ဒီနေ့ လန်ဒန်မြို့ရဲ့ အရှေ့မြောက်ဘက် စူးစူးမှာရှိတဲ့ သီရိလင်္ကာ ဘုန်းကြီးကျောင်း တစ်ကျောင်းကို သွားခဲ့တယ်။ အဲဒီကျောင်းက Edmonton Green Rail Station အနားက Oxford Road ဆိုတဲ့ လမ်းသွယ်လေးမှာ ရှိတယ်။ အင်္ဂါမောင် နေတဲ့ ကျောင်းက ဘုန်းဘုန်းကြီးနှင့် အတူသွားခဲ့တာပါ။ မြေအောက်ရထား နှစ်ဆင့် ဘတ်စ်ကားတစ်ဆင့်စီးရတယ်။ အသွားသက်သက် နှစ်နာရီလောက် ကြာတယ်။ ဘတ်စ်ကားစီးရင်း တော့တင်ဟမ်ဟော့စပါး ဘောလုံးကွင်းနား ရောက်တော့ ၀ါသနာအတိုင်း ဆင်းပြီး အလည်သွားချင် စိတ်ဖြစ်ခဲ့မိတယ်။ ဒါပေမဲ့ မဆင်းဖြစ်ခဲ့ပါဘူး။
အဲဒီ သီရိလင်္ကာ ဘုန်းကြီးကျောင်းကို ၁၀ နာရီခွဲလောက်ရောက် သွားတယ်။ အလှူရှင်တွေက ၁၁ နာရီလောက်ရောက်လာတယ်။ အိမ်ကို ပင့်သွားတာပါ။ သီရိလင်္ကာလူမျိုး အိမ်ပါဘဲ။ ဘုန်းဘုန်းကြီးနှင့် တစ်ခြားသီရိလင်္ကာ ဘုန်းကြီးတစ်ပါးက ကျောင်းမှာကျန်ခဲ့တယ်။ ကျောင်းမှာလဲ မွေးနေ့အလှူရှိလို့လေ။ အင်္ဂါမောင်နှင့် ကျောင်းခံဘုန်းကြီးနဲ့ အိမ်ကို ကြွသွားတယ်။ တစ်ခြားကျောင်းက ဘုန်းကြီးတစ်ပါးလဲ အဲဒီအိမ်ကို ကြွလာတယ်။ စုစုပေါင်း အိမ်မှာ သုံးပါးပေါ့။
အဲဒီမှာ သီရိလင်္ကာ လူမျိုးတွေနှင့် ဘုန်းကြီးတွေရဲ့ ယဉ်ကျေးမှုကို နဲနဲလေ့လာမိခဲ့တယ်။ ဘုန်းကြီးက ကျောင်းကနေပြီး ပရိက္ခရာအစုံ ယူလာတယ်။ မဟာစေတီ ပုံစံငယ်ကို ယူလာတယ်။ ပရိတ်ချည်ကြိုး ယူလာတယ်။ ပြီးတော့ လက်ဖွဲ့ချည်ဖို့အတွက် ပြင်ဆင်ပြီးသား ချည်မျှင်အပိုင်းလေးတွေ ယူလာတယ်။ လက်ဖွဲ့ချည်ဖြတ်ဖို့အတွက် ကပ်ကြေးယူလာတယ်။ ရေစက်ခွက်ယူလာတယ်။ ပရိတ်ရေခွက်ယူလာတယ်။ ဆွမ်းတော်ပြင်ဖို့ ဆွမ်းတော်ခွက်တွေ ယူလာတယ်။ အစုံအလင်ပါဘဲ။
သူတို့အိမ်ထဲ ၀င်ကာစမှာ အိမ်သူအိမ်သားတွေ အားလုံး ကြိုဆိုပြီး ခြေဖမိုးကို တစ်ယောက်စီ ဦးတိုက်တယ်။ ပြီးတော့ နေရာပေးတယ်။ အလွန်ကောင်းမွန်တဲ့ ရိုးရာယဉ်ကျေးမှုလေးပါ။ ဘုန်းကြီးသုံးပါးဆိုတော့ အင်္ဂါမောင်က အလယ်က ထိုင်ရတယ်။ ဘေးက နှစ်ပါးက သီရိလင်္ကာဘုန်းကြီးတွေပါ။ အလယ်ဘုန်းကြီးက တရားဟောမလို ဘာလိုလိုပုံစံမျိုး။ ဒါပေမဲ့ အမှန်က စကားတောင် တစ်ခွန်းမှ မပြောခဲ့ရပါဘူး။ ကျန်တဲ့ ဘုန်းကြီးနှစ်ပါးကဘဲ တစ်လှည့်စီ ဟောပြောကြတာပါ။ တစ်ပါးကတော့ အင်္ဂလိပ်လို ဟောပါတယ်။
ဆွမ်းမစားခင်မှာ ဘုန်းကြီးကော လူတွေပါ ရောပြီး စုပေါင်းဆွမ်းတင်ကြတယ်။ နောက်ပြီး ဘုန်းကြီးတွေက ရွတ်ဖတ် သရဇ္ဈာယ်ရတယ်။ ဘာတွေရွတ်ဖတ်မှန်း ကောင်းကောင်း မသိလိုက်ဘူး။ ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်တော်တွေတော့ပါတယ်။ သူတို့အသံ သူတို့ဟန်နှင့် ရွတ်ဖတ်တာဆိုတော့လဲ ချက်ချင်း အမီလိုက်နိုင်ဖို့ ခဲယဉ်းတယ်။ ရတဲ့နေရာ လိုက်ဆိုလိုက် မရတဲ့နေရာ ရပ်နေလိုက်နဲ့ အင်္ဂါမောင်တစ်ယောက် အနေခက်သလိုလို ဖြစ်နေခဲ့တယ်။
ပြီးတော့ ဆွမ်းကပ်ကြတယ်။ ဆွမ်းကပ်တာက မြန်မာစတိုင်လ်လို စားပွဲ မပြီး ကပ်ကြတာ မဟုတ်ပါဘူး။ ပထမ ပန်းကန်ပြား အလွတ် တစ်ချပ်စီနှင့် လက်ဆေးရေ တစ်ခွက်စီ လာချတယ်။ ပြီးမှ ဆွမ်းနှင့် ဆွမ်းဟင်းတွေကို တစ်လှည့်စီ ထည့်ကြတော့တာပါဘဲ။ တော်ပြီလို့ မပြောမချင်း ထည့်ပေးကြတယ်။ အင်္ဂါမောင်လဲ နောက်ဆုံးတော့ တော်ပါပြီ မထည့်ပါနဲ့တော့လို့ ပြောလိုက်ရတယ်။ သီရိလင်္ကာ ဘုန်းကြီးနှစ်ပါးက လက်နဲ့ ဆွမ်းဘုဉ်းပေးတယ်။ သူတို့ရိုးရာက ဒီလိုဘဲ ဘုဉ်းပေးလေ့ရှိကြတယ်။ ဒါကြောင့် လက်ဆေးရေခွက်ကလေးတွေ လာချပေးတာပေါ့။ လက်ဆေးရေခွက်ထဲမှာ သံပုရာသီး တစ်ခြမ်းစီ ထည့်ပေးထားတယ်။ အနံ့ကောင်းအောင်လို့ ထည့်ထားတာ ဖြစ်မှာပါ။ အင်္ဂါမောင်ကတော့ ဇွန်းခက်ရင်းတောင်းပြီး ဘုဉ်းပေးခဲ့တယ်။
ဆွမ်းဘုဉ်းပေးပြီး ပြန်ကြွရတော့မယ် ထင်ထားခဲ့တာ။ ဘယ်ဟုတ်မလဲ။ တရားပွဲက စတောင် မစရသေးဘူးကိုး။ ဆွမ်းမဘုဉ်းပေးခင်က ရွတ်ဖတ်ခဲ့တဲ့ အချိန်လဲ မနည်းဘူး။ သူတို့ ပြောဟောကြတဲ့ အချိန်လဲ မနည်းဘူးလေ။ ဆွမ်းဘုဉ်းပေးပြီးလဲ တရားဟောရဦးမယ်တဲ့။ တရားပွဲမစခင် သီလယူကြတယ်။ ဘုရားရှိခိုးကြတယ်။ ပရိတ် ရွတ်ဖတ်ခါနီးကျတော့ အသင့်ယူလာတဲ့ ပရိတ်ချည်ကြိုးကို မဟာစေတီပုံစံငယ်လေးကစပြီး ဘုန်းကြီးတွေကော လူတွေပါ ထိထားရတယ်။ တစ်ပတ်ပြည့်အောင် ပရိတ်ချည်ကြိုးကို ပတ်ထားပါတယ်။ ပရိတ်ရေကိုလဲ အသင့်ယူလာတဲ့ ရွှေရောင် ရေကရားလေးထဲဘဲ ထည့်ထားတယ်။ မြန်မာမှာလို ကြုံသလို ရေသန့်ဗူးနဲ့ ပရိတ်ရေ လုပ်တာမျိုး မတွေ့ခဲ့ရဘူး။
အားလုံးစီမံပြီးမှ ပရိတ်ရွတ်ဖတ်ရတယ်။ မေတ္တသုတ်လဲပါတယ်။ ဘုရား တရား သံဃာ့ဂုဏ်တွေလဲပါတယ်။ တစ်ခြား မကြားဖူးတဲ့ ပါဠိတွေကိုလဲ ရွတ်ဖတ်တယ်။ အင်္ဂါမောင်ကတော့ မီတဲ့နေရာ လိုက်ရွတ်လိုက် မမီရင် နားထောင်နေလိုက်နဲ့ သီရိလင်္ကာ ဘုန်းကြီးနှစ်ပါးကြားမှာ ကျောက်ရုပ်ထုကြီးလို ဖြစ်နေခဲ့တယ်။ သူတို့အရပ် သူတို့ဇာတ်ဆိုတော့လဲ ဒီလိုဘဲ ဆိတ်ဆိတ်နေလိုက်တာက ပိုကောင်းတယ်မဟုတ်လား။ ရွတ်ဖတ်ပြီး လှူဖွယ်တွေကို လှူပါတယ်။ ကျောင်းက ယူလာတဲ့ ပရိက္ခရာတွေကတော့ မြန်မာမှာလို ပြန်ဂဟ သင်္ကန်းမျိုးပါ။ မြန်မာမှာက သင်္ကန်းဘဲ ပြန်ဂဟ လုပ်ကြတယ်။ သူတို့က ပရိက္ခရာ ရှစ်ပါးလုံး ပြန်ဂဟ လုပ်ကြတယ်ထင်ပါရဲ့။
အားလုံး ရေစက်ချပြီးတဲ့အခါမှာ လူတွေ တစ်ယောက်စီ ပရိတ်ရေကရား ကိုင်ဆောင်ထားတဲ့ ဘုန်းကြီးဆီ လာကြပါတယ်။ ပရိတ်ရေသောက်ဖို့နဲ့ မျက်နှာ ဦးခေါင်းတို့ကို လိမ်းကျံဖို့ပါ။ ဘုန်းကြီးက သဗ္ဗီတိယော.. ဂါထာကို ရွတ်ဆိုပြီး လက်နှစ်ဖက် ဖြန့်ခံထားတဲ့သူ တစ်ယောက်စီကို ရေကရားလေးနဲ့ လောင်းထည့် ပေးပါတယ်။ သူတို့က လက်ခုပ်ထဲက ပရိတ်ရေကို သောက်ပါတယ်။ ပြီးတော့ မျက်နှာနှင့် ဦးခေါင်းတို့ကို လိမ်းကျံပါတယ်။ ပရိတ်ရေကို သောက်ပြီး၊ လိမ်းကျံပြီးတဲ့သူတွေက ပရိတ်ချည် လက်ဖွဲ့ပြုလုပ်ပေးတဲ့ ဘုန်းကြီးဆီ တစ်ယောက်စီ သွားပြီး လက်ဖွဲ့ အချည်ခံပါတယ်။ အဲဒီဘုန်းကြီးလဲ သဗ္ဗီတိယော.. ဂါထာရွတ်ပြီး လက်ဖွဲ့ချည်ပေးတာပါ။ အဲဒါတွေ အားလုံးပြီးမှ သူတို့ အစီအစဉ် ပြီးဆုံးပါတယ်။
ယဉ်ကျေးမှုလေးတွေက အတုယူစရာ ကောင်းပါတယ်။ အစီအစဉ် အားလုံးပြီးတော့ နေ့လည် ၁ နာရီခွဲနေပါပြီ။ ကျောင်းကို ကားနဲ့ ပြန်လိုက်ပို့ပါတယ်။ အင်္ဂါမောင်လဲ ကျောင်း ရောက်ရောက်ချင်း ဘုန်းဘုန်းကြီးကို ပြန်ရအောင်လို့ပြောပြီး ပြန်လာခဲ့ပါတော့တယ်။ အင်္ဂါမောင်တို့ နေထိုင်တဲ့ ကျောင်းကို ပြန်ရောက်တော့ ညနေ ၅ နာရီလောက် ရှိနေပါပြီ။ ဘတ်စ်ကား ပတ်စီးနေလို့ အချိန်နဲနဲ ပိုကြာသွားခဲ့တယ်။
ချုံလို့ သုံးသပ်ကြည့်ရင် သူတို့ရိုးရာ ယဉ်ကျေးမှုက မဆိုးဘူး။ အတုယူသင့်တယ်။ ဒါပေမဲ့ ရွတ်ဖတ်ပုံချင်း မတူကြတော့ ဗုဒ္ဓဘာသာ ဘုန်းကြီး အချင်းချင်း သူတို့ဆီ သွားရင် ကိုယ်က မလိုက်နိုင်၊ ကိုယ့်ဆီလာရင် သူတို့က မလိုက်နိုင်နဲ့ အဆင်သိပ်မပြေဘူး။ ဒါကြောင့် အင်္ဂလန်မှာရှိတဲ့ ထေရ၀ါဒ ဘုန်းတော်ကြီးတွေအားလုံး အော်ဂနိုက်ဇ်လုပ်ပြီး ရွတ်ဖတ်ပုံလေးတွေ ညှိယူထားသင့်တယ်လို့ မြင်တယ်။ ဒါမှ ညီညီညာညာနဲ့ ကြည်ညိုဖွယ်ဖြစ်မှာမဟုတ်လား။ မြန်မာဘုန်းကြီးတွေကတော့ ဆွမ်းစားကွမ်းစားဆိုရင် ပရိတ်သက်သက်ဘဲ ရွတ်ဖတ်ကြတာပါ။ တစ်ခြားပါဠိမပါပါဘူး။ ဒါပေမဲ့ တစ်ခြားနိုင်ငံက ဘုန်းကြီးတွေက ပရိတ်အပြင် တစ်ခြားပါဠိတော်တွေပါ ထည့်ရွတ်ကြတာ တွေ့ရတယ်။ အဲဒါလေးတွေကို ကြိုတင်ညှိထားကြရင် ပိုကောင်းမယ်လို့ ထင်မြင်ယူဆကြောင်း မှတ်တမ်းတစ်ပုဒ် ရေးသားမိလိုက်ပါတယ်။ ။
.
No comments:
Post a Comment