Wednesday, 24 August 2011

အကုသိုလ်ရိက္ခာထုပ် သွန်ထုတ်ပစ်လိုက်ပါ


အထင်လွဲတယ်ဆိုတာ အလွဲထင်တာကို ပြောတာပါ။ အမှန်ကို မမြင်သရွေ့တော့ အမြင်မှန်ရဖို့ဆိုတာ ဝေးပြီပေါ့။ အလွဲထင်လိုက် အမြင်မမှန်လိုက်နဲ့ လူသားတွေ ပစ်မှတ်ေ၀၀ါးနေပြီး အကုသိုလ်ရိက္ခာတွေကို နေ့စဉ် စုဆောင်းနေကြလေရဲ့။ စုမိ ဆောင်းမိပြီးရင်တော့ အဲဒီ ရိက္ခာတွေကဘဲ စုဆောင်းတဲ့သူကို အောက်အရပ်ကို စုန်ဆင်းစေမှာ အမှန်စင်စစ်ပါဘဲ။  

ပျော်ရွှင်ကြည်နူးမှုကို တကယ်လိုချင်ရင် စိတ်ဆိုး စိတ်ညစ်တွေကို ဖယ်ရှားထားဖို့ လိုပါတယ်။ စိတ်ဆိုးတယ်ဆိုတာ ဆိုးတဲ့စိတ် ၀င်လာတဲ့ အချိန်က စတင်တာပါဘဲ။ စိတ်ညစ်တယ် ဆိုတာကလဲ ညစ်နေတဲ့ စိတ်တွေ ထူပြောလာတဲ့ သဘောပါဘဲ။ အခုဆိုရင် ဆိုးတဲ့ စိတ် ၀င်လာလိုက် ညစ်နေတဲ့ စိတ်တွေ ကပ်ငြိလာလိုက်နဲ့ လောကကြီးက ပျော်စရာ မကောင်းတော့ပါဘူး။

ကိုယ့်လုပ်ရပ်မှ တကယ်မှန်တယ်လို့ ထင်မြင်နေတဲ့ အထဲမှာ ၉၉ ရာခိုင်နှုန်း လူသားတွေ ပါဝင်တယ်။ ကမ်းကုန်အောင် ယုတ်မာနေပါစေ။ သူတော်ကောင်း အမည်ကို ကိုယ်တိုင် ခံယူနေဆဲပါဘဲ။ လိမ်ညာနိုင်မှ သစ္စာရှင်၊ မိုက်မဲနိုင်မှ ပညာရှိ၊ ယုတ်မာနိုင်မှ သူတော်ကောင်း၊ ရက်စက်နိုင်မှ မေတ္တာသမား။ လောကကြီးက အဲဒီလို ဖြစ်နေပြီ။ လိမ်ညာ ဟန်ဆောင် ကောက်ကျစ် စဉ်းလဲ ရက်စက် ယုတ်မာမှုတွေ ကြားထဲမှာ လောကကြီးလဲ ဒဏ်ရာ ဒဏ်ချက်တွေ များလှရောပေါ့။

ကိုယ့်ရဲ့ အပြုအမူကြောင့် တစ်ဘက်လူ စိတ်ဆင်းရဲနေတာကို ကျိတ်ပျော်နေတဲ့ သူဟာ တစ်ပြားတစ်ချပ်မှ မရဘဲ အပါယ်ငရဲ သွားဖို့ ဗီဇာယူနေတာနဲ့ အတူတူပါဘဲ။ အဲဒီထက် ပိုပြီး သနားစရာကောင်းတာက တစ်ဘက်လူကို စိတ်ဆင်းရဲ စေချင်လို့ တစ်ခုခုကို ပြုလုပ်ပြီး တစ်ဘက်လူက ဘာမှ စိတ်ဆင်းရဲမှု မဖြစ်ဘဲနေတာကို ငါလုပ်လိုက်လို့ သူကတော့ စိတ်ဆင်းရဲသွားပြီ ပျော်လိုက်တာ လို့ ဘာသာပြန် မှားကာ တွေးတွေး ကြည်နူးနေတဲ့သူကိုပါဘဲ။

တိမ်သလ္လာ ကင်းရှင်းတဲ့ တစ်ချို့ ညဉ့်နက်နက် ညအချိန်တွေမှာ အခန်းအပြင်ဘက် ထွက်ပြီး ကောင်းကင်ကို မော့ကြည့်ဖြစ်တယ်။ အာကာသထဲ ပျံ့လွှင့်မျောပါနေကြတဲ့  ကြယ်စင်စုတွေ မျက်စိတစ်ဆုံးပါဘဲ။ ဒီ စကြာဝဠာကြီးထဲ ကြယ်တွေ လတွေ ဂြိုဟ်တွေ ဥက္ကာတွေ ကမ္ဘာတွေ ဘယ်ရွေ့ ဘယ်မျှများ ရှိနေနိုင်မလဲ။ အစမရှိ အဆုံးမရှိတဲ့ လဟာပြင် စကြာဝဠာ နယ်ပယ်ကြီး အကြောင်း စဉ်းစားမိရင်း စိတ်တွေက အရူး တစ်ယောက် ပမာ ဖြစ်ခဲ့ဖူးတယ်။ များများ တွေးရင် မြန်မြန် ရူးသွားနိုင်မှန်း သိလို့ အတွေးစကို တမင်သကာ ဖြတ်ပစ်လိုက်ရတဲ့ ညပေါင်း မနည်းခဲ့ဘူး။

ဒီ စကြာဝဠာ ဟင်းလင်းပြင်ကြီးထဲမှာ လူသားတွေ နေထိုင်တဲ့ ဒီကမ္ဘာလေးဟာ မပြောပလောက်တဲ့ တဲအိမ်လေး တစ်လုံးမျှပါဘဲ။ ဒီတဲအိမ်လေးထဲမှာ နေထိုင်ကြတဲ့ လူသားဦးရေဟာ ဘယ်လောက်များတာ မှတ်လို့ ရှိလှ သန်းခြောက်ထောင်ကျော်ရုံပေါ့။ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတွေထဲမှာ လူဦးရေရဲ့ ရာခိုင်နှုန်းက ဘယ်လောက်ပါဝင်လဲ။ ဘယ်သူပြောနိုင်မလဲ။ ဘယ်သူမှ မပြောနိုင်ပါဘူး။ သေချာတာကတော့ ရာခိုင်နှုန်းထဲက တစ် ဂဏန်းလေး တစ်ခုရဖို့ ရှေ့က သုညပေါင်း အနန္တ ခံရဦးမယ်ဆိုတာပါဘဲ။ 

ဒီလို မျောလွှင့် မျောပါနေတဲ့ စကြာဝဠာကြီးတွေထဲမှာ သင်တို့ရော ကျွန်ုပ်ကော ပရမာအနုမြူ တစ်မှုန်မျှ ဖြစ်တယ်ဆိုတာ မေ့နေကြလေရဲ့။ အဲဒီလို မေ့မြော့နေတတ်တဲ့ အပ္ပမာဒ ကြောင့်ဘဲ မြူတစ်မှုန်က မြူတစ်မှုန်ကို တိုက်ခိုက် ချောက်တွန်းမှုတွေ ပြစ်တင် ဝေဖန်မှုတွေ မနာလို ၀န်တိုမှုတွေ စောင်းမှု ရွဲ့မှုတွေ၊  အဲဒီလို မကောင်းမှုတွေကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေကြလေရဲ့။ ဒီအပြုအမူတွေကို မြင်တွေ့နေရတဲ့ စကြာဝဠာကြီးကတော့ ပြုံးတတ်ရင် ပြုံးတုံ့ပြုံးလှယ် ဖြစ်နေမှာ အမှန်ပါဘဲ။ ပြီးတော့ သနားကရုဏာလဲ ဖြစ်မိနေမှာ သေချာတယ်။

စကြာဝဠာကြီးရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်လိုက်ရင် မြူတစ်မှုန်မျှ လူသားတွေဟာ မျက်စိတစ်မှိတ်မျှ အသက် ရှင်သန်ခွင့်ရနေတာပါ။ ဒါပေမဲ့ ဒီလို မြူတစ်မှုန် ဖြစ်ခွင့်ရဖို့ဆိုတာကလဲ ဘယ်လောက် ခက်လိုက်သလဲ။ ခက်လွန်လွန်းလို့ ဒုလ္လဘ ငါးပါးထဲမှာ ထည့်သွင်းထားတာဘဲ မဟုတ်လား။ ဒီတော့ ရတောင့်ရခဲ မျက်စိ တစ်မှိတ်မျှ ဖြစ်ပေါ်ခွင့်ရတဲ့ မြူတစ်မှုန်စာ လူသားတွေဟာ အချင်းချင်း မကောင်းကြံ၊ မဟုတ်မမှန် သတင်းလွှင့်၊ ရက်စက်ယုတ်မာ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဘာ့ကြောင့် လုပ်နေကြတော့မှာလဲ။

အလွဲမထင်ဘဲ အမြင်မှန်ဖို့ ဆိုးတဲ့စိတ်တွေ ဖယ်ရှားပြီး ညစ်ပေနေတဲ့ စိတ်တွေကို အချိန်မီ ဆေးကြော နိုင်ကြရင်ဖြင့် လူမျိုးမရွေး ဘာသာမရွေး လူသား အားလုံးနှင့် သတ္တ၀ါအားလုံး လောကနိဗ္ဗာန်ကို ရလာတဲ့ ဘ၀ အချိန်တိုလေးမှာ ပျော်ရွှင်ကြည်နူးစွာ ခံစား စံစားနိုင်ကြမယ်ဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။ ဒါကြောင့် ဒီလိုလေး ဆန္ဒပြုလိုက်ပါတယ်။ အကုသိုလ် ရိက္ခာထုပ် သွန်ထုတ်နိုင်ကြပါစေကုန်။ မိမိ သူတစ်ပါး နှစ်ဦးသား အကျိုးမဲ့ ပျက်စီးစေမဲ့ အလုပ် အပြော အကြံတို့ကို ရှောင်ရှားနိုင်ကြပါစေကုန်။ ။

.

No comments: