တောင်တွေးမြောက်တွေး တွေးနေမိတယ်။ အတိတ်အကြောင်း အနာဂါတ်အကြောင်းတွေပေါ့။ ပစ္စုပ္ပန်ကို ဘာဖြစ်လို့ ကျော်တွေးမိမှန်းတော့ ကိုယ့်ဖာသာကိုယ်လဲ မသိဘူး။ အတွေးများတော့ ထုံးစံအတိုင်း စိတ်မငြိမ်ဘူးပေါ့။ စိတ်မငြိမ်ရင် ဘာမှလုပ်လို့မရဘူးဆိုတာလဲ သိနေတယ်။ ဒါပေမဲ့ စိတ်ကို ငြိမ်အောင် မထိန်းထားနိုင်တာက ခက်တယ်။ အတွေးနယ်ချဲ့ခြင်းရဲ့ အကျိုးရလာဒ်က အိပ်မပျော်ဘူး။ ဆရာတော်တစ်ပါး ပြောတာ မှတ်ခဲ့ဖူးတယ်။ မပျော်ဘဲ အိပ်ရင် အိပ်မပျော်ဘူးတဲ့။ မှန်လိုက်တာ။ စိတ်က မပျော်ဘဲ ယောက်ယက်ခတ်နေတာကိုး။ ဒါကြောင့် အိပ်မပျော်ဘဲ ဖြစ်နေတာ။ နှစ်လုံးဆင့်ထားတဲ့ ခေါင်းအုံးလေးပေါ် နဖူးတင်လိုက် နောက်စေ့တင်လိုက် ဘယ်ပါးတင်လိုက် ညာပါးတင်လိုက်နဲ့ မိုးသောက်ခဲ့တဲ့ နေ့တွေ မနည်းတော့ဘူး။
သီအိုရီအရ ဒုက္ခသစ္စာကို နားလည်တယ်။ လောကဓံရှစ်ပါးကို သဘောပေါက်တယ်။ ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံသိတယ်။ ၀င်သက်ထွက်သက်ကို မှတ်မိတယ်။ ဖြစ်ပျက်ကို မှန်းဆမိတယ်။ ဒါပေမဲ့ အနာကဘဲ ရင့်နေလို့လား အနာတစ်ခြားဆေးတစ်ခြားဖြစ်နေလို့လားတော့မသိဘူး။ လက်တွေ့ပိုင်းမှာကျတော့ အဲဒီလောကုတ္တရာဆေးအညွန်းတွေက အင်္ဂါမောင့်အိပ်မပျော်ခြင်းကို မကုသပေးနိုင်သေးဘူး။ အိပ်မပျော်ဆို စိတ်ကမှ မပျော်ဘဲကိုး။
အင်္ဂါမောင်တို့ဘ၀က အေးချမ်းတာဘဲ၊ ဘာတွေ အပူအပင်ရှိသေးလဲလို့ မေးကောင်းမေးကြပါလိမ့်မယ်။ တစ်ခါတစ်ခါတော့လဲ အေးလွန်းလို့ ငှက်ဖျားမိမှာတောင် ကြောက်ရတယ်လို့ ပြောရမလိုဖြစ်နေပြီ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေမဟုတ်လား။ ပျော်တယ် ပျင်းတယ်၊ စိတ်ချမ်းသာတယ် စိတ်ညစ်တယ်ဆိုတဲ့ သဘာဝတရားကလဲ ပြည့်ရှင်မင်းကြီးကစပြီး သူတောင်းစားအဆင့်ထိ လူမရွေးဘူးလေ။
ရုပ်နာမ်နှစ်ပါးပိုင်ရှင်တွေဖြစ်တဲ့ အင်္ဂါမောင်တို့အားလုံး Dualism ကြားမှာ အသက်ရှင်နေကြရတာပါ။ အထီးအမ အပူအအေး ၀င်သက်ထွက်သက် ချမ်းသာဆင်းရဲ ၀မ်းနည်းဝမ်းသာ အိပ်ပျော်နိုးထ ကဲ့ရဲ့ချီးမွမ်း အချစ်အမုန်း အပြုံးအငို။ အစုံအစုံတွေ အများကြီးပါဘဲ။ အထက်တန်းအရိယာတွေ မဖြစ်သေးသရွေ့ တော့ အဲဒီအစုံအစုံတွေနဲ့ဘဲ နှစ်ပါးသွား မြိုင်ထ ကနေကြရဦးမှာပါ။
တိုက်ပွဲတွေဖြစ်နေတယ်။ ဖြစ်လိုက်သမှ ပြင်းပြင်းထန်ထန်တောင်ဖြစ်နေကြတာ။ ဒါပေမဲ့ ဒီတိုက်ပွဲက ဘာသာရေးစစ်လဲမဟုတ်ဘူး။ နိုင်ငံရေးစစ်လဲမဟုတ်ဘူး။ ကမ္ဘာစစ်လဲမဟုတ်ဘူး။ နယ်ချဲ့စစ်လဲမဟုတ်ဘူး။ ပြည်တွင်းစစ်လဲမဟုတ်ဘူး။ မိသားစုစစ်လဲ မဟုတ်ဘူး။ တစ်ယောက်ထဲ ဖြစ်နေတဲ့ စစ်ပါ။ တစ်ယောက်ထဲ ဖြစ်တဲ့စစ်ကမှ ငြိမ်းရခက်တာ။ ချစ်ကြည်ရေးယူလဲမရ၊ အပစ်အခတ်ရပ်စဲလဲမရ၊ လက်နက်ချလဲ မရနဲ့ အတော်လေး ညှိယူရခက်တယ်။ ဒွိဟကျောက်သားတွေနဲ့ ခင်းစီထားတဲ့ ၀ိစိကိစ္ဆာလမ်းမကြီးပေါ်မှာ လျောက်လှမ်းပြီး တိုက်ခိုက်နေရတာဆိုတော့လဲ ပင်ပန်းချက်က နာလှတယ်။ ဒါကြောင့်လဲ ဒီရောဂါကို ရခဲ့တာပါ။ အိပ်မပျော်တဲ့ရောဂါပေါ့။
အင်္ဂါမောင်လဲ ဆေးမြီးတိုတွေ စုံလှပြီ။ ဣတိပိ သော ဘဂ၀ါကစပြီး ဓမ္မစက္ကပ၀တ္တနသုတ်၊ အနတ္တလက္ခဏအထိ အသုံးဝင်လှတဲ့ ဆေးနည်းတွေ သုံးလားသုံးရဲ့။ ၀င်သက်ထွက်သက် ရှူးရှဲ ဆေးမြီးတိုသုံးလားသုံးရဲ့။ ဒါပေမဲ့ ရောဂါကလျော့မသွားဘူး။ အခုလောလောဆယ်တော့ သာမန်ဆေးလေးတစ်ဖုံနဲ့ နဲနဲအဆင်ပြေနေတယ်။ လူတိုင်းသောက်သုံးဖူးတဲ့ ဆေးနည်းလေးပါ။ ဆေးနာမည်က မေတ္တသုတ်တဲ့။ အချိန်ရတိုင်း အဲဒီဆေးမြီးတိုလေးကိုဘဲ မှီဝဲနေတယ်။ ဆေးအကျိုးအာနိသင်ကလဲ အတော်လေးအားကောင်းတာကို တွေ့ရတယ်။ ဆေးဆရာကိုယ်တိုင်က အဲဒီဆေးကို နေ့တိုင်းစားသုံးရင် စားဝင်အိပ်ပျော်ပြီး အိပ်မက်ဆိုးတွေလဲ မမက်ဖူးလို့ အာမခံထားတယ်လေ။
အင်္ဂါမောင်လဲ ယုံကြည်စွာနဲ့ အဲဒီဆေးကို နေ့စဉ်အချိန်ရတိုင်း ပါးစပ်က လှုပ်လှုပ်လှုပ်လှုပ်နဲ့ စားသုံးနေပါတယ်။ ဆေးကိုလဲယုံ၊ ဆေးအညွန်းကိုလဲယုံ၊ ဆေးဆရာကိုလဲယုံဆိုတော့ ဆေးစားရကျိုးနပ်ပါတယ်။ အတော်လေးလဲ အစွမ်းထက်တဲ့ဆေးပါ။ အင်္ဂါမောင့်လက်တွေ့ပါ။ လူသားအားလုံး စားသုံးသင့်တဲ့ ဆေးကောင်းတစ်လက်လဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လွန်စွာမှ အစွမ်းထက်လှတဲ့၊ အဲဒီမေတ္တသုတ်ဆိုတဲ့၊ စားဝင်အိပ်ပျော် အားလုံးပျော်စေနိုင်တဲ့ ပရိတ်ဆေးမြီးတိုကို နေ့စဉ်စားသုံးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ ။
1 comment:
တပည့်တော်ကတော့ အိပ်ဆေးဆောင်စရာ မလိုဘူးဘုရား။ မအိပ်ခင် မျက်စိတွေစပ်ပြီး မဖွင့်နိုင်တော့တဲ့အထိ စာဖတ်လိုက်တယ်၊ ခဏနေရင် အိပ်ပျော်သွားတာပါပဲ။ ဒါမှ အိပ်မပျော်ရင် တရားဖွင့်ပြီး နာလိုက်တယ်၊ တရားတပုဒ် မဆုံးခင် အိပ်ပျော်သွားတာပဲ ဘုရား။ :)
အိပ်ပျော်ပေမဲ့ တခါတခါ စိတ်မပျော်တာမို့ ဦးဇင်းပေးတဲ့ ဆေးကို သုံးကြည့်ပါအုံးမယ်။ ခုလဲ မေတ္တသုတ်ကို တနေ့တခေါက်တော့ ရွတ်ဖြစ်ပါတယ်ဘုရား။
Post a Comment