့်၏။ ထိုတွင် ဝေဒနာသည် ဝေဒနက္ခန္ဓာမည်၏။ သညာသည်....၏။ ဝေ.သဉ်မှ ကြွင်းသော စေ ၅၀ သည် သင်္ခါရ..မည်၏။ လောကီ ၈၁ သည် ၀ိညာ.. . မည်၏။  ဤခန္ဓာငါးပါးသည် ခဏမတည် ကုန်တတ် ပျက်တတ်သောကြောင့် အနိစ္စမည်၏။ ဥပါဒ် ဌီ ဘင်တို့ဖြင့် မပြတ်နှိပ်စက်အပ်သည်ဖြစ်၍ ဒုက္ခမည်၏။ ငါ၏ခန္ဓာငါးပါးသည် မပျက်စီးစေပါလင့်ဟု တောင့်တ၍ မရ၊ ပျက်စီးချိန်တန်လျှင် အလိုအလျှောက်ပျက်စီးသည်ဖြစ်၍ အလိုသို့ မလိုက်တတ်သောကြောင့် အနတ္တမည်၏။ ရှုဖန်များလတ်သော် ခန္ဓာငါးပါးဟု ဆိုအပ်သော ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်း နိဗိ(ဗ)ဒါဥာဏ်ဖြစ်၏။ ထိုဥာဏ်သည် မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ(ဗ)ာန်ရခြင်း၏ အကြောင်းရင်း ဖြစ်၏။ ဤကဲ့သို့ ၀ိပဿနာလမ်းသို့ တက်ရာ၏။ (အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန)။

ထို့အတူ...
အတိတ် အနာဂါတ် ပစ္စပ္ပုန်တို့၌ ဖြစ်သော ခန္ဓာငါးပါး၊ အတွင်းအာယတနခြောက်ပါး၊ အပြင်အာယတန ခြောက်ပါး၊ ၀ိညာဏ် ခြောက်ပါး၊ ဖဿ ခြောက်ပါး၊ ဝေဒနာ ခြောက်ပါး၊ သညာ ခြောက်ပါး၊ စေတနာ ခြောက်ပါး၊ တဏှာ ခြောက်ပါး၊ ၀ိတက် ခြောက်ပါး၊ ၀ိစာရ ခြောက်ပါး၊ ဓါတ် ခြောက်ပါး၊ ကသိုဏ်း ဆယ်ပါး၊ ဒွတ္တိ့သကာယ သုံးဆယ့်ခြောက်ပါး၊ အာယတန ဆယ့်နှစ်ပါး၊  ဓါတ် ဆယ့်ရှစ်ပါး၊ ဣနြေ္ဒ ဆယ့်ကိုးပါး၊ ဓါတ်သုံးပါး၊ ဘ၀ ကိုးပါး၊ ဈာန်လေးပါး၊ ၀ိမုတ္တိလေးပါး၊ အရူပသမာပတ် လေးပါး၊ ပဋိစ္စသမုပ္ပါဒ် ဆယ့်နှစ်ပါးတို့လည် အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော လက္ခဏာတို့သို့ တင်၍ ဆင်ခြင်သည့် ၀ိပဿနာတက်လမ်းများစွာလည်းရှိသေး၏။

.
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သာသနာ့တာဝန်ကို တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်နိုင်ကြပါစေ။ (အင်္ဂါမောင်)

.


Wednesday 17 October 2012

ဘယ်သီလလဲ?

စာရေးသူတို့ ကျေးလက်ဒေသတွေမှာ လူလတ်ပိုင်း လူကြီးပိုင်းတွေ ဥပုသ်နေ့တွေရောက်တိုင်း ဥပုသ်သီလယူပြီး ဘုန်းတော်ကြီးကျောင်းမှာဘဲ ညအိပ်လေ့ရှိပါတယ်။ အထူးသဖြင့်တော့ သင်္ကြန်ကာလဆိုရင် သင်္ကြန်အကြိုနေ့ကစပြီး ဘုန်းတော်ကြီးကျောင်းမှာ ရှစ်ပါးသီလယူပြီး ကျောင်းအိပ်ကျောင်းစား ဥပုသ်ဆောက်တည်လေ့ရှိကြပါတယ်။ သင်္ကြန်ပြီးလို့ နှစ်ဆန်း နှစ်ရက်နေ့ရောက်မှ ဥပုသ်ထွက်ကြပါတယ်။

အဲဒီ သင်္ကြန်ကာလက စတင်ပြီး လပြည့် လကွယ် ဥပုသ်နေ့တိုင်း ဥပုသ်ဆောက်တည်လာကြာတာဟာ တန်ဆောင်မုန်း လပြည့်နေ့ ဥပုသ်စောင့်ပြီး လပြည့်ကျော်တစ်ရက်နေ့ ဥပုသ်ထွက်တော့မှဘဲ ဥပုသ်က အနားယူလေ့ရှိကြပါတယ်။ ဆောင်းကာလမို့ အေးလွန်းလို့ ဥပုသ်ရှောင်ကြတဲ့ သဘောပါဘဲ။ တန်ခူးလ သင်္ကြန်ရောက်ရင်တော့ ဥပုသ်ပြန်စကြတာပေါ့။

စာရေးသူတို့ဘက်က ရွာတွေမှာ ဘုန်းတော်ကြီးကျောင်းတွေအတွက် မနက်အရုဏ်ဆွမ်းကို ဒကာမတွေ တန်းစီပြီး မနက် ခြောက်နာရီလောက်မှာ  နေ့စဉ်ပို့ပါတယ်။ ဆွမ်းပို့ ငါးပါးသီလ ယူပြီးမှ ဘုန်းတော်ကြီးကျောင်းကနေ ပြန်ကြတာပါ။ ပြီးတော့ နေ့ဆွမ်းအတွက်လဲ ထပ်ပြီး လာပို့ကြပါသေးတယ်။ နေ့ဆွမ်းကိုတော့ သူတို့အဆင်ပြေသလို ထမင်းဟင်းကျက်တဲ့အချိန် လာပို့ကြပါတယ်။ မနက်အရုဏ်ဆွမ်းလိုတော့ တန်းစီပြီး မလာကြဘူးပေါ့။ အဲဒီလို ဆွမ်းပို့လာတဲ့အခါမှာ သူတို့ဖာသာ သူတို့ အဆင်ပြေသလို ဘုရားရှိခိုးပြီး ဆွမ်းတော်တင်သွားလေ့ရှိပါတယ်။

ဥပုသ်နေ့ဆိုရင်တော့ ဥပုသ်စောင့်မဲ့ ဥပုသ်သည်တွေနဲ့အတူ မနက်အရုဏ်ဆွမ်းလာပို့တဲ့ ဒကာမတွေ ဥပုသ်သီလ (ရှစ်ပါးသီလ) ယူကြပါတယ်။ ဥပုသ်သည်တွေကတော့ ဥပုသ်တစ်နေ့လုံးအတွက် ရှစ်ပါးသီလ ယူကြပေမဲ့ ဆွမ်းလာပို့တဲ့ ဒကာမတွေကတော့ တစ်ထိုင် ဥပုသ်သီလပေါ့။ အဲဒီလို သီလယူပြီးတဲ့ အချိန်ကစပြီး ဥပုသ်သည်တွေဟာ အိမ်ကို မပြန်ကြတော့ပါဘူး။ ဘုန်းတော်ကြီးကျောင်းမှာဘဲ တစ်နေကုန်နေကြပါတယ်။ ညအိပ်ပါတယ်။ အမျိုးသားဥပုသ်သည်တွေက ဘုန်းကြီးကျောင်းဆောင်ပေါ်မှာ အိပ်ပြီး အမျိုးသမီးဥပုသ်သည်တွေကတော့ စရပ်မှာ အိပ်ကြပါတယ်။ နောက်တစ်နေ့ မနက်ပိုင်းမှ ဥပုသ်ထွက်ကြပါတယ်။ ရွာထဲက အပျိုလူပျိုတွေ ချက်ကျွေးတဲ့ ဥပုသ်ဆွမ်းစား၊ အပျိုလူပျိုတွေကို ဆုပေးပြီးမှ ဘုန်းတော်ကြီးကျောင်းကနေ အိမ်ကို ပြန်လေ့ရှိကြပါတယ်။

ဥပုသ်သည်တွေရဲ့ သက်ဆိုင်ရာသားသမီးတွေက သူတို့ရဲ့ မိဘတွေအတွက် နေ့လည်စာလာပို့ကြပါတယ်။ အိပ်ယာလိပ်လဲ လာပို့ကြပါတယ်။ ဥပုသ်တွေဟာ ညနေဘက်မှာလဲ ဥပုသ်သီလ ထပ်ပြီး ခံယူလေ့ရှိပါတယ်။ အခန့်သင့်ရင်သင့်သလို ဘုန်းတော်ကြီးက တရားဟောလေ့ရှိပါတယ်။

တစ်ခါတစ်ခါတော့လဲ ဘုန်းတော်ကြီးကျောင်းပေါ်က အမျိုးသားဥပုသ်သည်တွေရဲ့ စကားပြောသံ၊ တရားရွတ်ဖတ်သံ၊ အိပ်ဟောက်သံတွေ ကြားရတတ်ပါတယ်။ ထို့အတူ စရပ်ပေါ်က အမျိုးသမီး ဥပုသ်တွေဆီကလဲ အဲဒီအသံမျိုးတွေ ကြားရတတ်ပါဘဲ။ တစ်ချို့လဲ တရားထိုင် ပုတီးစိပ်လေ့ရှိပါတယ်။ ဥပုသ်နေ့ရောက်မှဘဲ ရွာထဲက လူကြီးပိုင်းတွေ ဘုန်းကြီးကျောင်းမှာ လာဆုံကြတာဆိုတော့ စကားပြောကြတာကတော့ အဆန်းမဟုတ်တော့သလိုပေါ့။

အဲဒီအကြောင်းလေးတွေ စဉ်းစားမိတိုင်း မှန်ကင်းဆရာတော် ရေးထားတဲ့ စာအုပ်ထဲက သီလလေးမျိုးကို သတိရနေမိတယ်။ ဥပုသ်သည်တွေအတွက် မှတ်သားစရာ ကောင်းပါတယ်။

သီလလေးမျိုး
၁။ဟာနဘာဂိယသီလ
ဥပုသ်သီလခံယူပြီး သားသမီးအကြောင်း ယောက်ျားမိန်းမအကြောင်း ထမင်းဟင်းအကြောင်း လုပ်ငန်းအကြောင်း စတဲ့ မဂ်ဖိုလ်ရဲ့ ဆန့်ကျင်ဘက်စကားတွေနဲ့ အချိန်ကို ကုန်လွန်စေတဲ့ သီလ။

၂။ဌိတိဘာဂိယသီလ
ဥပုသ်သီလခံယူပြီး ကမ္မဋ္ဌာန်းတရား အားမထုတ်ဘဲ သီလတည်ရုံလေးဖြင့် ကျေနပ်နေပြီး အချိန်ကို ကုန်လွန်စေတဲ့ သီလ။

၃။ဝိသေသဘာဂိယသီလ
ဥပုသ်သီလခံယူပြီး ကမ္မဋ္ဌာန်းလေးဆယ်ထဲက ကမ္မဋ္ဌာန်းတစ်ခုခုကို အားထုတ်ပြီး အချိန်ကို ကုန်လွန်စေတဲ့ သီလ။

၎။နိဗ္ဗေဓဘာဂိယသီလ
ဥပုသ်သီလခံယူပြီး ကမ္မဋ္ဌာန်းတရား အားထုတ်သဖြင့် တည်ကြည်မှု သမာဓိရရှိပြီး ထိုသမာဓိကို အခြေပြု၍ ခန္ဓာငါးပါးတို့၌ ငြီးငွေ့သဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ လက္ခဏာလေးသုံးပါးသို့ တင်ပြီး ဥာဏ်ဖြင့် ဆင်ခြင်ကာ အချိန်ကို ကုန်လွန်စေတဲ့ သီလ။

လင်္ကာ။
ဟာ ဌိ ၀ိ နိဗ်၊  လေးမျိုးစိပ်၊ တစ်ဆိတ်မှတ်ကြပါ။
သီလလေးမျိုး၊ ချိန်ကာထိုး၊ ပွါးတိုးဘာဝနာ။ (အင်္ဂါမောင်)

ကဲ...
ဥပုသ်သီတင်းသီလ ယူထားကြတဲ့ သူတော်ကောင်း ဥပုသ်သည် အမျိုးသား အမျိုးသမီးများ... မိမိတို့အနေနဲ့ အထက်က ဥပုသ်လေးမျိုးထဲက ဘယ်ဥပုသ်မျိုးနဲ့ ဥပုသ်ဆောက်တည် နေကြသလဲဆိုတာ ချိန်ထိုးကြည့်ကြပေါ့။ တတိယနှင့်စတုတ္ထထဲ ပါဝင်နေပြီဆိုရင်တော့ သာဓု အကြိမ်များစွာ ခေါ်ဆိုကြရမှာပါ။

အားလုံးကျန်းမာချမ်းသာ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အရှင်ဇနက (အင်္ဂါမောင်)
၁၇.၁၀.၂၀၁၂ ဗုဒ္ဓဟူးနေ့

.
ကိုးကား။
မှန်ကင်းဆရာတော်
(အရှင်ဝါယမိန္ဒတည်းဖြတ်)
ပဋိပတ်ကျင့်စဉ်နှင့်သဘာဝတ္ထဒီပနီကျမ်း
စာ၊ ၂၄-၂၅


.

Monday 15 October 2012

သာဓုခေါ်ဆို လအောက်တို


သားသားမီးမီး ကလေးတွေ
ပညာနို့ စို့နေ။

ရွာအ၀င် သာယာကျောင်း
စည်းကမ်း အလွန်ကောင်း။

ပညာသင်ရာ ဆောက်အအုံ
မိုးနှင့်လေ မလုံ။

ဒါနရှင်တွေ ၀ိုင်းကာဆောက်
ရွှေကျောင်း မှိုလိုပေါက်။

မုဒိတာရဲ့ ရင်းမြှစ်တွေ
သီးပွင့်လှိုင်လှိုင်ဝေ။

မိုးနှင့်လေ ပယ်ခါဖျောက်
လိုရင်း ခရီးရောက်။

ကျောင်းသူကျောင်းသား မောင်မယ်တွေ
ပြုံးပန်းတဝေေ၀။

လက်ချင်းယှက်ကာ ကျောင်းကိုသွား
နိုင်ငံ့ ဂုဏ်အင်အား။

 တစ်လက်နှစ်လက် ၀ိုင်းကာကူ
စုပေါင်း တို့အလှူ။

အလှူရှင်တွေ ဆင်ခါနွှဲ
ငါတို့ ကျောင်းအပ်ပွဲ။

* နှစ်သုဉ်တစ်နှစ် ဆန်းဒေးမှာ
နှစ်တစ် အောက်တိုဘာ။

ကျောင်းအလှူ ရေစက်ချ
သာဓု ခေါ်ဆိုကြ။

သာဓု သာဓု သာဓု။


ကမ္ဘာအရပ်ရပ်က အလှူရှင်များအားလုံးကိုယ်စား မြန်မာမုဒိတာလူငယ်များအဖွဲ့မှတစ်ဆင့် ဆောင်ရွက်   ဆောက်လုပ်  ပေးနေတဲ့  သန်လျင်မြို့နယ်၊ သာယာကုန်းဘုန်းတော်ကြီးပညာသင်ကြားရေး ကျောင်းဆောင်သစ်ဟာ အားလုံးရဲ့ စေတနာ မေတ္တာတွေကြောင့် ချောမွေ့စွာဘဲ ပြီးဆုံးအောင်မြင်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလာမဲ့ တနင်္ဂနွေနေ့ (၂၀၁၂၊ အောက်တိုတာလ ၂၁ ရက်)မှာ စုပေါင်း ရေစက်ချ လှူဒါန်းမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်သွားရောက် ပါဝင်ရေစက်ချလိုသူများအား ဖိတ်ခေါ်ပါတယ်။ 
အကြောင်းစုံ အသေးစိပ်ကိုတော့ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ ဘလော့ဝက်ဘ်ဆိုဒ်ပေါ်မှာ သွားရောက် ကြည့်ဖတ်ရှုနိုင်ပါတယ်။ အဲဒီဘလော့မှာ ကျောင်းအပ်ပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ပုဒ်ကို ဓါတ်ပုံနှင့်တကွ ပြည့်စုံစွာ ဖော်ပြထားပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လောကအကျိုး လူမျိုးအကျိုး သာသနာ့အကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေ။

မေတ္တာဖြင့်
အရှင်ဇနက (အင်္ဂါမောင်)


*ခက်ဆစ်။
နှစ်သုဉ်တစ်နှစ် ဆန်းဒေး = ၂၀၁၂၊  တနင်္ဂနွေ
နှစ်တစ် အောက်တိုဘာ=  အောက်တိုဘာ ၂၁ ရက်

.


Monday 8 October 2012

All but the life’s gone

Worst and best
Which elated then desolated
“Dual name” is this

Nadir and zenith
That plummets then Rockets up
“Dual name”  is that

Indulgence and upset
Which exultant and depressed
“Dual name” is thus

Thinking of the “Dual name”
Speculating a bit dirty dreams
All but the disciplines
Letting them be unrestrained

I am relieved, Oh, Alas!!
Among the seven well-guards
A Barricade doesn’t still burst
Which is just of the last

.

Sunday 7 October 2012

ခပ်ငွေ့ငွေ့ အသက်

ကောင်းဆုံး ဆိုးဆုံး
ရွှင်ပြုံး နွမ်းလျ
နှစ်မည်ရ။

စံရ ခံရ
သုခ ဒုက္ခ
နှစ်မည်ရ။

ထိပ်ဖျား ဘိတ်ဖျား
မြင့်မား ထိုးကျ
နှစ်မည်ရ။

အဲဒီ " နှစ်မည်ရ " အတွက်
မက်လိုက်တဲ့ အိပ်မက်ရိုင်းတွေ
သိုင်းကြိုးတွေတောင်
ပြေကျလုလု။

တော်ပါသေးရဲ့
ဝတ်ရုံ ခုနစ်လွှာ
တစ်လွှာပါးပါး
ချန်ထားခဲ့နိုင်သေးလို့။


.

Thursday 4 October 2012

မှိုင်းထ သမိုင်း


 တုပ်ချည်မှုတွေကြား
အိပ်မက် အားအားတွေထဲ
ထထ ပေါက်ကွဲသွားတဲ့
မျိုးဆက်ပွါးလေးတွေရယ်။

လွတ်လပ်ခြင်း နှောင်အိမ်မှာ
သုခတွေ နောင်ဂျိန် ခင်းပြီး
ဗြောင်လိမ်ရင်း ဆက်ချီတက်
ဘ၀ ခါးသက်သက်တွေရယ်။

ပန်းတိုင် ပလ္လင်နန်းပေါ်မှာ
ဝရဇိန် ရမ်းကိုင်ပြီး
ခပ်တိမ်တိမ် အနာဂါတ်တွေအတွက်
ခပ်မှိန်မှိန် သန္နိဋ္ဌာန်တွေရယ်။

အနန္တလောကအကြောင်း
ဇီဝအတ္တအကြောင်း
နိဗ္ဗာနမဂ္ဂအကြောင်း
ခပ်ပြင်းပြင်း တွေးခေါ်နေတဲ့
ခပ်ဖျင်းဖျင်း ဦးဏှောက်တွေရယ်။

သမိုင်းစာအုပ်ထမ်းပြီး
သမိုင်းကျမ်းကြီးကိုဖောက်
သမိုင်းနဲ့ တည်ဆောက်ထားတဲ့
သမိုင်း ခပ်စောက်စောက်ထဲမှာ
သမိုင်းမကျေမှာတော့ ကြောက်နေမိသလိုလို။

.


Thursday 27 September 2012

ကျိုးပေါက်ပြောက်ကြား

 လူဝတ်ကြောင်များအနေဖြင့် ငါးပါးသီလကို မကျိုး မပေါက် မပြောက် မကြားဘဲ ထိန်းသိမ်းနိုင်လျှင် သီလစင်ကြယ်ပြီး ဘ၀သံသရာအတွက် စိတ်အေးရမည်ဖြစ်ပါသည်။ သီလစင်ကြယ်လျှင် စိတ်တည်ကြည်နိုင်ပါသည်။ စိတ်တည်ကြည်နေတဲ့ သူအတွက် အမှန်တရားကို သိရှိဖို့ရန် လွယ်ကူသွားပါသည်။ ထို့ကြောင့် ငါးပါးသီလကို မကျိုး မပေါက် မပြောက် မကြားအောင် ထိန်းသိမ်းကြပါကုန်။ ။

ကျိုး
ငါးပါးသီလထဲမှ အစဆုံး သီလနှင့် နောက်ဆုံး သီလ ပျက်လျှင် သီလကျိုးသည်ဟု ခေါ်ပါသည်။ (ပါဏာတိပါတနှင့်သုရာမေရယသိက္ခာပုဒ်)

ပေါက်
အလယ်သီလ ပျက်လျှင် သီလပေါက်သည်ဟု ခေါ်ပါသည်။
(ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်)

ပြောက်
တစ်ခုခြား သီလပျက်လျှင် သီလပြောက်(အစက်အပြောက်ဖြစ်)သည်ဟု ခေါ်ပါသည်။
(ပါဏာတိပါတ+ကာမေသုမိစ္ဆာစာရ+သုရာမေရယသိက္ခာပုဒ်) သို့မဟုတ် (အဒိန္နာဒါန+မုသာဝါဒသိက္ခာပုဒ်)

ကြား
နှစ်ခု သုံးခုစီ သီလပျက်လျှင် သီလကြားသည်ဟု ခေါ်ပါသည်။
(ပါဏာတိပါတ၊အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်+ မုသာဝါဒ၊ သုရာမေရယသိက္ခာပုဒ်) သို့မဟုတ်
(ပါဏာတိပါတ၊အဒိန္နာဒါန+ ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်၊ မုသာဝါဒ၊ သုရာမေရယသိက္ခာပုဒ်)

လင်္ကာ။
ငါးပါးသီလ၊ စောင့်ထိန်းမှ၊ ဘ၀ချမ်းသာမှာ။
ကျိုးပေါက်ပြောက်ကြား၊ ထိုလေးပါး၊ ရှောင်ရှားကြလေရာ။
စ-ဆုံး ပျက်လျှင်၊ ကျိုးသည်ပင်၊ ခေါ်တွင်မှတ်ကြရာ။
အလယ်ပျက်က၊ ပေါက်ပြဲရ၊ မုချမှတ်စရာ။
တစ်ခုခြားပျက်၊ ပြောက်ပတ်ထွက်၊ လေးနက် စဉ်းစားပါ။
နှစ်ခုသုံးခု၊ လွန်ကြူးပြု၊ ကြားမှုမှတ်သေချာ။
သီလငါးပါး၊  စောင့်ထိန်းငြား၊ ရောက်ငြား ဘုံဒေ၀ါ။ (အင်္ဂါမောင်)


ငါးပါးသီလ အမြဲစောင့်ထိန်းခြင်းဖြင့် ဘ၀ကို မြှင့်တင်ကြပါစို့။


ကိုးကား။
ဗန်းမော်ဆရာတော်အရှင်ကုမာရာဘိဝံသ၏ "အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးဖွင့် တရားတော်"
ဗုဒ္ဓသာသာသနာ နှစ် ၂၆၀၀ ပြည့်အထိမ်းအမှတ်တရား။

.

Wednesday 19 September 2012

တစ်ကျော့ပြန် ၀ိမုတ္တိယုဂခေတ်

ဗုဒ္ဓသာသနာနှစ်ကို ယုဂခေတ် ငါးမျိုးစီနဲ့ ခွဲခြားထားပါတယ်။ ယုဂခေတ် တစ်ခုကို အနှစ် ငါးရာတိတိ ရှိပါတယ်။ အဲဒီ ယုဂခေတ်ကာလတွေကတော့...

၁။ ၀ိမုတ္တိယုဂခေတ်
ပရမတ်ကို ဦးထိပ်ထားပြီး ၀ိပဿနာတရားအားထုတ်ကြလို့ မဂ်ပေါက်ဖိုလ်ဝင် အရိယာတွေ များပြားတဲ့ ခေတ်ဖြစ်ပါတယ်။ ဒီခေတ်ကာလကတော့ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ပြီး သာသနာ ၅၀၀ အထိ အကျုံးဝင်ပါတယ်။

၂။ သမာဓိယုဂခေတ်
ပညတ်နှင့်ပရမတ်နှစ်ခုလုံးကို ဦးတည်နေကြတဲ့အတွက် ဈာန်တန်ခိုးအဘိညာဉ်တွေ ထွန်းကားနေတဲ့ ခေတ်ဖြစ်ပါတယ်တယ်။ သာသနာအနှစ် ၅၀၀ ကနေ အနှစ် ၁၀၀၀ အထိ အကျုံးဝင်ပါတယ်။

၃။ သီလယုဂခေတ်
ပညတ်ကိုသာ အားထုတ်သူများတဲ့အတွက် ၀ါရိတ္တသီလ၊ စာရိတ္တသီလတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းပြီး ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ခေတ်ဖြစ်ပါတယ်။ သာသနာအနှစ် ၁၀၀၀ ကနေ အနှစ် ၁၅၀၀ အထိ အကျုံးဝင်ပါတယ်။

၎။ သုတယုဂခေတ်
ပညတ်ကိုသာ အလေးပေးပြီး စာပေကျမ်းဂန်တို့ လေ့ကျက်ဖန်များတဲ့အတွက် စာတတ်ပေတတ် ပိဋကတ် အကျော်အမော်တွေ ထွန်းကားတဲ့ ခေတ်ဖြစ်ပါတယ်။ သာသနာ အနှစ် ၁၅၀၀ ကနေ အနှစ်၂၀၀၀ အထိ အကျုံးဝင်ပါတယ်။

၅။ ဒါနယုဂခေတ်
ပညတ်ကိုသာ အလေးပေးပြီး အလှူအတန်းတို့ကိုသာ ပြုလုပ်နေကြတဲ့ ဒါနရှင်များ ပေါ်ထွန်းပြီး အလှူမစဲ တသဲသဲ ဖြစ်နေတဲ့ ခေတ်ဖြစ်ပါတယ်။ သာသနာအနှစ် ၂၀၀၀ ကနေ အနှစ်၂၅၀၀ ထိ အကျုံးဝင်ပါတယ်။

အခုရောက်နေဆဲ သာသနာနှစ်ကတော့ ၂၅၅၆ ခုနှစ်ဖြစ်ပါတယ်။ ၀ိမုတ္တိခေတ်ကို တစ်ကျော့ပြန် ရောက်လာခြင်းပါဘဲ။ ဒီဝိမုတ္တိခေတ်က သာသနာနှစ် ၂၅၅၀ ကနေ အနှစ် ၃၀၀၀ ထိ အကျုံးဝင်ပါတယ်။ ဒါကြောင့် အခုလို တစ်ကျော့ပြန် ၀ိမုတ္တိခေတ် ဦးလှည့်လာတဲ့အချိန်မှာ အခွင့်အရေးကို လက်လွတ်မခံဘဲ ပရမတ်တရားတို့ကိုသာ အလေးပေးတဲ့ ၀ိပဿနာတရားများကို ကျင့်ကြံအားထုတ်ပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်ရရှိအောင် ကြိုးစားအားထုတ်ကြရင်ဖြင့် ရည်ရွယ်ချက် ပြည့်မြောက်နိုင်ပါတယ်။ အခုဆိုရင် မြန်မာပြည်တင်မကဘဲ ကမ္ဘာအရပ်ရပ်မှာပါ ၀ိပဿနာတရားစခန်းတွေ ပျံ့နှံ့တည်ရှိနေပါပြီ။ ပြည်တွင်းပြည်ပက ဗုဒ္ဓဘာသာဝင်များအတွက် ၀ိမုတ္တိခေတ်ဆိုတဲ့ တကယ့်အခွင့်အရေးထူးကြီးဟာ သာသနာနှစ် ၃၀၀၀ အထိ တည်ရှိနေပါမယ်။ အခွင့်အရေး ပေးခိုက် ယူထားလိုက်ကြရင် အကောင်းဆုံးပါဘဲ။ သာသနာနှစ် ၃၀၀၀ ပြည့်ပြီးနောက် တစ်ကျော့ ပြန်လာဖို့ဆိုတာ မလွယ်တော့ပါဘူး။ ဒါကြောင့် ဒီအခွင့်ထူးကြီးကို လက်ဝယ်ပိုင်ပိုင် ဆွဲကိုင်နိုင်ကြပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။

လင်္ကာ။
ဝိမုတ် သမာ၊ သီလာ သုတ၊ 
ဒါန မည်တွင်၊ ဤငါးအင်ကား
ခေါ်တွင်ယုဂ၊ ခေတ်ကာလတည်း။
(အင်္ဂါမောင်)


.
ကိုးကား။
အရှင်ကေလာသ
ကန္နီနည်း သမထ-၀ိပဿနာကျင့်စဉ်ကျမ်း
စာ၊ ၁၇၉-၁၈၀

အရှင်ဃောသိတ
တစ်ဘ၀သာသနာ
စာ၊ ၂၄၁


.

Tuesday 28 August 2012

အဖသတ်သား မင်းငါးဆက်

ပထမသံင်္ဂါယနာတင်ပြီးနောက်တွင် အဇာတသတ်မင်းကြီးသည် အရှင်မဟာကဿပမထေရ်အား ယခု မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ဖြစ်သည်။ မြတ်စွာဘုရားက သာသနာတော်ကို အနှစ်ငါးထောင် ပိုင်းခြားထားတော်မူခဲ့သည်။ သာသနာတော်နှစ်နှင့်သက္ကရာဇ် မညီမညွတ်ဖြစ်ချိမ့်သည်။ ထို့ကြောင့် သာသနာတော်နှစ်နှင့်သက္ကရာဇ် တစ်ချက်တည်း ညီညွတ်အောင် သက္ကရာဇ်ကို ပြန်ထားတော်မူပါ ဟု လျှောက်၏။ ထို့ကြောင့် ရှင်မဟာကဿပသည် မဟာသက္ကရာဇ် ၁၄၈ မှ ၁၄၇ ကို ဖြိုဖျက်ပစ်ကာ ၁ ခုကြွင်း ပြုပြီး သာသနာတော်နှစ် ၁ ခု ဟု စတင်ရေတွက်စေလေသည်။ (ယခုအခါ၌ သာသနာတော်နှစ်မှာ  ၂၅၅၆ ခုနှစ် ရှိပြီ ဖြစ်သည်။ စကားချပ်)။

ဖခင်ဘုရင်ဗိမ္ဗိသာရမင်းကြီးအား သတ်ဖြတ်ခဲ့သော အဇာတသတ်မင်းကြီးအား ၄င်း(အဇာတသတ်မင်းကြီး)၏ သားတော် ဥဒယဘဒ္ဒမင်းသားက သာသနာတော်နှစ် ၂၄ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။

ထိုဥဒယဘဒ္ဒမင်းအား ၄င်း(ဥဒယဘဒ္ဒ)မင်း၏ သားတော် အနုရုဒ္ဓါမင်းသားက သာသနာတော်နှစ် ၄၀ ပြည့်နှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။

ထို အနုရုဒ္ဓါမင်းအား ၄င်း(အနုရုဒ္ဓါမင်း)၏ သားတော် မုဏ္ဍမင်းသားက သာသနာတော်နှစ် ၄၄ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။

ထိုမုဏ္ဍမင်းအား ၄င်း(မုဏ္ဍမင်း)၏ သားတော် နာဂဒါသမင်းသားက သာသနာတော်နှစ် ၄၈ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။

ထိုနာဂဒါသမင်းအား ၄င်း(နာဂဒါသမင်း)၏ အမတ်ကြီးတစ်ဦးဖြစ်သော သုသုနာဂအမတ်ကြီးက သာသနာတော်နှစ် ၇၂ နှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။  ဤတွင်မှ အဖသတ်သား ငါးဆက် နိဂုံးချုပ်သွားသည်။ 

ထိုအခြင်းအရာတို့ကို ကြည့်ရှုသုံးသပ်ပြီး အဖေကို သတ်ဖြတ်သောသားသည် မိမိ၏သားက မိမိအား ပြန်သတ်တတ်သည် ဟူသော နိယာမတစ်ခု ရရှိလိုက်သလို ခံစားမိသည်။ ။

ချုပ်။
-အဇာတသတ်မင်း
-ဥဒယဘဒ္ဒမင်း
-အနုရုဒ္ဓါမင်း
-မုဏ္ဍမင်း
-နာဂဒါသမင်း

လင်္ကာ။
အဇာ ဥဒ၊ နုရုဒ္ဓ၊ မုဏ္ဍ နာဂဒါ။
ဖသတ်နန်းတက်၊ မင်းငါးဆက်၊ မပျက်မှတ်ကြပါ။
(အင်္ဂါမောင်)


ကိုးကား။
မဲထီးဆရာတော်၏ ၀ံသဒီပနီ၊ စာ ၁၃-၁၄


.

Saturday 25 August 2012

သာယာကုန်းဘုန်းတော်ကြီးပညာသင်ကျောင်း

သန်လျင်မြို့၊ သာယာကုန်းဘုန်းတော်ကြီးပညာသင်ပရဟိတကျောင်းဝင်းအတွင်း ကျောင်းသူကျောင်းသားများ အသုံးပြုနိုင်ရန် ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ဖို့အတွက် အလှူခံခြင်းလုပ်ငန်းကို မြန်မာမုဒိတာလူငယ်များအဖွဲ့မှ ဦးဆောင်ဦးရွက်ပြုလုပ်ခဲ့ရာ အလှူငွေ ပိတ်သိမ်းချိန်၌ လက်ခံရရှိသော အလှူငွေပမာဏမှာ ၁၁၈၆၉၃၀၀ ကျပ်( တစ်ကုဋေ တစ်သန်း ရှစ်သိန်း ခြောက်သောင်း ကိုးထောင့် သုံးရာကျပ်တိတိ) ရရှိခဲ့ပါသည်။ အသေးစိပ်အခြေအနေကို အချိန်နဲ့ တပြေးညီ  မြန်မာမုဒိတာလူငယ်များအဖွဲ့ဘလော့ဂ်၌ တင်ပြထားပါသည်။

မြန်မာ ဗြိတိန် အမေရိကန် ဂျပန် စင်္ကာပူ ထိုင်ဝမ် မလေးရှား စသည့် နိုင်ငံအတွက် အလှူငွေ လက်ခံရရှိမှု အသေးစိပ် အနေအထားကို မုဒိတာဘလော့ဂ်ရဲ့  ဒီနေရာလေးမှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။

အလှူငွေ လက်ခံရရှိပြီး ဖြစ်၍ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် အဆောက်အဦ ပုံကြမ်းကိုလဲ ရေးဆွဲပြီး ဖြစ်ပါသည်။ ၂၀×၄၀ ဖြစ်ပါသည်။ ပုံကြမ်းအသေးစိပ်ကို ပုံနှင့်တကွ ကြည့်ရှုလိုလျှင် ဒီနေရာလေးမှာ သွားရောက် ကြည့်ရှုနိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။
မေတ္တာဖြင့်
အရှင်ဇနက၊ လန်ဒန်




..

Wednesday 15 August 2012

အလှူခံပိတ်သိမ်းခြင်း နှင့် ငွေလွှဲပြီးခြင်း

မြန်မာမုဒိတာလူငယ်များအဖွဲ့မှ ဦးစီး၍ သန်လျင်မြို့၊ သာယာကုန်း ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်း၌ ကျောင်းသူကျောင်းသားများအတွက် ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ရန်အတွက် (၁၃.၇.၂၀၁၂) သောကြာနေ့ကစပြီး အလှူခံလာခဲ့ပါသည်။ ထိုက်သင့်သလောက် အလှူငွေ လက်ခံရရှိပြီး ဖြစ်သည့်အတွက် ဗြိတိန်နိုင်ငံမှ အလှူခံခြင်းကိစ္စကို ဒီကနေ့ (၁၅.၈.၂၀၁၂) ဗုဒ္ဓဟူးနေ့မှာ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါသည်။

အလှူခံရရှိသည့် စတာလင်ပေါင်ငွေ ၄၀၀ တိတိကိုလဲ မြန်မာနိုင်ငံမှ မုဒိတာအဖွဲ့အကျိုးဆောင် ကျော်စွာစိုးမြတ်ဆီ ဒီကနေ့ လွှဲပို့လိုက်ပြီး ဖြစ်ပါသည်။ လက်ရှိပေါက်ဈေးမှာ စတာလင်ပေါင်ငွေ ၁ ပေါင် လျှင် မြန်မာကျပ်ငွေ ၁၃၃၀ ကျပ် ဖြစ်ပါသည်။ 

၁၃၃၀×၄၀၀= ၅၃၂၀၀၀

မြန်မာကျပ်ငွေဖြင့် ၅၃၂၀၀၀ ကျပ် (ငါးသိန်းသုံးသောင်းနှစ်ထောင်ကျပ်) တိတိ ထုတ်ယူရမှာ ဖြစ်ပါသည်။ ဗြိတိန်နိုင်ငံမှ အလှူရှင်များစာရင်းကို ဖော်ပြပေးလိုက်ပါသည်။

၁။ ကွယ်လွန်သူ မိဘနှစ်ပါးအား ရည်စူး၍ အရှင်ဇနက (အင်္ဂါမောင်) စတာလင်ပေါင် ၅၀
၂။ ကိုကိုမောင်(ပန်းရနံ့) ၊ စတာလင်ပေါင် ၅၀
၃။ အရှင်နာဂသေန (ဘာမင်ဂမ်) ၊ စတာလင်ပေါင် ၂၀
၎။ ဦးတင်အောင် မိသားစု (လန်ဒန်) စတာလင်ပေါင် ၅၀
၅။ ကွယ်လွန်သူ မသက်သက်အား ရည်စူး၍ ကိုမျိုး+မဖြူဖွေး မိသားစု(လန်ဒန်) ၊ စတာလင်ပေါင် ၃၀
၆။ ကိုကို ညီညီ (လန်ဒန်) စတာလင်ပေါင် ၂၀
၇။ မောင်ကျော်+မိုးငယ် (သမီး) ဟတ်စုလွင် (လန်ဒန်) စတာလင်ပေါင် ၃၀
၈။ မောင်နေလင်းအောင်(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၂၅
၉။ မသီတာထွန်း(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၂၅
၁၀။ မောင်အောင်မျိုးသန့်(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၁၀
၁၁။ မပန်းဖြူမွှေး(လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၃၀
၁၂။ Vijay (လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၁၀
၁၃။ ဒေါက်တာလှစိုး + ဒေါ်ဝေေ၀လွင်စိုး (လန်ဒန်) ၊ စတာလင်ပေါင်ငွေ ၅၀

စုစုပေါင်း စတာလင်ပေါင်ငွေ ၄၀၀ တိတိ


အလှူရှင်များအားလုံး မုဒိတာအဖွဲ့ဝင်များအားလုံး ကမ္ဘာသူကမ္ဘာသားများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
အရှင်ဇနက
လန်ဒန် 

.

Friday 10 August 2012

ခရီးတစ်ထောက်


ဂရန်တီမဲ့တဲ့
ပျိုမျှစ်နုနယ်မှုတွေ
အိုလံပစ်ကြည့်ရင်း
အိုစာလာခဲ့။

စဉ်းစားနေမိတယ်။

တီဗီကြည့်ရင်း
တီဘီအကြောင်း။

အေ့ဒ်တွေ ပေးနေရင်း
အေ့ဒ်ဇ် ကူးစက်ခံရသူတစ်ယောက်အကြောင်း။

ဒီလိုနဲ့
သံဝေဂတွေဝင်လာရော
တဏှာအကြောင်း စဉ်းစားရင်း
သူနာ တစ်ယောက်ကို သတိရသွားမိလို့။

အက္ခရာပါဒယော ဧကစတ္တာလီသံ
စာကျက်သံတွေ နားယောင်ရင်း
အ အစ အံ အဆုံး
အက္ခရာတွေ သီကုံးလိုက်တော့
မုန်းလိုက်တာ
ငါ့ရဲ့ အိုစာခြင်းတွေကို။

.


Friday 13 July 2012

ပညာအလှူ လှူကြစို့လား

"ပညာ သမာ အာဘာ နတ္ထိ"
လောက၌ ပညာနှင့်တူသော အလင်းရောင်မည်သည် မရှိချေ။

ပညာအလှူသည် အလင်းရောင်အလှူမည်၏။ အလင်းရောင်သည် အမိုက်မှောင်ကို ပယ်ဖျောက်၍ အရာအားလုံးကို ရှင်းလင်းပြတ်သွားစွာ မြင်စေနိုင်စွမ်းရှိ၏။ ထို့အတူ ပညာသည်လည်း ကောင်းဆိုးနှစ်တန် လောကဓံတရားများ၊ မှန် မမှန် သစ္စာတရားတော်များ၊ အမြတ်အယုတ် ကုသိုလ် အကုသိုလ် တရားများကို ထင်ရှားစွာ သိမြင်နိုင်စွမ်းရှိ၏။  မကောင်းတာကို ပယ်၊ ကောင်းတာကို သယ်ယူပြီး ယထာဘူတကျစွာ လောကအကျိုး သယ်ပိုးစေနိုင်သည်မှာလည်း ပညာပင်ဖြစ်၏။

ထို့ကြောင့်...
ပညာလိုအပ်နေသူတို့အား ပညာတည်းဟူသော အလင်းရောင်ကို လှူဒါန်းခြင်းအားဖြင့် မိမိတို့၏ ပညာမျက်စိကို ဖွင့်ကြပါစို့လား။ မိမိတို့၏ ဥာဏ်မျက်စိကို ဖွင့်ကြပါစို့လား။ မိမိတို့၏ ၀ိဇ္ဇာမျက်စိကို ဖွင့်ကြပါစို့လား။ မိမိတို့၏ အလင်းရောင် မျက်စိကို ဖွင့်ကြပါစို့လား။

ထိုပညာအလှူအတွက် မြန်မာမုဒိတာလူငယ်များအဖွဲ့က ကမကထပြုပြီး အလှူစတင်ကောက်ခံနေပါပြီ။ သံလျင်မြို့၊ သာယာကုန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။ ပညာရေးကို အားပေးလိုသူ စေတနာရှင်များအနေနဲ့ မိမိတို့ သက်ဆိုင်ရာ (နီးစပ်ရာ) နိုင်ငံအလိုက် အလှူကောက်ခံသူများထံ နည်းများမဆို စတင် လှူဒါန်းနိုင်ပါပြီ။ တစ်နိုင်တစ်ပိုင် လှူဒါန်းကြပါလို့လဲ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။

ဗြိတိန်က အလှူရှင်များအတွက် အလှူငွေကို ဦးဇင်းထံမှာ ထည့်ဝင်နိုင်ပါတယ်။ အလှူရှင်များစာရင်းကို ဦးဇင်းဘလော့ရဲ့ ဆိုဒ်ဘားမှာ အချိန်နဲ့ တပြေးညီ ဖော်ပြပေးသွားပါမယ်။ ဦးဇင်းရဲ့ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်တို့ကိုလဲ  ဖော်ပြပေးထားပါတယ်။ အခြားနိုင်ငံများမှ  အလှူငွေကောက်ခံသူတွေရဲ့ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်တို့ကိုလဲ ဒီပို့စ်ရဲ့ အောက်ပိုင်းမှာ ဖော်ပြပေးထားပါတယ်။ ဦးဇင်းအနေနဲ့ ဗြိတိန်နိုင်ငံအတွက် ကောက်ခံပေးတယ် ဆိုပေမဲ့လဲ ဗြိတိန်တင် မဟုတ်ပါဘူး။ နီးစပ်ရာ ဥရောပနိုင်ငံက အလှူရှင်တွေကိုလဲ ဖိတ်ခေါ်ပါတယ်။ 

ဗြိတိန်အလှူရှင်များကတော့...
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

  
Barclays Bank Account 
 *******
MR U JANAKA
Sort Code 20-42-73
Account no 10039764

ကို လှူဒါန်းနိုင်ပါတယ်။ 


ဥရောပနိုင်ငံများက စိတ်ပါဝင်စားသူ အလှူရှင်များရှိရင်တော့ ဦးဇင်းရဲ့ အီးမေးလ် (သို့မဟုတ်) မိုဘိုင်းကို ဆက်သွယ်စေချင်ပါတယ်။  နိုင်ငံတကာ ဘဏ်ငွေလွှဲကုဒ် (SWIFT Code & IBAN Code) တို့ကို ထည့်ပေးရမှာမို့ပါ။ 

 အလှူအကြောင်း အသေးစိပ်သိရအောင် မြန်မာမုဒိတာလူငယ်များအဖွဲ့ဘလော့ကနေပြီး အလှူခံပို့စ်ကို အောက်မှာ ကူးယူဖော်ပြပေးလိုက်ပါတယ်။

အားလုံးကျန်းမာချမ်းသာ လိုအင်ဆန္ဒပြည့်ဝကြပါစေ။
အရှင်ဇနက (အင်္ဂါမောင်)
လန်ဒန်

.


ကျောင်းဒကာ ကျောင်းအမအဖြစ် ခံယူပွဲ (သို့) အလှုဖိတ်ကြားခြင်း

အားလုံးမင်္ဂလာပါခင်ဗျား...
လောကမှာ အစားကောင်းအသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါဖြစ်ဖြစ်၊ နေရာကောင်း အရိပ်ကောင်းလေးတစ်ခုကို ခိုလှုံဖို့ ကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ် မိတ်ဆွေကောင်းတွေကို သတိရတတ်ကြတယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များ၊ ဘလော့ဂါ အကိုအမများကို ဒီပိုစ့်လေးနဲ့အတူ သတင်းကောင်းလေးတစ်ခု ပါးပါရစေခင်ဗျား..။မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက် လှုပ်ရှားမှုဖြစ်တဲ့ အလှုနှင့်အတူ မိမိတို့ ချွေးနဲစာထဲမှ တတ်နိုင်သလောက် မျှဝေလှုဒါန်းလိုက်ရုံဖြင့် ရာသက်ပန် ကျောင်းဒကာ၊ ကျောင်းဒကာမအဖြစ် ခံယူနိုင်မည့်အကြောင်းလေးကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် အသိပေးမျှဝေပါရစေခင်ဗျား..။မင်္ဂလာတောင်ညွန့်၊ စက်ဆန်းကတို့ဆိပ်ပေါက်ကွဲမှုအလှု၊ မရမ်းချောင်းကျေးရွာ အနာကြီးရောဂါသည်များ စောင့်ရှောက်ရေးဂေဟာသလို့အလှုများဖြင့် အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ မြန်မာမုဒိတာ -လူငယ်များအဖွဲ့ (MMYG) ရဲ့ တတိယအကြိမ်မြောက်အလှုတစ်ခု စတင်ပြန်ပါပြီခင်ဗျား။

ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့ မြန်မာ့ရေနံရက်ကွပ်မှာရှိတဲ့ သာယာကုန်းဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းလေးနဲ့ ဦးစွာ မိတ်ဆက်ပေး ပါရစေ..။


 ကျောင်းထိုင်ဆရာတော် ဦးတိက္ခဥာဏမှာ ၂၀၀၅ခုနှစ်မှာ ကိုယ်တိုင်ရုန်းကန်ပြီး စတင်ခဲ့တဲ့ ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းလေး ဖြစ်ပါတယ်ခင်ဗျား။အခက်အခဲအမျိုးမျိုးနဲ့ စတင်ခဲ့ပြီး လက်ရှိပညာသင်နှစ်မှာတော့ သူငယ်တန်းမှ ခုနစ်တန်းအထိ ဆင်းရဲချို့ တဲ့တဲ့ ကလေးငယ်တွေနဲ့ မိဘမဲ့ကလေးငယ် ကျောင်းသူကျောင်းသားပေါင်း ၃၀၀ကျော်ကို အခမဲ့လက်ခံသင်ကြားပေးနေတဲ့ ပရဟိတပညာသင်ကြားရေးကျောင်းတစ်ခု ဖြစ်ပါတယ်။ဆရာ၊ ဆရာမဦးရေ စုစုပေါင်းဆယ်ဦးရှီပြီး တစ်ဦးလျင် လစဉ်စေတနာကြေးသုံးသောင်းကျပ်နှုန်းဖြင့် နှစ်ပေါက်အောင် ဆရာတော်မှ အဓိကကျားကန်ပေးထားတဲ့ ကျောင်းလည်းဖြစ်ပါတယ်။ကျောင်းမှ ခုနစ်တန်းအောင်မြင်ပြီဆိုရင်တော့ အစိုးရပညာသင်ကျောင်း ဆက်လက်တက်နိုင် -အောင် ဆက်လက်ထာက်ပံ့ပေးနေပါတယ်။လက်ရှိ ပညာသင်နှစ်အတွက် ဆယ်တန်းဖြေမဲ့ကျောင်းသားကျောင်းသူ ကိုးဦးရှိပါတယ်။ကလေးငယ်များ အားလုံးအား တတ်နိုင်သလောက် အဟာရဖြစ်အောင် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးပြီး ခရီးဆက်နေတဲ့ ကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။


ဟုတ်ကဲ့..အခုတစ်ကြိမ်မှာ ကျွန်တော်တို့ အဲ့ဒီ ဘုန်းတော်ကြီးပညာရေးသင်ကြောင်းလေးကို လှုဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်.ဘာ့ကြောင့် ကျွန်တော်တို့ လှုဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြသလဲ..

 အလှုရှင်များခင်ဗျား..
သူတို့လေးတွေအတွက် နံပါတ်(၁) လိုအပ်ချက်ဖြစ်တဲ့ သူတို့တွေရဲ့ ထမင်းစားဆောင်ကို ကြည့်ရှုကြပါအုံး...။
 သူတို့လေးတွေရဲ့ ထမင်းစားဆောင်

 အထက်မှာမြင်ရတဲ့ ရေပတ်လည်ဝိုင်းပြီး တဲသာသာရှိတဲ့ ကျောင်းဆောင်လေးဟာ ကလေးငယ်ပေါင်း (၃၀၀)ကျော်ကို ချက်ပြုတ်ကျွေးမွေးတဲ့ အဆောင်လေး ဖြစ်ပါတယ်။နေရာအခက်အခဲကြောင့် ကလေးငယ်များအား အယောက် (၅၀)စီ ငယ်စဉ်ကြီးလိုက် ခွဲပြီး ကျွေးရတယ်လို့ ဆရာတော်မှ မိန့်ဆိုပါတယ်။
 ချို့ တဲ့တဲ့နေရာနဲ့ မပြည့်စုံတဲ့ သူတို့ရဲ့ ထမင်းဝိုင်း.. ကလေးငယ်တွေ ဆိုတော့လည်း...
 အလှုရှင်တွေ ကျန်းမာချမ်းသာစေဖို့ မစားခင် ဆုတောင်းပေးနေကြလေရဲ့..



ကလေးငယ်များ အပူအပင်ကင်းစွာ ပညာသင်ကြားနိုင်ရေးနဲ့ စားဝတ်နေရေး ပြေလည်နိုင်ရေးကိုသာ အဓိက အားထုတ်နေရလို့ ကျန်းမာရေးနဲ့ ထမင်းစားဆောင်ဟာ ကလေးငယ်များအတွက် ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုမရှိတာကို သိရှိပေမဲ့ လျစ်လျူရှုထားရတယ်လို့ ဆိုပါတယ်။ အလှုရှင်သာ ရှိမယ်ဆိုရင် ဆရာတော်က “သူကိုယ်တိုင် နေ့မနား ညမအားအမြန်ဆုံးပြီးအောင် ဆောက်လုပ်ပစ်ချင်တာ”လို့လည်း မိန့်ဆိုခဲ့ပါတယ်။

ဒုတိယလိုအပ်ချင်ကတော့ ဆရာဆရာမပေါင်း ဆယ်ဦးအတွက် စေတနာကြေး ( ၃၀၀၀၀ကျပ်) ထောက်ပံ့ပေးမဲ့သူမရှိတာပဲ ဖြစ်ပါတယ်။တတိယ လိုအပ်ချက်အနေနဲ့ ကလေးငယ်များအတွက် စာသင်ခုံလောက်ငှမှုမရှိဘူးလို့ ဆိုပါတယ်။ တစ်စုံလျှင် လေးသောင်းကျပ်နှုန်းခန့်ကျနိုင်ပြီး ယခုနှစ် သင်ကြားဆဲ ပညာသင်နှစ်အတွက် စာသင်ခုံ ( ၁၅)စုံခန့် လိုအပ်နေတယ်လို့ ဆိုပါတယ်။

နောက်ဆုံးလိုအပ်ချက်အနေနဲ့ကတော့ ကလေးငယ်များအတွက် ချုက်ပြုတ်ကျွေးမွေးစရာ ကုန်ခြောက်များနှင့် စာအုပ်ခဲတံများ၊ကိုရင်ငယ်လေးများ အတွက် သင်္ကန်းစသည်တို့ပဲ ဖြစ်ပါတယ်။
သာယာကုန်းဘုန်းတော်ကြီး ပညာသင်ကြားရေးဆရာတော် ဦးတိက္ခဥာဏ

မိဘရှိသော ကလေးငယ်များရဲ့ အိမ်

အလှုရှင်များခင်ဗျား..အထက်မှာ ကျွန်တောပြောပြခဲ့တဲ့ ဆရာတော်အတွက် လိုအပ်နေတဲ့ကျောင်းဆောင် (သို့) ကလေးငယ်တွေအတွက် ချို့ တဲ့နေတဲ့ ထမင်းစားဆောင်ကို ကျွန်တော်တို့ အဓိက ပြုပြင်ပါမယ်။ ဆရာတော်က အလှုရှင်ရှိတာနဲ့ အထက်ပါ ရွက်ထည်တဲနေရာမှာပဲ (၁၅ x ၃၀)ပေအကျယ် -ကျောင်းဆောင်တစ်ခု ဆောက်လုပ်မှာပါ။ ချစားမြေဖြစ်တာကြောင့် အုတ်နဲ့ ဖောင်ဒေးရှင်းချပြီး လေးပေအမြင့်အထိ အုတ်တက်ပါမယ်။ လေးပေ အထက်ကိုတော့ သံဇကာကာရံပြီး အပေါ်ကသွပ်မိုးမယ်ဆိုရင် ကလေးငယ်တွေအတွက် အန္တရာယ်ကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းစားဆောင် (သို့) ကျောင်းဆောင်အတွက် လိုအပ်တဲ့ အဆောက်အဦးပုံကြမ်းလေးတစ်ခု အခိုင်အမာရရှိနိုင်ပြီလို့ဆိုပါတယ်။ ဆရာတော်ပြောတဲ့ အဲ့ဒီအထိ အဆောက်အဦးရဲ့ ကုန်ကျစရိတ်ကို ကျပ် ၃၅သိန်းမှ ၄၅သိန်းကြားလို့ ခန်မှန်းတွက်ချက်ပြပါတယ်..။ပြီးဆုံးတာနဲ့ အလှုရှင်အားလုံးရဲ့ အမည်နာမကို ဆရာတော်ရဲ့ဆန္ဒအရ သဘောင်္ဆေးနဲ့ရေးပြီး ချိတ်ဆွဲကာ ရေစက်ချပွဲကိုအလှုရှင်များနဲ့အတူ ဆင်နွှဲပါမယ်။

ဒီကိစ္စအတွက် ကျွန်တော်တို့အနေနဲ့က တစ်ကစပြီး အလှုခံရမှာဖြစ်တာမို့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ကျောင်းဆောင်လေး ဆောက်လုပ်ပေး နိုင်ဖို့တော့ အာမခံပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အကယ်၍ မြန်မာမုဒိတာလူငယ်များအဖွဲ့အနေနဲ့ အလှုခံတဲ့ရက်မှစပြီး အလှုပိတ်သိမ်းချိန်အထိ ရရှိလာမဲ့အလှုငွေဟာ အထက်ပါပမာဏကို ပြည့်မှီတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဆရာတော်နဲ့တိုင်ပင်ပြီး ကျောင်းဆောင်ကို တာဝန်ယူကာ ဆရာတော်ရဲ့အစီအစဉ်နဲ့ အမြန်ဆုံးဆောက်လုပ် လှုဒါန်းပါမယ်။အကယ်၍ ရရှိလာတဲ့အလှုငွေဟာ ကျောင်းဆောင်အတွက် လိုအပ်တဲ့ပမာဏကို ပြည့်မှီခြင်း မရှိခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တခြားလိုအပ်ချက်တွေဖြစ်တဲ့ ဆရာဆရာမများအတွက် လစဉ်စေတနာကြေး၊ စာသင်ခုံနဲ့ မီးဖိုချောင်ပစ္စည်းများကို ထည့်ဝင်လှုဒါန်းပြီး ပိုလျှံတာကို ကျောင်းဆောင်အတွက် မတည်ငွေထားပေးခဲ့ပါမယ်။

ဒီနေ့ (၁၃.၇.၂၀၁၂၊ သောကြာနေ့)မှ စတင်ပြီး ကလေးငယ်များအတွက် လိုအပ်နေတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထမင်းစားကျောင်းဆောင်လေး -ဆောက်လုပ် လှုဒါန်းပေးဖို့ဆိုတာကို အဓိကဦးတည်ပြီး ကျွန်တော်တို့ အလှုခံပါပြီ။ အလှုရှင်များလက်ထဲသို့ ၀ကွက် အပ်နှင်းပါပြီခင်ဗျား။ နောက်ဆုံး အလှုပိတ်ရက်ကိုတော့ (၁၅.၈.၂၀၁၂-ဗုဒ္ဓဟူးနေ့အထိ) ဖြစ်ပါတယ်ခင်ဗျား။အကယ်၍ ပိတ်သိမ်းချိန်တွင် ရရှိလာမဲ့အလှုငွေဟာ ကျောင်းဆောင်လေး -ဆောက်လုပ်နိုင်မဲ့ ပမာဏကိုပြည့်မှီဖို့ အနည်းငယ်သာသာလိုအပ်တယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ပိတ်သိမ်းမဲ့ရက်ကို ရွှေ့ ဆိုင်းပြီး ပြည့်မှီတဲ့အထိ စောင့်ဆိုင်းကာ ကျောင်းဆောင်ဆောက်လုပ်ဖို့ကို ပြီးဆုံးတဲ့အထိ အပြည့်အ၀ တာဝန်ယူ ဆောက်လုပ်ပေးသွားမှာ ဖြစ်တဲ့အကြောင်း အလှုရှင်များအား အသိပေးအပ်ပါတယ်ခင်ဗျား..။

မြန်မာမုဒိတာလူငယ်များအဖွဲ့အနေနဲ့ မရမ်းချောင်းအနာကြီးရောဂါစောင့်ရှောင့်ရေးဂေဟာသို့ လှုဒါန်းစဉ်က ကျန်ရှိတဲ့လက်ကျန်အလှုငွေစုစုပေါင်း ၈၁၇၁၄.၅၀ကျပ်ဖြင့် သာယာကုန်းရွာ ဘုန်းတော်ကြီးပညာသင်ရေးကျောင်းအတွက် အလှုခံခြင်းအား စတင်ဖွင့်လှစ်ပါပြီခင်ဗျား..

နိုင်ငံအသီးသီးမှ အလှုရှင်များအနေနဲ့ အောက်ပါအကျိုးတော်ဆောင်များထံမှာ ထည့်ဝင်လှုဒါန်းနိုင်ပါတယ်ခင်ဗျား..။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

(Barclays Bank account) 
 MR U JANAKA
Sort Code: 20-42-73    10039764 

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁
ဂျပန်နိုင်ငံ အကျိုးတော်ဆောင်
ရန်နိုင် @ နေ၀သန်
nay.naywathan@gmail.com
+81 80 3852 5214 
http://www.facebook.com/nayyannaing 

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈

၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃

၃။ကိုမင်းဧရာ(kl)
moekyawthu0001@gmail.com
+၆၀ ၁၇၃၀ ၄၇၇ ၃၅

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်များ
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅ ၉၄၂၁ ၀၅၉၈ ၂၇

၂။သမီးစံ
sandartinmyint@gmail.com
+၉၅ ၉၄၂၀ ၀၈၇၄ ၃၅
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ကိုယ်စား
ကိုရင်
01:37 ( GMT)



.