Saturday 12 February 2011

သန့်ရှင်းရေး

ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနဲ့ အတော်လေးရင်းနှီးတယ်။ ကျောင်းထိုင်ဘုန်းကြီးဆိုပေမဲ့ သက်တော်က သိပ်မကြီးသေးပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထောင်ကျခဲ့တဲ့အတွက် ကျောင်းထိုင်ဘုန်းကြီးလို့ဘဲ အမည်တပ်လိုက်ကြတာပါ။ သူက စာပေသမားသက်သက်ပါဘဲ။ စာပေကလွဲရင် ဘာမှ စိတ်မ၀င်စားဘူး။ စာဖတ်နေရရင် ပြီးရော။ သူ့ကျောင်းပေါ်မှာ စာအုပ်တွေ များလွန်းတဲ့အတွက် ကျောင်းနှင့်မတူဘဲ စာကြည့်တိုက်ကြီးတစ်ခုလို ဖြစ်နေတယ်။ ဒါပေမဲ့ စာအုပ်တွေကိုတော့ စည်းကမ်းတကျထားတာ မဟုတ်ပါဘူး။ စာအုပ်ဗီရိုထဲမှာလဲရှိရဲ့။ ဆွမ်းစားစားပွဲပေါ်မှာလဲ ရှိတဲ့။ အိပ်ရာနဘေးနားမှာလဲရှိရဲ့။ ပြီးတော့ ကျောင်းကြမ်းပြင်တစ်လျှောက် ဟိုပုံဒီပုံစာအုပ်တွေကလဲ ပိုးလိုးပက်လက်ပါဘဲ။

ဒီလောက်များပြားလှတဲ့ စာအုပ်တွေ ရှိနေတာတောင်မှ တစ်ခါတစ်ခေါက် အင်္ဂါမောင်အလည်ရောက်သွားတိုင်း "ဟေ့ကောင် စာအုပ်အသစ်လေးတွေရှိရင် လာပေးဦးလေကွာ ငါ့မှာ ဒီစာအုပ်တွေချည်း ဖတ်နေရတာ နှစ်ခေါက်သုံးခေါက်ပေါက်နေပြီ။  ထပ်ဖတ်ရမှာလဲ ပျင်းသွားပြီ" လို့ ခဏခဏပြောတယ်။ အင်း.. စာပေသမားဆိုတော့လဲ လုပ်စရာမရှိ ရှိတဲ့ စာအုပ်တွေချည်း လှိမ့်ဖတ်နေပုံရပါတယ်။ အဲဒီ သူဖတ်ထားတဲ့ ထောင်ချီရှိနေတဲ့ အဲဒီစာအုပ်တွေရဲ့ အကြောင်းအရာကိုလဲ သူ အကုန်လုံး ပြန်ပြောပြနိုင်တယ်။ အဲဒီလောက်ထိ စာကို စိတ်ဝင်တစားဖတ်တာပါ။

ဒါပေမဲ့ ထူးခြားတာတစ်ခုက သူ့ကျောင်းမှာ သူအိပ်ဖို့ နေရာအတည်တကျမရှိဘူး။ ရွာသူရွာသားတွေက ကုတင်လှူထားပေမဲ့ ကုတင်ပေါ်လဲ မအိပ်ဘူး။ ကြုံသလိုဖြစ်သလိုဘဲ အိပ်လေ့ရှိတယ်။ များသောအားဖြင့်တော့ ကျောင်းတိုင်တစ်လုံးလုံးကို မှီပြီး စာဖတ်ရင်း ထိုင်ရက်အိပ်ပျော်သွားတာများတယ်။ တစ်ခါတစ်လေစိတ်ကူးပေါက်တဲ့အခါတော့ ကြိမ်ဖျာလေးတစ်ချပ်ပေါ် ခေါင်းအုံးတစ်လုံးချပြီး စာအုပ်အတော်များများကို အနားမှာထားလို့ အိပ်တတ်တယ်။ အဲဒီလိုအိပ်တာဟာ သူ့အတွက် အကောင်းဆုံး အသပ်ရပ်ဆုံး အိပ်စက်ခြင်းဘဲဖြစ်တယ်။

ကျောင်းပေါ်မှာ ဘုရားခန်းကလွဲပြီး မျက်စိပသာဒဖြစ်စရာ ဘာမှမရှိဘူး။ ဖြစ်သလိုစုပုံထားတဲ့ စာအုပ်ပုံတွေက နေရာအနှံ့။ ရေနွေးသောက်တဲ့ မတ်ခွက် ပန်းကန်တွေကလဲ ခပ်ညစ်ညစ်။ ကြမ်းပြင်တစ်လျှောက်လဲ ဖုံတွေ အလိမ်းလိမ်း။ သောက်ရေအိုးကလဲ ရေညှိခပ်စိမ်းစိမ်း။ သူဝတ်ထားတဲ့ သင်္ကန်းကလဲ ခပ်ညစ်ညစ်။ ဘာမှ သန့်သန့်ရှင်းရှင်းမရှိဘူး။ အင်္ဂါမောင်လဲ မနေတတ်မထိုင်တတ်ဖြစ်လာတာနဲ့ "ဘုန်းကြီးရယ် သပ်သပ်ရပ်ရပ်ကလေး ကြည်ညိုဖွယ်ဖြစ်အောင် နေစမ်းပါဦးဘုရား" လို့ လွှတ်ကနဲ ပြောမိလိုက်ပါရော။

အဲဒီမှာ အင်္ဂါမောင်ကို ဆော်တော့တာဘဲ။ မြွေပွေးကိုမှ ဆရာသွားလုပ်လိုက်မိတာကိုး။ "ဒီမှာ အင်္ဂါမောင်.. ကြည်ညိုဖွယ်ဖြစ်အောင်ဆိုတဲ့ စကားကို မင်းဘယ်လိုနားလည်သလဲ။ ငါက ဘယ်လို မကြည်ညိုဖွယ်ဖြစ်နေလို့လဲ။ ငါ ဘာဣနြေ္ဒတွေချွတ်ယွင်းနေလို့လဲ။ ပြီးတော့ ငါ ဘာသီလတွေ ချိုးဖျက်နေလို့လဲ။ မင်း... ဘုရားရှင်လက်ထက်ကို မျှော်ကြည့်လိုက်စမ်းပါ။ ရဟန်းတွေဝတ်ရုံတဲ့ သင်္ကန်းတွေဆိုရင် ပံသုကူသင်္ကန်းတွေ များတယ်မဟုတ်လား။ ပံသုကူသင်္ကန်းဆိုတာ သုဿာန်သချိ င်္ုင်းတွေထဲသွားပြီး လူသေကောင်ပေါ်က ယူထားတဲ့ အ၀တ်အစားတွေက ခပ်များများလေ။ အဲဒီလောက် ညစ်ပတ်တဲ့ အ၀တ်အစား ဘယ်မှာရှိဦးမှာလဲ။ ပြီးတော့ ကျောင်းဆိုရင်လဲ သစ်ပင်ရင်းမှာ ဖြစ်သလိုအိပ်ခဲ့ကြရတယ်လေ။ အစားအစာဆိုလဲ လူတွေပေးတဲ့အစားအစာကို ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ စားလိုက်ကြရတာပါဘဲ။ နောက်ပြီး ဆေးဝါးတွေကိုလဲ ကြည့်လိုက်ဦး။ နွားကျင်ငယ်ရေနှင့်စိမ်ထားတဲ့ ဖန်းခါးသီးတဲ့။ ကဲ... မင်းဘာပြောဦးမလဲ။ ငါ အခုလိုနေထိုင်တာ ဘုရားရှင်လက်ထက်က ရဟန်းတွေထက်တော့ သပ်ရပ်သန့်ရှင်းပါသေးတယ်" တဲ့။

ကဲ. မှတ်ကရော။ အင်္ဂါမောင်လဲ ခေါင်းလေးကို ပုပြီး နားထောင်နေလိုက်ရတယ်။ သူပြောတာလဲ ဟုတ်နေတာကိုး။ နောက် ဆက်ပြောသေးတယ်။ အဲဒီစကားလုံးတွေကမှ တကယ့်မှတ်သားစရာကောင်းတာ။

"အင်္ဂါမောင်... ငါပြောလိုက်ဦးမယ်။ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနေလေ တဏှာရာဂ ပိုထူလေဘဲ။ လူတစ်ယောက်ကို အကဲခတ်ကြည့်လိုက်ပါ။ သူ အရမ်းသပ်ရပ်တာကို ကြိုက်တယ်၊ အရမ်းသန့်ရှင်းတာကို ကြိုက်တယ်၊ ခဏခဏအလှပြင်နေတယ်ဆိုရင် သူဟာ တကယ့်ကို တဏှာရာဂ အားများလို့ဘဲ။ တဏှာရာဂ အားနည်းတဲ့သူတွေက ဘယ်တော့မှ အလှမပြင်ကြဘူး။ အခန်းတစ်ခန်းကို ၀င်ကြည့်မယ်ဆိုရင်လဲ ကုတင် မွေ့ယာ ခေါင်းအုံး ဖက်လုံး ခြင်ထောင် စတဲ့ အသုံးအဆောင်တွေကို ရေမွှေးလေးဖျန်းပြီး အရမ်းကြည့်လို့ကောင်းအောင် ပြင်ဆင်ထားတဲ့သူဟာ တဏှာရာဂရဲ့ သားကောင်သက်သက်ပါဘဲ။ ဒီတော့ စွဲစွဲမြဲမြဲသာ မှတ်ထားပေတော့ အင်္ဂါမောင်ရေ့။ အသန့်ကြိုက်လေလေ တဏှာရာဂအားကြီးလေလေဘဲ။ အခု ငါ့ဖာသာ ငါ စာဖတ်တယ်။ ကြုံသလိုအိပ်တယ်။ ဒကာဒကာမတွေလာရင် တရားဟောလိုက်တယ်။ ကဲ.. ဘာလိုသေးလဲ" တဲ့။

အင်္ဂါမောင်လဲ သူပြောတဲ့စကားလုံးတွေ ရင်ဝတည့်တည့်လာဆောင့်ပြီး ကိုယ့်နေရာ ကိုယ်ပြန်ရောက်ရင်တော့ အခန်းအနေအထား အခန်းထဲက ပစ္စည်းတွေရဲ့အနေအထား အိပ်ရာကုတင် စတဲ့ စတဲ့ အသုံးအဆောင်လေးတွေကို ပြန်ကြည့်ပြီး ငါ ဘယ်လောက် အသန့်ကြိုက်သလဲ၊ ငါဘယ်လောက် အလှကြိုက်သလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ရဦးမယ် လို့ စိတ်ထဲပေါ်ပေါက်နေမိလေရဲ့။ သေချာတာကတော့ အင်္ဂါမောင်လဲ သန့်ရှင်းရေးအတော်လုပ်ရဦးမယ်ထင်တယ်။  စိတ်သန့်ရှင်းရေး ။ ။

.

1 comment:

မေဓာဝီ said...

ကျောင်းထိုင်ဘုန်းဘုန်းပြောတာ သဘောကျလိုက်တာ ဦးဇင်း။
တပည့်တော်လဲ စာအုပ်ပုံထဲ ခေါင်းထိုးပြီး အိပ်တာပဲ။ တကယ်တော့ တပည့်တော်က ရှင်းရမှာ ပျင်းလို့ပါ။
သပ်သပ်ရပ်ရပ်မထားလို့ အပြစ်လာတင်ကြရင် ခု ကျောင်းထိုင်ဘုန်းဘုန်းပြောတဲ့ အကြောင်းပြချက်မျိုး ဆင်ခြေပေးလို့ရသွားပြီ။ :)