Monday 15 October 2012

သာဓုခေါ်ဆို လအောက်တို


သားသားမီးမီး ကလေးတွေ
ပညာနို့ စို့နေ။

ရွာအ၀င် သာယာကျောင်း
စည်းကမ်း အလွန်ကောင်း။

ပညာသင်ရာ ဆောက်အအုံ
မိုးနှင့်လေ မလုံ။

ဒါနရှင်တွေ ၀ိုင်းကာဆောက်
ရွှေကျောင်း မှိုလိုပေါက်။

မုဒိတာရဲ့ ရင်းမြှစ်တွေ
သီးပွင့်လှိုင်လှိုင်ဝေ။

မိုးနှင့်လေ ပယ်ခါဖျောက်
လိုရင်း ခရီးရောက်။

ကျောင်းသူကျောင်းသား မောင်မယ်တွေ
ပြုံးပန်းတဝေေ၀။

လက်ချင်းယှက်ကာ ကျောင်းကိုသွား
နိုင်ငံ့ ဂုဏ်အင်အား။

 တစ်လက်နှစ်လက် ၀ိုင်းကာကူ
စုပေါင်း တို့အလှူ။

အလှူရှင်တွေ ဆင်ခါနွှဲ
ငါတို့ ကျောင်းအပ်ပွဲ။

* နှစ်သုဉ်တစ်နှစ် ဆန်းဒေးမှာ
နှစ်တစ် အောက်တိုဘာ။

ကျောင်းအလှူ ရေစက်ချ
သာဓု ခေါ်ဆိုကြ။

သာဓု သာဓု သာဓု။


ကမ္ဘာအရပ်ရပ်က အလှူရှင်များအားလုံးကိုယ်စား မြန်မာမုဒိတာလူငယ်များအဖွဲ့မှတစ်ဆင့် ဆောင်ရွက်   ဆောက်လုပ်  ပေးနေတဲ့  သန်လျင်မြို့နယ်၊ သာယာကုန်းဘုန်းတော်ကြီးပညာသင်ကြားရေး ကျောင်းဆောင်သစ်ဟာ အားလုံးရဲ့ စေတနာ မေတ္တာတွေကြောင့် ချောမွေ့စွာဘဲ ပြီးဆုံးအောင်မြင်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလာမဲ့ တနင်္ဂနွေနေ့ (၂၀၁၂၊ အောက်တိုတာလ ၂၁ ရက်)မှာ စုပေါင်း ရေစက်ချ လှူဒါန်းမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်သွားရောက် ပါဝင်ရေစက်ချလိုသူများအား ဖိတ်ခေါ်ပါတယ်။ 
အကြောင်းစုံ အသေးစိပ်ကိုတော့ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ ဘလော့ဝက်ဘ်ဆိုဒ်ပေါ်မှာ သွားရောက် ကြည့်ဖတ်ရှုနိုင်ပါတယ်။ အဲဒီဘလော့မှာ ကျောင်းအပ်ပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ပုဒ်ကို ဓါတ်ပုံနှင့်တကွ ပြည့်စုံစွာ ဖော်ပြထားပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လောကအကျိုး လူမျိုးအကျိုး သာသနာ့အကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေ။

မေတ္တာဖြင့်
အရှင်ဇနက (အင်္ဂါမောင်)


*ခက်ဆစ်။
နှစ်သုဉ်တစ်နှစ် ဆန်းဒေး = ၂၀၁၂၊  တနင်္ဂနွေ
နှစ်တစ် အောက်တိုဘာ=  အောက်တိုဘာ ၂၁ ရက်

.


No comments: