မြန်မာနိုင်ငံက ဗြိတိသျှ သံရုံးမှာ ကျောင်းသားဗီဇာ ယူတုန်းက ၁၄လ တိတိ ရခဲ့ပါတယ်။ ယူကေ ရောက်ပြီး ၁၄ လ ပြည့်တော့ ကျောင်းသားဗီဇာဘဲ ထပ်တိုးပါတယ်။ နောက်ထပ် ၁၄ လ တိတိ ရပြန်ပါတယ်။ နောက်တိုးတဲ့ ၁၄ လ အတွင်းမှာ အင်္ဂါမောင် လန်ဒန်တက္ကသိုလ်မှာ မာစတာတန်း တက်ပါတယ်။ တက္ကသိုလ် တက်ရင်းနဲ့ ဗီဇာ ထပ်ကုန်ပြန်ပါတယ်။ အေပရယ်လမှာ ကုန်သွားတာပါ။ ဒါနဲ့ ကျောင်းသားဗီဇာထပ်တိုးပြန်ပါတယ်။ စိတ်ထဲမှာတော့ နောက်ထပ် ၁၄ လ ထပ်ရဦးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ စိတ်ကူးယဉ်ထားသလို ဖြစ်မလာပါဘူး။ ၇ လဘဲ ပေးပါတော့တယ်။ နိုဝင်ဘာလ ၁၅ ရက်အထိဘဲ ဖြစ်ပါတယ်။ အင်္ဂါမောင် ကျောင်းပြီးမှာက စက်တင်ဘာ ၁၅ ပါ။ ကျောင်းပြီးတယ်ဆိုပေမဲ့ အောင်ဂဇက်ကတော့ မထွက်သေးပါဘူး။ နိုဝင်ဘာ ၂၆ နေ့မှ ထွက်မှာပါ။
ပြဿနာက အဲဒီက စတော့တာပါဘဲ။ ဗီဇာကုန်မှာက နိုဝင်ဘာ ၁၅ ရက်။ အောင်ဂဇက် ထွက်မှာက နိုဝင်ဘာ ၂၆။ တိုးရမဲ့ ဗီဇာ အမျိုးအစားက ကျောင်းသားဗီဇာ မဟုတ်ဘူး။ PSW (Post Study Work) ဗီဇာ အမျိုးအစားပါ။ ရှင်းရှင်းပြောရရင်တော့ တက္ကသိုလ်က ရတဲ့ ဘွဲ့ဒီဂရီနဲ့ အလုပ်လျောက်တဲ့ ဗီဇာပါ။ အောင်ဂဇက်က မထွက်သေးတော့ ဘွဲ့က မရသေးဘူး။ ဗီဇာ လျောက်ရမှာက အဲဒီဘွဲ့နဲ့ လျောက်ရမှာ။ ဗီဇာကုန်တာနဲ့ အောင်ဂဇက်ထွက်မှာ နှစ်ပတ်လောက် ကွာဟနေတယ်။ အမှန်ဆို ကျောင်းသား ဗီဇာတွေကို ကျောင်းပြီးရင်တောင် ၄ လ တိတိ ပို ပေးလေ့ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အင်္ဂါမောင်ကိုတော့ ကျောင်းပြီးတဲ့ ရက်ကနေ ၂ လဘဲ ပို ပေးခဲ့တယ်။
အဲဒီလို ၂ လထဲ ပေးခဲ့တဲ့ အတွက် ဗီဇာ တိုးတဲ့အခါ အခက်အခဲ ဖြစ်တော့တာပါဘဲ။ မာစတာပြီးလို့ ပီအိပ်ခ်ျဒီ ဆက်တက်မဲ့ ကျောင်းသားတွေ အတွက် ပြဿနာ မဟုတ်ပေမဲ့ အင်္ဂါမောင်တို့လို ကျောင်းဆက်တက်ရမလား မတက်ဘဲ ပြန်ရမလား ဝေခွဲမရနိုင်သေးတဲ့ အခြေအနေမို့ ကျောင်းမတက်ဘဲ အလုပ်ဗီဇာဘဲလျောက်သူ အဖို့ကတော့ တကယ့် ပြဿနာကြီးတစ်ခုပါ။ ဘွဲ့မရသေးဘဲ အဲဒီဘွဲ့နဲ့ အလုပ် လျောက်ထားသလိုမျိုး ဖြစ်နေတယ်။ ယူကေ အစိုးရသစ်ကလဲ တစ်ချို့ ကျောင်းသားတွေကို သူတို့နိုင်ငံ ပြန်လွှတ်နေတဲ့ အချိန်မို့လို့လဲ ပိုပြီး ဦးဏှောက်ခြောက်ရပါတယ်။
ဒီတော့ ထုံးစံအတိုင်း စိတ်အေးအေး နေရအောင် ရှေ့နေ ငှားရတော့တာပါဘဲ။ ရှေ့နေက သေချာ ရှင်းပြပါတယ်။ အချက် သုံးချက်ထဲက ကြိုက်ရာရွေးပါတဲ့။
၁။ဗီဇာ မကုန်ခင် မြန်မာပြည် ပြန်ပြီး မြန်မာမှာရှိတဲ့ ဗြိတိသျှသံရုံးမှာ (PSW)ဗီဇာလျောက်ရင်လဲ ရတယ်။
၂။ အောင်ဂဇက်စောင့်ဖို့ ကျောင်းသားဗီဇာအနေနဲ့ ၂ လ၀န်းကျင် ဗီဇာလျှောက်လဲ ရတယ်။
၃။ သူ့ဆီမှာ PSW ဗီဇာအတွက် အလုပ်အပ်လဲ ရတယ်။
သူက ရှင်းရှင်းဘဲ ပြောပါတယ်။ မြန်မာပြည် ပြန်ပြီး လျောက်တာက အလည်အပတ်လဲ သွားပြီးသားဖြစ်တယ်။ ပြီးတော့ သူ့ဆီမှာ အကူအညီ တောင်းသလောက် ငွေအကုန်အကျလဲ များမှာ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ အင်္ဂါမောင်ကတော့ စာရင်းတွေ ရှုပ်ကုန်မှာ စိုးတာနဲ့ သူ့ဆီမှာဘဲ လက်မှတ်ထိုးပြီး အလုပ်အပ်လိုက်ပါတယ်။ ဗီဇာက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကုန်မယ်။ ဒါကြောင့် သူက Initial Application ကို ဆိုင်းငံ့လျှောက်လွှာ အနေနဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာဘဲ ရုံးကို တင်ပေးခဲ့တယ်။ အဲဒီ လျှောက်လွှာအတွက် ၄၇၅ ပေါင် ပေးရပါတယ်။ အဲဒီ လျှောက်လွှာက အတည်မဟုတ်သေးပါဘူး။ အောင်ဂဇက်မထွက်ခင် အချိန်ဆိုင်းထားဖို့ လျှောက်လွှာပါ။ အောင်ဂဇက် ထွက်ပြီးမှ နောက်ထပ် တစ်စောင် အတည် တင်ရဦးမှာပါ။ အဲဒီ PSW ဗီဇာကို Point Based System နဲ့ လုပ်ထားတယ်။ အောင်လက်မှတ် (သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာ တစ်ခုခု မပြနိုင်ရင် ဗီဇာ လုံးဝ မပေးဘူး။
အောင်ဂဇက်က နိုဝင်ဘာ ၂၆ မှာ ထွက်တယ်။ ဒါပေမဲ့ စာမေးပွဲ အောင်မြင်တဲ့ အကြောင်း တက္ကသိုလ်က ထောက်ခံစာနှင့် ရမှတ်တွေကိုတော့ ဒီဇင်ဘာ ၄ ရက်နေ့မှ ပို့ပေးတယ်။ ၅ ရက်နေ့က တနင်္ဂနွေနေ့မို့ ၆ ရက်နေ့မှဘဲ ထောက်ခံစာနှင့် ရမှတ်တွေကို ယူပြီး ရှေ့နေရုံးကို သွားပေးလိုက်ရတယ်။ ဒုတိယ Application မတင်ခင် Invoice အရင်လာတယ်။ ပထမ လျှောက်လွှာအတွက် ငွေချေပြီးမှ ဒုတိယ လျှောက်လွှာကို တင်ပေးပါတယ်။ ပထမ Invoice အရ VAT အပါအ၀င် ၄၀၅.၈၅ ပေါင် ပေးရပါတယ်။
ဒုတိယ လျှောက်လွှာက အင်္ဂါမောင် လျှောက်မဲ့ Tire 1 (PSW) Visa ပါ။ ဗီဇာ မကုန်ခင် အောင်ဂဇက် ထွက်ပြီးရင်တော့ ဒီဒုတိယပုံစံ တစ်ခုထဲ တင်ရင် ရပါတယ်။ ရှေ့နေလဲ မလိုပါဘူး။ ဒီလျှောက်ကို စာတိုက်က တင်မယ်ဆိုရင် ပေါင် ၅၅၀ ပေးရပါတယ်။ လူကိုယ်တိုင်သွားပြီး လျောက်မယ်ဆိုရင်တော့ ပေါင် ၈၅၀ ပေးရပါတယ်။ Bank statement ထဲမှာလဲ လွန်ခဲ့တဲ့ ၃ လက စပြီး ဗီဇာတင်တဲ့ နေ့အထိ ဆက်တိုက် အနည်းဆုံး ပေါင် ၈၀၀ ရှိရပါမယ်။ အင်္ဂါမောင်ကတော့ ရှေ့နေနဲ့ လုပ်တာဆိုတော့ စာတိုက်က တင်မဲ့ စာရင်းထဲ ၀င်သွားတာပါ။ အဲဒါကြောင့် အဲဒီ လျှောက်လွှာအတွက် ပေါင် ၅၅၀ ပေးလိုက်ပါတယ်။ ရှေ့နေကဘဲ လျှောက်လွှာ တင်ပေးပါတယ်။
ဇန်န၀ါရီ ၂၅ မှာ ဗီဇာရပြီဆိုတဲ့ အကြောင်း ရှေ့နေဆီက အီးမေးလ် လာပါတယ်။ ကိုယ်တိုင် လာပြီး ယူမှာလား စာတိုက်ကနေ ပို့လိုက်ရမှာလား ဆိုပြီး မေးပါတယ်။ အင်္ဂါမောင်လဲ ရှင်းအောင်လို့ စာတိုက်က ပို့ရင် ၀န်ဆောင်ခ ဘယ်လောက် ယူမှာလဲ၊ ကိုယ်တိုင် လာယူရင် ဈေး ပို သက်သာ မလား ဆိုပြီး အီးမေးလ် အပြန်အလှန် လုပ်နေတာနဲ့ ရက် အတော်လေး ကြာသွားတယ်။ စာတိုက်က ပို့ရင် စာပို့ခဘဲ ယူမယ် ဆိုတာနဲ့ စာတိုက်ကဘဲ ပို့ခိုင်း လိုက်ပါတယ်။ အဲဒီ အချိန်မှာ Final Invoice ထပ် လာပါတယ်။ ၄၉၈.၇၂ ပေါင် ပေးရပါတယ်။ ပိုက်ဆံ ရှင်းပြီးမှ ပတ်စ်ပို့ စာအုပ်ကို အင်္ဂါမောင်ဆီ ပို့ပေးပါတယ်။ စာအုပ်ကို ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ရပါတယ်။ ဗီဇာ ၂ နှစ် ရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ အထိ ဖြစ်ပါတယ်။
အားလုံး ပြီးလို့ တွက်ချက် ကြည့်လိုက်တဲ့အခါ..
-Initial Application အတွက် ၄၇၅ ပေါင်
-ပထမ Invoice အတွက် ၄၀၅.၈၅ ပေါင်
-Tire 1 (PSW) Application အတွက် ပေါင် ၅၅၀
-Final Invoice အတွက် ၄၉၈.၇၂ ပေါင်
စုစုပေါင်း ၁၉၂၉.၅၇ ပေါင် ကုန်ကျ သွားခဲ့တယ်။
ထူးဆန်းစွာဘဲ ဒီနေ့ ရှေ့နေဆီက စာတစ်စောင် ရောက်လာတယ်။ ဖောက်ဖတ်ကြည့်လိုက်တော့ အထဲမှာ စာလေးတစ်စောင်နဲ့ ချက်လက်မှတ် တစ်စောင်ကို တွေ့ရတယ်။ စာကတော့ Initial Application အတွက် ပေးထားတဲ့ ငွေကို Refund ပြန်ပေးတဲ့ အကြောင်း ရေးထားတယ်။ ချက်လက်မှတ်မှာ ၄၇၅ ပေါင်ပြန်ပေးထားတယ်။ ပျော်လိုက်တဲ့ ဖြစ်ခြင်း။ စုစုပေါင်း ကုန်ကျငွေ ၁၉၂၉.၅၇ ထဲက Refund ငွေ ၄၇၅ နှုတ်လိုက်တော့ ၁၄၅၄.၅၇ ပေါင် ဖြစ်သွားတယ်။ အဲဒီ ၁၄၅၄.၅၇ ပေါင်ဟာ ဗီဇာ ၂ နှစ်အတွက် စုစုပေါင်း ကုန်ကျငွေဘဲ ဖြစ်ပါတယ်။
....
အင်္ဂါမောင် အင်္ဂလန် မလာခင်တုန်းက ပါမောက္ခချုပ်ဆရာတော် ပြောခဲ့တဲ့ စကားတစ်ခွန်းကို အမှတ်ရမိလိုက်တယ်။ သူ အင်္ဂလန် ကြွစဉ်တုန်းက အင်္ဂလိပ်တစ်ယောက် မောင်းတဲ့ တက္ကစီကို ငှားစီးဖူးတယ်တဲ့။ သွားမဲ့နေရာ ရောက်အောင် လန်ဒန်တံတားပေါ် ဖြတ်ပြီး မောင်းရတယ်တဲ့။ အဲဒီ အချိန်မှာ ဆရာတော်ရဲ့ စိတ်ထဲမှာတော့ "ကဲ မှတ်ကရော ငါတို့ နိုင်ငံကို လာပြီး ကျွန်ပြုသွားတဲ့ကောင်.. အခု ဘာတတ်နိုင်သေးလဲ.. ငါ ပိုက်ဆံ ပေးပြီး ခိုင်းစားလို့ ရနေပြီ" ဆိုပြီး ကြည်နူးမိခဲ့ဖူးသတဲ့။ အခု အင်္ဂါမောင်လဲ ဆရာတော် နည်းတူ "ကဲ ဘာမှတ်သလဲ ငါတို့ကို ကိုလိုနီ လုပ်ခဲ့တဲ့ အင်္ဂလိပ်ကြီး၊ အခုတော့ ဘာတတ်နိုင်သေးလဲ၊ ငါ ပိုက်ဆံ ပေးပြီး ဗီဇာ လျှောက်ခိုင်းလိုက်တာ၊ ငါခိုင်းတဲ့အတိုင်း ရိုရိုသေသေ ပြန်လုပ်ပေး ရရော" ဆိုပြီး ကြည်နူးဝမ်းသာ ဖြစ်နေမိလေရဲ့။ (ပိုက်ဆံကုန်သွားတာကိုတော့ မမြင်တဲ့ အင်္ဂါမောင်၊ တော်တော် ဆိုးနေသလိုဘဲ)။
.

No comments:
Post a Comment