အင်္ဂါမောင်တို့မြန်မာလူမျိုးတွေက ယုံကြည်မှုလွယ်ကူကြတဲ့အတွက် ဗေထိဆိုရင် ကပြီးသားဘဲ။ ဖြစ်စေသတည်းဆိုရင် သာဓုခေါ်ပြီးသားဘဲ။ ပတ်သံကြားရင် တရားနာပြီးသားဘဲ။ ရှည်ရှည်ဝေးဝေး ဘာမှ စဉ်းစားမနေတတ်ကြဘူး။ အဲဒီလို ယုံကြည်မှု လွယ်ကူတာကို Gullible လို့ခေါ်တယ်။ ယိမ်းလွယ် တိမ်းလွယ် ယုံကြည်လွယ်လွန်းလို့လဲ မဖြစ်သင့်တဲ့ ကိစ္စတွေ အတော်များများ ပေါ်ပေါက်လာကြတယ်။ ဘာသာရေး နိုင်ငံရေး စီးပွါးရေး လူမှုရေး အိမ်ထောင်ရေး စတဲ့ အရေးတွေမှာ Gullible ဖြစ်လွန်းတဲ့ လူတွေ အလူးအလဲ ခံရလေ့ရှိတယ်။
ဗုဒ္ဓရဲ့ဝါဒက ၀ိဘဇ္ဇ၀ါဒပါ။ ခွဲခြမ်းစိပ်ဖြာ ဝေဖန်ခံနိုင်စွမ်းရှိတယ်။ ပြီးတော့ "ငါ့ဝါဒတွေက ဧဟိပဿိက ဂုဏ်နဲ့ ပြည့်စုံတယ်" ဆိုပြီး လာရောက်စမ်းသပ်ဖို့ကိုလဲ ဗုဒ္ဓက စိန်ခေါ်ထားပါတယ်။ အဲဒါတွေက လူတွေကို ဘယ်အရာမဆို လေ့လာစမ်းသပ်စစ်ဆေးပြီးမှ ယုံကြည်လက်ခံဖို့ သင်ပြပေးနေတာပါ။ ဘာသာရေးကိုမှ မဟုတ်ပါဘူး။ အရေးအားလုံးကို လေ့လာဆန်းစစ်ပြီးမှ လက်ခံဖို့ ခပ်ကောင်းကောင်း သီအိုရီတစ်ခု ချမှတ်ပေးထားခဲ့တာပါ။
ဒီလောက်ကောင်းတဲ့ နည်းစနစ်ကို ဗုဒ္ဓက ချပြပေးခဲ့ပေမဲ့ အင်္ဂါမောင်တို့ မြန်မာလူမျိုးအတော်များများက ဘာကိုမှ ဝေဖန်ဆန်းစစ်မှုမရှိကြဘူး။ လာရောက်စမ်းသပ်မှု မရှိကြဘူး။ အားလုံး ဝေလေလေနဲ့ ရေစုန် လေစုန်ကို သက်တောင့်သက်သာ စီးနင်းလိုက်ပါတတ်ကြတယ်။ ဒီဘက် အနောက်နိုင်ငံကလူတွေနဲ့တော့ အတော်လေးကွာခြားတယ်။ သူတို့က အယူဝါဒတစ်ခုကိုဘဲဖြစ်ဖြစ် ကျန်တဲ့သီအိုရီတစ်ခုခုကိုဘဲဖြစ်ဖြစ် တွေ့ရှိရင် အရင်ဆုံး စမ်းသပ်ကြည့်လိုက်ကြတာပါဘဲ။ တရားစခန်းမှာလဲ သူတို့ရှိတယ်။ ယောဂစခန်းမှာလဲ သူတို့ရှိတယ်။ ထိုက်ကျိ သင်တန်းမှာလဲ သူတို့ရှိတယ်။ ပြီးတော့မှ သူတို့သိသလောက်နဲ့ ဝေဖန်ကြတယ်။ လေကန်ကြတယ်။ ဒါဟာ ဗုဒ္ဓက ၀ိဘဇ္ဇဆိုတဲ့ စကားနှင့် ဧဟိပဿိကဆိုတဲ့ စကား အသွားအလာနဲ့ ကိုက်ညီနေသလိုပါဘဲ။
ကလေးဘ၀တုန်းက ပုံပြင်လေးတစ်ပုဒ် ဖတ်ခဲ့ဖူးတယ်။ သူငယ်ချင်းနှစ်ယောက် နွားပျောက်လိုက်ရှာရင်း တောနက်ထဲ ရောက်သွားသတဲ့။ ရွာနဲ့ ဝေးသထက်ဝေးပြီး တောက နက်သထက်နက်ပေါ့။ အဲဒီတောနက်ထဲ အရောက်မှာ ထူးဆန်းစွာဘဲ ၀တ်ဖြူစင်ကြယ်ဝတ်ထားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးကို တွေ့မြင်လိုက်ကြသတဲ့။ အဲဒီ ပုဂ္ဂိုလ်ကြီးဟာ မျက်လွှာကိုချထားကာ သစ်ပင်ကြီးတစ်ပင်ရဲ့ခြေရင်းမှာ တည်ကြည်စွာ တရားထိုင်နေသတဲ့။ သူငယ်ချင်းနှစ်ယောက်လဲ ကံထူးလို့ လာတွေ့တာဘဲဆိုပြီး နွားပျောက်ကို ဆက်မရှာတော့ဘဲ အဲဒီသူတော်စင်ကြီးနားချဉ်းကပ်ပြီး ရှိခိုး အရိုအသေပြုဖို့ လုပ်ကြသတဲ့။
အဲဒီအချိန်မှာ သူတော်စင်ကြီးဟာ မျက်လုံးပွင့်လာပြီး လက်တစ်ဘက်ကို မြှောက်ကာ သူတို့တည့်တည့်ကို လက်ညိုးထိုးပြီး ပါးစပ်ကလဲ "တုပ်" လို့ အကျယ်ကြီးအော်ပြောသတဲ့။ ဒါနဲ့ သူတို့လဲ ဒူးတုပ်ခိုင်းတာဘဲ ဖြစ်ရမယ်ဆိုပြီး အဲဒီသူတော်စင်ကြီးရှေ့မှာ ပြားပြားဝပ်ဝပ် ဒူးတုပ်နေလိုက်ကြသတဲ့။ ဒါပေမဲ့ အဲဒီသူတော်စင်ကြီးက ပထမ တုပ် ဆိုတဲ့ အသံထက် ပိုကျယ်လောင်တဲ့ အသံနဲ့ "တုပ်" ဆိုပြီး ထပ်အော်ပြန်သတဲ့။ သူတို့လဲ သူတော်စင်ရှေ့နား ကပ်သွားပြီး ဒူးကို ပိုပြီးသေသေသပ်သပ် တုပ်ကာ ထိုင်နေလိုက်ကြသတဲ့။ ဒါပေမဲ့လဲ သူတော်စင်ကြီးက တုပ် မြဲတိုင်းတုပ်နေသတဲ့။ သူတို့လဲ သူတော်စင်ကြီးကို ကြောက်တာကတစ်ပိုင်း သူတို့ဒူးတုပ်ထိုင်တာ နည်းစနစ်မကျလို့ ထပ် တုပ် ခိုင်းတာလားဆိုတာက တစ်ပိုင်းနဲ့ ချွေးစေးတွေပြန်ပြီး သူတော်စင်ကြီးရှေ့ အနေရ အထိုင်ရ ကြပ်နေကြသတဲ့။
အဲဒီအချိန်မှာ သူတော်စင်ကြီးက "တုပ်" ဆိုပြီး အတွင်းအားအပြည့်နဲ့ ဆက်အော်ကာ... တုပ်... တုပ်.. ဂျိန်း... တုပ်.. တုပ်.. ဂျိန်း... လို့ အဆက်မပြတ်အော်ပြီး ထိုင်နေရာမှထကာ သူတို့ရှေ့မှာဘဲ ကွေးနေအောင် ကပြအသုံးတော်ခံပါတော့သတဲ့။ အဲဒီတော့မှ သူတို့လဲ သူတို့ အရိုအသေပေးနေတဲ့သူဟာ တကယ့်သူတော်စင်မဟုတ်ဘဲ သွက်သွက်ခါ ရူးသွပ်နေတဲ့ အရူးကြီး ဖြစ်မှန်းသိသွားကြတော့သတဲ့။ အဖြစ်မှန်သိတော့မှ ငိုအားထက် ရယ်အားသန်ကာ ဗိုက်ကို နှိပ်နှိပ်ရယ်မောပြီး ရွာဘက်ကို ဦးတည်ပြန်လာခဲ့ကြတော့သတဲ့။
အင်း... အင်္ဂါမောင်တို့မြန်မာအတော်များများဟာလဲ ပြုံးလွယ် မဲ့လွယ် ငိုလွယ် ရယ်လွယ် ချစ်လွယ် မုန်းလွယ် ခင်လွယ် ယုံလွယ်သူတွေ ဖြစ်လေတော့ ဘယ်နေ့ဘယ်ရက်မှာများ တုပ်..တုပ်..ဂျိန်း.. တုပ်.. တုပ်.. ဂျိန်း နဲ့ တိုးမိလေဦးမလဲဆိုတာ ကျိတ်တွေးပြီး စိတ်မအေးဖြစ်မိပါရဲ့။ ။
.
No comments:
Post a Comment