Sunday 6 February 2011

ခေါင်းဆောင်း (Not ခေါင်းဆောင်)


နက္ခတ်ကောင်းတဲ့အခါ သူပြုံးတယ်။ နက္ခတ်ညံ့တဲ့အခါ သူမဲ့တယ်။ နက္ခတ်သာတဲ့အခါ သူ့ကောင်းကြောင်း သူပြောတယ်။ နက္ခတ်နာတဲ့အခါ သူများမကောင်းကြောင်းပြောတယ်။ သူ့ရဲ့ ပြုံးခြင်းမဲ့ခြင်း အလိုကျခြင်း အလိုမကျခြင်းဟာ နက္ခတ်အပေါ်မှာ မီခိုနေရတယ်။ သာခြင်း နာခြင်းပေါ် တည်စွဲနေရတယ်။ အရေးပေးခြင်း အရေးမပေးခြင်းပေါ် တည်မီနေရတယ်။ အဲဒါကို inclinable လို့ ဆိုရမလား tendency လို့ခေါ်လေမလားဘဲ။

အပြုံးလွယ် အမဲ့လွယ် အငိုလွယ် အရယ်လွယ် အချစ်လွယ် အမုန်းလွယ်။ အဲဒီလို မျက်နှာပိုင်ရှင်ဟာ ထီးထီးရပ်တည်နေတဲ့ ရုပ်တုထက် အကြည့်ရဆိုးစေတယ်။ သူ့အမူအယာ သူ့ဟန်ပန်တွေက ပတ်ဝန်းကျင်ကို ထင်ယောင်ထင်မှားဖြစ်စေတယ်။ တံလျပ်ကို ရေထင်စေတယ်။ အတွေးအမြင်တို့ကို ပြောင်းပြန်ဖြစ်စေတယ်။ လှေနံဓါးထစ်သမားတွေအတွက် တစ်ဇောက်ကန်းဖြစ်စေတတ်တယ်။ သတ္တ၀ါအားလုံးရဲ့ မှတ်သားမှုသညာကို ရှုပ်ထွေးေ၀၀ါးစေတယ်။ သူလို လူမျိုး လောကကြီးမှာ ဘယ်နှစ်ယောက် ရှိနေပြီလဲ။

ငါကတော့ သူ့အပေါ်ကောင်းလိုက်ရတာ၊ သူကတော့ ငါ့ကို နဲနဲလေးမှ မျက်နှာသာ မပေးဘူး လို့ပြောနေတဲ့ လေသံကတောင်မှ တစ်ဘက်သားအပေါ် မကောင်းမြင်နေတဲ့အသံမျိုးဖြစ်နေတယ်။ လောကမှာ များသောအားဖြင့် ကိုယ့်ကိုကိုယ် လူကောင်းလို့ ထင်တဲ့သူတွေချည်းပါဘဲ။ အဲဒီလို ကိုယ့်ကိုကိုယ် လူကောင်းလို့ ထင်လိုက်ပြီဆိုတာနဲ့ ကျန်တဲ့ သူတွေကို မကောင်းမြင်ဖို့ ရာခိုင်နှုန်းအတော်များသွားပါပြီ။ ကိုယ့်ကိုကိုယ် အဖြူလို့ ယူဆလိုက်တာနဲ့ ကျန်တာတွေအားလုံးကို အမဲစာရင်းထဲ တွန်းပို့တတ်ကြတယ်မဟုတ်လား။

ဒါဖြင့်လူကောင်းကို ဘယ်လိုမှတ်ကျောက်တင်မလဲ။ သူတော်ကောင်းဥစ္စာခုနစ်ပါးကတော့ လောကုတ္တရာ နဲနဲဆန်နေတဲ့အတွက် အားလုံးနဲ့သက်ဆိုင်တဲ့ မေတ္တသုတ်ထဲက စကားလုံးလေးတွေကို ချပြမယ်။ ဥဇူတဲ့။ သုဟုဇူတဲ့။ သုဝစောတဲ့။ မုဒုတဲ့။ အနတိမာနိတဲ့။ ဒီစကားလုံးတွေကတော့ လူအတော်များများနဲ့ ရင်းနှီးပြီးသားပါ။ ကိုယ်နှုတ်နှစ်ပါး ဖြောင့်မှတ်မှန်ကန်ခြင်း၊ စိတ်ဓါတ်တည်ကြည်ဖြောင့်မှတ်ခြင်း၊ ဆုံးမစကားကို နာယူလွယ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မလိုအပ်တဲ့ မာန်မာနထောင်လွှားမှုမရှိခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ နောက်ပြီးတော့ ပိဋကတ်တော်မှာ ကတညုတ ကတဝေဒိဆိုတဲ့ စကားလုံးရှိသေးတယ်။ ကျေးဇူးသိတတ်ခြင်းနှင့်ကျေးဇူးပြန်ဆပ်ခြင်းတဲ့။

အဲဒီစကားလုံးလေးတွေနဲ့ ကိုယ့်အမူအယာ ကိုယ့်စိတ်ဓါတ် ကိုယ့်အပြုအမူတွေကို တိုက်ဆိုင်ကြည့်လိုက်ရင်တော့ ငါဟာ လူကောင်းတစ်ယောက်လား လူယုတ်မာတစ်ယောက်လားဆိုတာကို နဲနဲလောက်တော့ ရိပ်မိပါလိမ့်မယ်။ ဒီစကားလုံးတွေနဲ့ စိမ်းနေသေးတဲ့အတွက် လူကောင်းတစ်ယောက်ရဲ့ အင်္ဂါရပ်ကို ဘယ်လိုသတ်မှတ်မလဲဆိုတာ မသိသေးရင် တစ်ခြားနည်းလမ်းရှိပါသေးတယ်။ အလွယ်ကူဆုံးပြောရရင်တော့ ကိုယ့်ရဲ့လုပ်ရပ် ကိုယ့်ရဲ့အပြောအဆိုဟာ သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေသလား၊ စိတ်ထိခိုက်မှု ဖြစ်စေသလား၊ စိတ်ဆင်းရဲစေသလားဆိုတာကို Common sense ကောင်းကောင်းထားပြီး စီစစ်လိုက်ရင် သိသာနိုင်ပါတယ်။ ကိုယ့်ရဲ့အပြုအမူက Positive ဖြစ်နေရင် လူကောင်းလို့သတ်မှတ်ပြီး Negative ပြနေရင်တော့ ကိုယ့်ကိုကိုယ် သဘောပေါက်ကြရုံဘဲပေါ့။

ဘယ်လိုဘဲဖြစ်ဖြစ် အရာအားလုံးကတော့ သူ့သဘောသူဆောင်တာချည်းပါဘဲ။ မကောင်းတဲ့စိတ်မွေးပြီး ပြောဆို ပြုမူနေမယ်ဆိုရင် လှည်းကိုဆွဲတဲ့နွားခြေရာနောက် လှည်းဘီးလိုက်ပါသွားရသလို ဒုက္ခအစုစု ကပ်လိုက်နေတာခံရမှာပါဘဲ။ နောက်ပြီး ကောင်းတဲ့စိတ်နဲ့ ပြုမူပြောဆိုတဲ့ သူနောက်ကိုတော့ လူ့နောက် အရိပ်လိုက်သလို သုခချမ်းသာပေါင်းစုံ လာရောက်စုစည်းနေမှာပါဘဲ။ သဘာဝတရားကို ဘယ်သူမှ ရှောင်လွဲလို့ မရနိုင်ပါဘူး။

ဝက်သတ်သမားထီပေါက်တယ်၊ နွားသတ်သမား ချဲပေါက်တယ်။ ဆိတ်သတ်သမား ဖဲနိုင်တယ်။ ဘုရားဒကာ မွဲသွားတယ်။ ကျောင်းဒကာ ဆင်းရဲဒုက္ခရောက်နေတယ်။ ရေတွင်းဒကာ ဘိုင်ပြတ်နေတယ်။ ဒါမျိုးတွေ ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အဲဒီအဖြစ်အပျက်တွေက အရင်ကသဘောကို အခုဆောင်နေရတာပါ။ အခုသဘောကိုတော့ တစ်ချိန်ချိန်မှာ ဆောင်ပါလိမ့်မယ်။ ဒီဘ၀ဖြစ်ချင်ဖြစ်မယ်။ နောက်ဘ၀ဖြစ်ချင်ဖြစ်မယ်။ ယုတ်စွအဆုံး နောက်ဆုံးဘ၀မှ ဖြစ်ချင်ဖြစ်မယ်။ သဘာဝတရားက သဘာဝတရားပါဘဲ။ သူ့သဘော သူ ဆောင်ကို ဆောင်လာပါလိမ့်မယ်။

သူပြုံးချင်ပြုံးနေပါစေ။ သူမဲ့ချင် မဲ့နေပါစေ။ သူ သူ့ကောင်းကြောင်းပြောချင်ပြောနေပါစေ။ သူ သူများမကောင်းကြောင်း ပြောချင်ပြောနေပါစေ။ သူကတဲ့ ဇာတ်ထဲ ၀င်မကမိပါစေနဲ့။ သူ့သဘောဘဲ သူဆောင်ပါစေ။ သူ့သဘောကို သင် ၀င်မဆောင်ပါနဲ့။ ကားလိပ်ချတဲ့အခါ သူဆောင်းထားတဲ့ခေါင်းက မင်းသားခေါင်းလား ဘီလူးခေါင်းလား အရူးခေါင်းလားဆိုတာ အထူးပြောစရာမလိုအောင် ကွက်ကွက်ကွင်းကွင်း ထင်ပေါ်လာပါလိမ့်မယ်။

..

1 comment:

မေဓာဝီ said...

မှန်လိုက်တာ ဦးဇင်း။
အဖေလဲ ပြောဖူးတယ်။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ လို့ ဆိုနေကြတာ မှားနေတယ် တဲ့။ သင် ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ်ကောင်းဖို့ လိုတယ် ဆိုတာ ... အခု ဦးဇင်းရေးထားတဲ့ သဘောပါပဲ။ သူ့သဘော သူဆောင် ကိုယ့်သဘော ကိုယ်ဆောင်နေကြတာချည်းပဲ။ ဒါပေမဲ့ ပုထုဇဉ်သဘာဝ ... ကိုယ်ကကောင်းလျက် သူများက ပြန်မကောင်းရင် အနည်းနဲ့အများတော့ စိတ်ထိခိုက် ၀မ်းနည်းမိပါတယ်။

ကန့်လန့်ကာနောက်ကွယ်မှာ ဘီလူးဖြစ်ချင်ဖြစ်နေပေမဲ့ ကားလိပ်မချမချင်းတော့ ပရိသတ်အများစုက မင်းသားလို့ပဲ သိနေမှာကတော့ ဆိုးတယ် ဘုရား။ တခါတလေတော့လဲ ဘီလူးမျက်နှာကို ဖုံးထားတဲ့ မင်းသားခေါင်းဆောင်း ဆွဲချွတ်တဲ့သူမျိုး ပေါ်စေချင်ပါတယ်။