Wednesday 31 August 2011

ကိလေချွတ်ဆေး ဘလော့ဒေး

လုပ်စရာတွေ များလာရင် အချိန်က မလောက်၊ အချိန်တွေ အများအပြား ရလာပြန်ရင်လဲ ဘာမှ မလုပ်ဖြစ်။ ဘုမသိ ဘမသိနဲ့ အချိန်ရဲ့ ဆွဲခေါ်ရာနောက် မျောပါလာရင်း အသက်ပင် အတော်လေး ရခဲ့လေပြီ။ အမှတ်မထင် ပေါင်ချိန်စက်ပေါ် မတ်တပ်ရပ်ကြည့်လိုက်မိသည်။ အလေးချိန်ပင် အတော်လေး တက်လာပြီကော။ ဒါ တိုးတက်ခြင်းပေပဲလား။ ဟင့် အင်း မဟုတ်သေးဘူး။ ဟုတ်ရင်လဲ ဒါဟာ ကိလေသာ တိုးတက်ခြင်းဘဲ ဖြစ်ရမယ်။ ခန္ဓာကိုယ် ၀ိတ်တက်လာရင်း ကုသိုလ်တရားတွေ တိုးတက်ကြစတမ်းဆို ဒီ အနောက်တိုင်းက လူဖြူလူမဲတွေ ကုသိုလ်အထုပ်အပိုးတွေကို ကုသိုလ်စုဘဏ်ထဲ ထည့်လို့ မနိုင်လောက်အောင် များပြားနေလောက်ပြီ။

ရဟန်းဆိုရင် ကြုံလှီမှ တင့်တယ်၏ တဲ့။ ဒီလို နီတိတွေ ရှိခဲ့ပေမဲ့ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် ပြည့်ဖြိုးလာတာကို ကျေနပ်နှစ်သက်နေမိတာပါလိမ့်။ ခန္ဓာကိုယ် ၀ဖြိုးလာရင် ၀ိတ်တက်လာမယ်။ ခန္ဓာကိုယ် လေးလံလာမယ်။ လေးလံတာများလာရင် ကျွံကျတတ်တယ်။ ဘယ်အထိ ကျွံကျ နိုင်သလဲ ဆိုတော့ အပါယ်ဘေးဘုံထိ။ လေးလံတဲ့ အရာဝတ္ထုဟာ မြင့်ရာမှ နိမ့်ရာသို့ ကျဆင်းတတ်သည်လေ။ ကိလေသာဝန်ထုပ်တွေနဲ့ လေးလံနေသရွေ့တော့ တွင်းနက်နက်ထဲ ကျွံကျမှာ ကျိန်းသေပင်ဖြစ်သည်။

ဒါဖြင့် အစားအစာကို ဒိုက်ယက်လုပ်ပြီး ဖီဇီကယ်အိပ်စ်ဆာဆိုက် ပုံမှန်လုပ်ရမည်လား။ ဤသို့လဲ မဟုတ်ပါချေ။ ကိုယ်ခန္ဓာ ၀ိတ်တက်လာတာကို ထိန်းဖို့ ဒီလောက် အရေးမကြီးပါ။ အရေးကြီးသည်မှာ ခန္ဓာကိုယ် ၀ိတ်တက်လာသည်နှင့်အမျှ ကိလေသာ ၀ိတ်မတက်လာစေဖို့ဘဲ ဖြစ်သည်။ ကိလေသာ ၀ိတ်တွေ လျော့ပါးသွားစေဖို့ ပို အရေးကြီးသည်။ ၀ိတ်တွေ ပေါ့ပါးသွားမှ မြေကြီးဆွဲငင်အား အားပျော့လာပြီး ခန္ဓာကိုယ် ပေါ့ပါးလာမည်လေ။ ခန္ဓာကိုယ် ပေါ့ပါးလာမှ အထက်အထက်ဘုံများဆီသို့ လွတ်လွတ်လပ်လပ် ပျံတက်နိုင်မည် မဟုတ်ပါလား။ ဒါဖြင့် ခန္ဓာကိုယ် ပေါ့ပါးလာအောင် ဘယ်လိုလုပ်ကြမလဲ။ စိတ်ထိန်းကိရိယာလေး တပ်ဆင်ထားရုံပင် ဖြစ်၏။

စိတ်ထိန်းကိရိယာလေး တပ်ဆင်ထားကြပါလို့ ဒကာဒကာမများကို လမ်းညွန်ပေးနေမိပေမဲ့ ကိုယ်တိုင် စိတ်မထိန်းနိုင်တာက ပိုခက်နေသည်။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုသလို ဖြစ်နေမှာလဲ တွေးတွေးပြီး ရှက်ရွံ့နေမိသည်။ အရညဂတ (တောရိပ်တောင်ရိပ်ထဲ)၊ ရုက္ခမူလဂတ(သစ်ပင်ခြေရင်း)၊ သုညာဂါရဂတ (ဆိတ်ငြိမ်တိတ်ဆိတ်တဲ့ အရပ်)။ ဒီလို အရပ်တွေမှာ တရားအားထုတ်လေ့ရှိကြတဲ့ သူတော်စင်တွေကို လက်အုပ် အတန်တန် ချီနေမိသည်။ ကိုယ်တိုင်က ဆူညံသံတွေနဲ့ ကျင့်သားရနေပြီ မဟုတ်လား။ ပြီးတော့ ဆိတ်ငြိမ်ရာ အရပ်သည် ဖောက်ပြန်လိုသူတို့အတွက် ဖောက်ပြန်မှုကို ပို ဖြစ်စေ၏ တဲ့။ ကိုယ်တိုင်ကရော ဆိတ်ငြိမ်ရာ အရပ်မှာ စိတ်ငြိမ်နိုင်ပါ့မလား။

ကျောင်းနဘေးက ဖြတ်သန်းသွားလာနေကျ ကားသံများ၊ ကျောင်းခေါင်းမိုးတည့်တည့် ပျံသန်းသွာနေကျ လေယာဉ်သံများ၊ တီဗီက ထုတ်လွှင့်တင်ဆက်နေတဲ့ ဘရိတ်ကင်းနယူးစ် များ။ အဲဒါတွေကို နေ့စဉ် မကြားရရင် တစ်ခုခု လိုအပ်နေသလို ခံစားနေတတ်ခဲ့လေပြီ။ စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်၏ တဲ့။ ဟုတ်သည်။ ထိုထိုဤဤ အာရုံတို့၌   မွေ့လျော်ပျော်ပိုက် နေလေ့ရှိနေပြီကော။

ဝမ်းနှုတ်ဆေး စားသင့်နေလေပြီ။ ကိလေသာ အညစ်အကြေးတွေကို သွန်ထုတ်ပစ်စေတဲ့ ၀မ်းနှုတ်ဆေးကို ဆိုလိုခြင်း ဖြစ်သည်။ ထို့နောက် စိတ်ကို မှတ်ကျောက်တင်ပေးရမည်။ ခန္ဓာကိုယ်ရော စိတ်ရော ပေါ့ပါးလန်းဆန်းနေမှ အအေးဓါတ်ကို ရမည်ဖြစ်၏။ အအေးဓါတ်ရရှိသည့် မျက်နှာသည် ကြည်လင်တောက်ပနေတတ်သည်။ ထို့ကြောင့် နိရောဓသမာတ်မှ ထခါစ ရဟန္တာပုဂ္ဂိုလ်များ၏ မျက်နှာတော်သည် အလွန်ကြည်လင်နေတတ်ကြသည်။ 

စိတ်ကို ဘယ်လို မှတ်ကျောက်တင်မလဲ။ အလွယ်ဆုံး အရှင်းဆုံးကတော့ မိမိပြုလုပ်သည့် အပြုအမူ လုပ်ရပ်တို့ကို ပုညကိရိယာဝတ္ထုဆယ်ပါးနဲ့ ချိန်ထိုးကြည့်ရမည်။ သုစရိုက်တရား ဆယ်ပါးနဲ့ ချိန်ထိုးကြည့်ရမည်။ အနည်းဆုံးတော့ ငါးပါးသီလနဲ့ ချိန်ထိုးနှိုင်းယှဉ်ပေးရမည် ဖြစ်၏။ အဲဒီ စံတွေနဲ့ မညီသေးလျှင် ညီအောင် ညှိပေးရမည်။ ညှိပေးနိုင်မှ ကိလေသာ အညစ်အကြေးတွေကို တဖြေးဖြေး ချွတ်ဆေးနိုင်မည် ဖြစ်သည်။ ကိလေသာ အညစ်အကြေးတွေကို ချွတ်ဆေးနိုင်ပါစေလို့ ယခုလို ဘလော့ဒေး၌ အမှတ်တရ ဆန္ဒပြုတိုက်တွန်းလိုက်ပါသည်။ ။

...

Wednesday 24 August 2011

အကုသိုလ်ရိက္ခာထုပ် သွန်ထုတ်ပစ်လိုက်ပါ


အထင်လွဲတယ်ဆိုတာ အလွဲထင်တာကို ပြောတာပါ။ အမှန်ကို မမြင်သရွေ့တော့ အမြင်မှန်ရဖို့ဆိုတာ ဝေးပြီပေါ့။ အလွဲထင်လိုက် အမြင်မမှန်လိုက်နဲ့ လူသားတွေ ပစ်မှတ်ေ၀၀ါးနေပြီး အကုသိုလ်ရိက္ခာတွေကို နေ့စဉ် စုဆောင်းနေကြလေရဲ့။ စုမိ ဆောင်းမိပြီးရင်တော့ အဲဒီ ရိက္ခာတွေကဘဲ စုဆောင်းတဲ့သူကို အောက်အရပ်ကို စုန်ဆင်းစေမှာ အမှန်စင်စစ်ပါဘဲ။  

ပျော်ရွှင်ကြည်နူးမှုကို တကယ်လိုချင်ရင် စိတ်ဆိုး စိတ်ညစ်တွေကို ဖယ်ရှားထားဖို့ လိုပါတယ်။ စိတ်ဆိုးတယ်ဆိုတာ ဆိုးတဲ့စိတ် ၀င်လာတဲ့ အချိန်က စတင်တာပါဘဲ။ စိတ်ညစ်တယ် ဆိုတာကလဲ ညစ်နေတဲ့ စိတ်တွေ ထူပြောလာတဲ့ သဘောပါဘဲ။ အခုဆိုရင် ဆိုးတဲ့ စိတ် ၀င်လာလိုက် ညစ်နေတဲ့ စိတ်တွေ ကပ်ငြိလာလိုက်နဲ့ လောကကြီးက ပျော်စရာ မကောင်းတော့ပါဘူး။

ကိုယ့်လုပ်ရပ်မှ တကယ်မှန်တယ်လို့ ထင်မြင်နေတဲ့ အထဲမှာ ၉၉ ရာခိုင်နှုန်း လူသားတွေ ပါဝင်တယ်။ ကမ်းကုန်အောင် ယုတ်မာနေပါစေ။ သူတော်ကောင်း အမည်ကို ကိုယ်တိုင် ခံယူနေဆဲပါဘဲ။ လိမ်ညာနိုင်မှ သစ္စာရှင်၊ မိုက်မဲနိုင်မှ ပညာရှိ၊ ယုတ်မာနိုင်မှ သူတော်ကောင်း၊ ရက်စက်နိုင်မှ မေတ္တာသမား။ လောကကြီးက အဲဒီလို ဖြစ်နေပြီ။ လိမ်ညာ ဟန်ဆောင် ကောက်ကျစ် စဉ်းလဲ ရက်စက် ယုတ်မာမှုတွေ ကြားထဲမှာ လောကကြီးလဲ ဒဏ်ရာ ဒဏ်ချက်တွေ များလှရောပေါ့။

ကိုယ့်ရဲ့ အပြုအမူကြောင့် တစ်ဘက်လူ စိတ်ဆင်းရဲနေတာကို ကျိတ်ပျော်နေတဲ့ သူဟာ တစ်ပြားတစ်ချပ်မှ မရဘဲ အပါယ်ငရဲ သွားဖို့ ဗီဇာယူနေတာနဲ့ အတူတူပါဘဲ။ အဲဒီထက် ပိုပြီး သနားစရာကောင်းတာက တစ်ဘက်လူကို စိတ်ဆင်းရဲ စေချင်လို့ တစ်ခုခုကို ပြုလုပ်ပြီး တစ်ဘက်လူက ဘာမှ စိတ်ဆင်းရဲမှု မဖြစ်ဘဲနေတာကို ငါလုပ်လိုက်လို့ သူကတော့ စိတ်ဆင်းရဲသွားပြီ ပျော်လိုက်တာ လို့ ဘာသာပြန် မှားကာ တွေးတွေး ကြည်နူးနေတဲ့သူကိုပါဘဲ။

တိမ်သလ္လာ ကင်းရှင်းတဲ့ တစ်ချို့ ညဉ့်နက်နက် ညအချိန်တွေမှာ အခန်းအပြင်ဘက် ထွက်ပြီး ကောင်းကင်ကို မော့ကြည့်ဖြစ်တယ်။ အာကာသထဲ ပျံ့လွှင့်မျောပါနေကြတဲ့  ကြယ်စင်စုတွေ မျက်စိတစ်ဆုံးပါဘဲ။ ဒီ စကြာဝဠာကြီးထဲ ကြယ်တွေ လတွေ ဂြိုဟ်တွေ ဥက္ကာတွေ ကမ္ဘာတွေ ဘယ်ရွေ့ ဘယ်မျှများ ရှိနေနိုင်မလဲ။ အစမရှိ အဆုံးမရှိတဲ့ လဟာပြင် စကြာဝဠာ နယ်ပယ်ကြီး အကြောင်း စဉ်းစားမိရင်း စိတ်တွေက အရူး တစ်ယောက် ပမာ ဖြစ်ခဲ့ဖူးတယ်။ များများ တွေးရင် မြန်မြန် ရူးသွားနိုင်မှန်း သိလို့ အတွေးစကို တမင်သကာ ဖြတ်ပစ်လိုက်ရတဲ့ ညပေါင်း မနည်းခဲ့ဘူး။

ဒီ စကြာဝဠာ ဟင်းလင်းပြင်ကြီးထဲမှာ လူသားတွေ နေထိုင်တဲ့ ဒီကမ္ဘာလေးဟာ မပြောပလောက်တဲ့ တဲအိမ်လေး တစ်လုံးမျှပါဘဲ။ ဒီတဲအိမ်လေးထဲမှာ နေထိုင်ကြတဲ့ လူသားဦးရေဟာ ဘယ်လောက်များတာ မှတ်လို့ ရှိလှ သန်းခြောက်ထောင်ကျော်ရုံပေါ့။ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတွေထဲမှာ လူဦးရေရဲ့ ရာခိုင်နှုန်းက ဘယ်လောက်ပါဝင်လဲ။ ဘယ်သူပြောနိုင်မလဲ။ ဘယ်သူမှ မပြောနိုင်ပါဘူး။ သေချာတာကတော့ ရာခိုင်နှုန်းထဲက တစ် ဂဏန်းလေး တစ်ခုရဖို့ ရှေ့က သုညပေါင်း အနန္တ ခံရဦးမယ်ဆိုတာပါဘဲ။ 

ဒီလို မျောလွှင့် မျောပါနေတဲ့ စကြာဝဠာကြီးတွေထဲမှာ သင်တို့ရော ကျွန်ုပ်ကော ပရမာအနုမြူ တစ်မှုန်မျှ ဖြစ်တယ်ဆိုတာ မေ့နေကြလေရဲ့။ အဲဒီလို မေ့မြော့နေတတ်တဲ့ အပ္ပမာဒ ကြောင့်ဘဲ မြူတစ်မှုန်က မြူတစ်မှုန်ကို တိုက်ခိုက် ချောက်တွန်းမှုတွေ ပြစ်တင် ဝေဖန်မှုတွေ မနာလို ၀န်တိုမှုတွေ စောင်းမှု ရွဲ့မှုတွေ၊  အဲဒီလို မကောင်းမှုတွေကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေကြလေရဲ့။ ဒီအပြုအမူတွေကို မြင်တွေ့နေရတဲ့ စကြာဝဠာကြီးကတော့ ပြုံးတတ်ရင် ပြုံးတုံ့ပြုံးလှယ် ဖြစ်နေမှာ အမှန်ပါဘဲ။ ပြီးတော့ သနားကရုဏာလဲ ဖြစ်မိနေမှာ သေချာတယ်။

စကြာဝဠာကြီးရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်လိုက်ရင် မြူတစ်မှုန်မျှ လူသားတွေဟာ မျက်စိတစ်မှိတ်မျှ အသက် ရှင်သန်ခွင့်ရနေတာပါ။ ဒါပေမဲ့ ဒီလို မြူတစ်မှုန် ဖြစ်ခွင့်ရဖို့ဆိုတာကလဲ ဘယ်လောက် ခက်လိုက်သလဲ။ ခက်လွန်လွန်းလို့ ဒုလ္လဘ ငါးပါးထဲမှာ ထည့်သွင်းထားတာဘဲ မဟုတ်လား။ ဒီတော့ ရတောင့်ရခဲ မျက်စိ တစ်မှိတ်မျှ ဖြစ်ပေါ်ခွင့်ရတဲ့ မြူတစ်မှုန်စာ လူသားတွေဟာ အချင်းချင်း မကောင်းကြံ၊ မဟုတ်မမှန် သတင်းလွှင့်၊ ရက်စက်ယုတ်မာ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဘာ့ကြောင့် လုပ်နေကြတော့မှာလဲ။

အလွဲမထင်ဘဲ အမြင်မှန်ဖို့ ဆိုးတဲ့စိတ်တွေ ဖယ်ရှားပြီး ညစ်ပေနေတဲ့ စိတ်တွေကို အချိန်မီ ဆေးကြော နိုင်ကြရင်ဖြင့် လူမျိုးမရွေး ဘာသာမရွေး လူသား အားလုံးနှင့် သတ္တ၀ါအားလုံး လောကနိဗ္ဗာန်ကို ရလာတဲ့ ဘ၀ အချိန်တိုလေးမှာ ပျော်ရွှင်ကြည်နူးစွာ ခံစား စံစားနိုင်ကြမယ်ဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။ ဒါကြောင့် ဒီလိုလေး ဆန္ဒပြုလိုက်ပါတယ်။ အကုသိုလ် ရိက္ခာထုပ် သွန်ထုတ်နိုင်ကြပါစေကုန်။ မိမိ သူတစ်ပါး နှစ်ဦးသား အကျိုးမဲ့ ပျက်စီးစေမဲ့ အလုပ် အပြော အကြံတို့ကို ရှောင်ရှားနိုင်ကြပါစေကုန်။ ။

.

Tuesday 16 August 2011

မိုးကုတ်တရား စောဒနာ

Mokok  (Mogok) Vinicchaya [မိုးကုတ်ဝိနိစ္ဆယ] -- မိုးကုတ်တရား ဘာမှားလို့ဘာမှန်

Thursday 11 August 2011

ပူဇော်ရွတ်ဖတ် သုတ်သုံးရပ်

ဒီနှစ်ပိုင်းမှာ အချိန်လေး နဲနဲ ရလာတာနဲ့ အရွတ်အဖတ်ကလေး နေ့စဉ် လုပ်ဖြစ်ခဲ့တယ်။ အဘိဓမ္မာ ခုနစ်ကျမ်းကို မတ်ခ်ျလ ၂၂ ၂၀၁၁ ကစပြီး ရွတ်ဖတ်လာတာ၊ ဂျူလိုင်လ ၁ ရက်နေ့မှာ အဘိဓမ္မာ ခုနစ်ကျမ်းလုံး ရွတ်ဖတ်လို့ ပြီးစီး အောင်မြင်သွားခဲ့တယ်။ အချိန်နဲနဲ ရသေးတာနဲ့ သုတ်သုံးကျမ်း ဆက်ရွတ်ဖတ် ပူဇော်ဖြစ်တယ်။ တစ်ရက်ကို စာမျက်နှာ ၃၀ နှင့် ပဋ္ဌာန်းပစ္စယနိဒ္ဒေသ၊ မေတ္တသုတ်၊ အမျှဝေ လုပ်ဖြစ်တယ်။ ဒါပေမဲ့ ကြားထဲမှာ ကိစ္စလေးတွေ ပေါ်လာတာကြောင့် တစ်ပတ်လောက်တော့ ပျက်ကွက်ခဲ့သေးတယ်။

သီလက္ခန္ဓ၀ဂ္ဂပါဠိတော်ကို ဂျူလိုင်လ ၂ ရက်နေ့ မှ ဂျူလိုင်လ ၁၈ ရက်နေ့အထိ
မဟာဝဂ္ဂပါဠိတော်ကို ဂျူလိုင်လ ၁၉ ရက်နေ့မှ ဂျူလိုင်လ ၃၀ ရက်နေ့အထိ
ပါထိက၀ဂ္ဂပါဠိတော်ကို ဂျူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၁၁ ရက်နေ့အထိ။

အဘိဓမ္မာခုနစ်ကျမ်းနှင့် သုတ်သုံးကျမ်းပြီးသွားတော့ ၀ိနည်းငါးကျမ်း ဆက်ရွတ်ဖတ်ရမလား စဉ်းစားမိသေးတယ်။ ဒါပေမဲ့ စာကြည့်စရာတွေ များလာတာကြောင့် ၀ိနည်းငါးကျမ်းကိုတော့ အခွင့်သင့်တဲ့ တစ်ချိန်ချိန်မှဘဲ ရွတ်ဖတ်ပူဇော်တော့မယ်။ ဒါပေမဲ့ နေ့စဉ်ရွတ်ဖတ်နေကျ ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်၊ ဓမ္မစက္ကပ၀တ္တနသုတ်ပါဠိတော်၊ အနတ္တလက္ခဏသုတ်ပါဠိတော်၊ ပရိတ်ကြီး ၁၁ သုတ်ကိုတော့ နေ့စဉ် ရွတ်ဖတ်ပူဇော်ဖြစ်မှာပါ။

တစ်နည်းနည်း တစ်ဖုံဖုံနဲ့ ဒီဘလော့လေးထဲ ၀င်ရောက်မိခဲ့ရင် အခုလို ပြုစုရတဲ့ ကုသိုလ်တွေရဲ့ အဖို့အစု အမျှကို ယူသွားကြပါဦး။ အမျှပေးဝေပါတယ်။ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ကောင်းမွန်တဲ့ လိုအင်တွေ ပြည့်ဝနိုင်ကြပါစေ။  ။

.

Monday 8 August 2011

ယူကေမှာ ထူတဲ့ သီတဂူ

ဒီနေ့ အပြင်ထွက်ဖြစ်သည်။ မိုးလေ၀သ ကြေငြာချက်အရ မိုး တစ်ပြောက်ပြောက် ရွာနိုင်သည်ဆိုသော်လည်း  နေသာနေသည်။ မိုးရိပ်မိုးယောင်မျှပင် မရှိ။ အထူးစပါယ်ရှယ် စာရင်း မ၀င်ပေမဲ့ ပင့်ဖိတ်ထားသည်ဆိုတော့ သွားရပေမည်။ ပထမ ကိုသူရိန်အုန်းမြင့် လာခေါ်မည်ဆို၍ စောင့်သေးသည်။ ကိုသူရိန်အုန်းမြင့်လည်း သူ သွားမည့်နေရာသို့ သွားမည်။ ကားပေါ်မှာ ပစ္စည်းတွေ အများအပြား သယ်ဆောင်သွားရမည် ဆိုပြီး လာမကြိုတော့ပေ။ ကိုဟန်လင်း လာခေါ်မည် ဆိုပြန်၍ ထပ်စောင့်သည်။ ရောက်မလာ။ ထို့ကြောင့် ကားမှတ်တိုင်ထိ လမ်းလျှောက်ပြီး  H91 ဘတ်စ်ကားဖြင့် သွားလိုက်သည်။ မိနစ် ၃၀ လောက်စီးပြီး ထို နေရာသို့ ရောက်သည်။ ထိုနေရာမှာ Chiswick townhall ဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီး လာရောက်ပြီး ယူကေမှာ အဖွဲ့အစည်း တစ်ခု ဖွဲ့သည်။ ထိုအဖွဲ့အစည်း စတင်ဖွဲ့စည်းပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖို့ ထိုနေရာသို့ သွားခြင်းဖြစ်သည်။ အဖွဲ့အစည်း နာမည်မှာ Sitagu International Missionary Trust (SIMT) ဟူ၍ ဖြစ်သည်။ ထို ဟောခန်း၌ပင် နေ့ဆွမ်းဘုဉ်းပေးရသည်။ ပင့်သံဃာ ၉ ပါး ပင့်ထားသည်ဟု သိရသော်လည်း ၇ ပါးသာ ကြွသည်။ သီဟိုဠ်ဘုန်းကြီးနှင့် မိုးကုတ်ကျောင်းမှ ဘုန်းကြီး မကြွပေ။ သီတဂူဆရာတော် ဦးဥာဏိဿရ၊ ဘာမင်ဂမ်ဆရာတော် ဦးဥတ္တရဥာဏ၊ လန်ဒန်ဝိဟာရဆရာတော် ဦးကုသလ၊ မြောင်းမြဆရာတော် ဦးဇနက၊ အောက်စ်ဖို့ဆရာတော်ကျောင်းမှ ဦးနန္ဒ၊ သန္တိသုခကျောင်းမှ သူနှင့် ဦးခေမာ။ စုစုပေါင်း ၇ ပါးသာ ကြွလာသည်။ ဒကာဒကာမများမှာမူ ဟောခမ်းအပြည့် ဖြစ်သည်။

နေ့ဆွမ်းကို ၁၁ နာရီမှာ ကပ်လှူပြီး အခမ်းအနားကို နေ့လည် ၁ နာရီမှာ စသည်။ အခမ်းအနားမှူး ဒေါက်တာ ကျော်မြင့်ဦးဖြစ်သည်။ ၄င်းမှ ထိုအဖွဲ့အစည်းအကြောင်းနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်၌ ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ သီတဂူဆေးရုံများ အကြောင်း ရှင်းပြသည်။ ဒေါက်တာ သိန်းမြင့်မှလဲ သီတဂူဆရာတော်၏ အာယုဒါနဆေးရုံအကြောင်းနှင့် မျက်စိရောဂါကုသပေးသည့် အစီအစဉ်အကြောင်း ရှင်းပြသည်။ ဒေါက်တာ ချစ်ကိုကိုမှ သီတဂူဆရာတော်၏ ရန်ကုန်မှ သီတဂူစင်တာ ဖွင့်ပွဲကို ပရိုဂျက်တာ၊ ဗီဒီယို မှတ်တမ်းဖြင့် ပြသပေးသည်။ ထိုအဖွဲ့အစည်းသို့ မိမိတို့ တတ်စွမ်းသမျှ ကုသိုလ်ဒါန ပါဝင်နိုင်ကြောင်း အခမ်းအနားမှူးမှ ရှင်းပြသည်။ ထို့နောက် သီတဂူဆရာတော်က အင်္ဂလိပ်ဘာသာဖြင့် တစ်နာရီကျော်ကြာ တရားချီးမြှင့်သည်။ ထို အခမ်းအနားသို့ အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်သည်ကို တွေ့ရသည်။  ညနေ သုံးနာရီခွဲခန့်၌ အခမ်းအနား  ပြီးစီးအောင်မြင်သည်။

အပြန်လမ်း၌ မိုးရွာသည်။ သဲသဲမဲမဲ ရွာသည်။ သို့သော် သူ မိုးမမိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သန္တိသုခ ကျောင်းဒကာကြီး ဒေါက်တာစိုးလွင်မှ သူ့ကားဖြင့် ဟောခမ်းမှ သန္တိသုခကျောင်းအရောက် ယာဉ်အလှူ ပြုလုပ်သောကြောင့် ဟူလို။ ။

သီတဂူဆရာတော်ဘုရားသည် သြဂုတ်လ ၅ ရက်နေ့၌ မြန်မာနိုင်ငံမှ တစ်ဆင့် လန်ဒန်သို့ ရောက်လာပြီး သြဂုတ်လ ၉ ရက်နေ့၌ ပြန်ကြွသွားသည်။ မြန်မာနိုင်ငံသို့ ပြန်ကြွခြင်းကား မဟုတ်။ အမေရိကားသို့ ကြွသွားခြင်းပင်ဖြစ်၏။ 

အဖွဲ့အစည်း၏ ရည်ရွယ်ချက်များကို သိရှိလိုပါက ဓါတ်ပုံပေါ် ကလစ်လုပ်ပြီး ချဲ့ကြည့်ကြပါကုန်။  ။

...