Saturday, 5 February 2011

ဘ၀သမိုင်းကို ဘာစုတ်တံနဲ့ရေးမယ်













သံသရာက ရှည်တယ်။ ဘ၀က တိုတယ်။ လောဘစိုစို ဒေါသပိုပို မောဟပျိုပျိုတွေနဲ့ နေညိုချိန်ကို စောင့်မနေပါနဲ့။ လူဖြစ်လာတာဟာ သေပြီးတဲ့အခါ မြေသြဇာ ဖြစ်ရုံသက်သက်ဆိုရင် အဲဒီလူ သမိုင်းကတော့ ခပ်ရိုင်းရိုင်းဘဲ ဖြစ်နေမှာသေချာတယ်။ 

 ဘ၀သမိုင်းကို လောဘစုတ်တံနဲ့ ရေးခြယ်မလား။ ဒေါသစုတ်တံနဲ့ ရေးခြယ်မလား။ မောဟ စုတ်တံနဲ့ ရေးခြယ်မလား။ မာနစုတ်တံနဲ့ ရေးခြယ်မလား။ အဲဒီလို စုတ်တံခပ်ညစ်ညစ်နဲ့ ရေးခြယ်တဲ့ ဘ၀သမိုင်းဟာလဲ ခပ်ညစ်ညစ် Record အနေနဲ့ဘဲ ကျန်ရစ်နေခဲ့တော့မှာပေါ့။

ဒါဖြင့် ဘ၀သမိုင်းကို ဘာစုတ်တံနဲ့ ရေးခြယ်မလဲ။ ဘ၀သမိုင်းကို အတတ်ပညာဝိဇ္ဇာနဲ့ ရေးခြယ်မယ်။ အလေ့အကျင့်စရဏနဲ့ ရေးခြယ်မယ်။ ကူညီထောက်ပံ့မှု ဒါနနဲ့ ရေးခြယ်မယ်။ ပါဝင်လုပ်ဆောင်မှု ဝေယျာဝေစ္စနဲ့ ရေးခြယ်မယ်။ ကုန်ကုန်ပြောရရင်တော့ စုတ်တံကောင်းကောင်းနဲ့ ဘ၀သမိုင်းကြောင်းကို ရေးခြယ်မယ်။

ရုပ်နာမ်နှစ်ပါးဟာ စုတ်တံဖျားပေါ်မှာဘဲ မူတည်တယ်။ စုတ်တံဆိုးရင် ရုပ်နာမ်သမိုင်းဆိုးမယ်။  စုတ်တံကောင်းရင် ရုပ်နာမ်သမိုင်းကောင်းမယ်။ မဟုတ်မခံစိတ်နဲ့ စုတ်တံထိပ်ကို ခပ်ရိုင်းရိုင်းရေးခြစ်ရင်တော့ ဘ၀သမိုင်းက ခွေးထက်ရိုင်းသွားတော့မှာပေါ့။

ဒါကြောင့်
စုတ်တံကိုကောင်းပါစေ။ စုတ်တံကို မဟောင်းပါစေနဲ့။ စုတ်တံကို ထက်ပါစေ။ စုတ်တံကို မပျက်ပါစေနဲ့။ စုတ်တံကို ခိုင်ပါစေ။ စုတ်တံကို မယိုင်ပါစေနဲ့။  စုတ်တံ ကောင်းကောင်း ထက်ထက် ခိုင်ခိုင်ဖြစ်မှ ဘ၀သမိုင်းက မိုးထက်တိုင်တက်ပြီး ဟိုး အထက်ဘ၀ဂ်တိုင်အောင် ကောင်းသတင်းကြိုင်လှိုင်ကျန်ရစ်နေတော့မပေါ့။

.

No comments: