Friday 30 December 2011

မီးဘေးသင့်သူများကို ကူညီကြစို့


ရန်ကုန်မြို့၊ 
မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းကူးတို့ဆိပ်မှာ ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမီးလောင်မှုကြောင့် ဆင်းရဲ ဒုက္ခရောက်နေကြတဲ့ ခိုကိုးရာမဲ့ မိသားစုဝင်များအား လိုအပ်လျှက်ရှိတဲ့ ဆေးဝါးကုသစရိတ်နှင့် အထွေထွေအသုံးစရိတ်များအတွက် အလှူငွေတို့ကို ဦးဇင်းတို့ စုပေါင်းပြီး နောက်အပတ် (၈.၁.၂၀၁၂) တနင်္ဂနွေနေ့တွင် လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။ 


ဒါကြောင့်မို့ မင်္ဂလာတောင်ညွန့် မီးဘေးသင့် မိသားစုများအတွက် မိမိတို့ တတ်နိုင်သလောက် တစ်ပေါင် ငါးပေါင် ဆယ်ပေါင် စသဖြင့် လှူဒါန်းနိုင်ပါတယ်။ ၂၀၁၂၊ ဇန်န၀ါရီလဆန်း ၈ ရက်နေ့အမီ မြန်မာနိုင်ငံ အရောက် ပို့ပေးမှာ ဖြစ်ပါတယ်။ ယူကေနိုင်ငံရှိ အလှူရှင်များထံမှ အလှူခံ ရရှိမှု အခြေအနေနှင့် သွားရောက်လှူဒါန်းမှု အခြေအနေများကို အချိန်နဲ့ တပြေးညီ ဦးဇင်းဘလော့မှာ တင်ပြပေးသွားပါမယ်။ အသေးစိပ်ကို ဒီမှာ သွားကြည့်နိုင်ပါတယ်။ အလှူရှင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ ။
..

ဘဏ်အကောင့်ဖြင့် လွှဲလိုသူများအတွက် ဦးဇင်းရဲ့ ဘဏ်အကောင့်နံပါတ်ကို ထည့်ပေးထားပါတယ်။


*** ဗြိတိန်နိုင်ငံမှ လက်ခံ ရရှိပြီး အလှူရှင်များ စာရင်းကိုလဲ အောက်ခြေတွင် ဖော်ပြပေးထားပါတယ်။
***နိုင်ငံအသီးသီးမှ ကောက်ခံရရှိသည့် အလှူငွေများ စာရင်းကိုလဲ ဒီမှာ သွားကြည့်နိုင်ပါတယ်။
...


မူရင်း။ http://united-mt.blogspot.com/2011/12/blog-post_30.html

မင်္ဂလာတောင်ညွန့် မီးဘေးအတွက် အလှုငွေများ လက်ခံပေးခြင်း

အားလုံးမင်္ဂလာပါခင်ဗျား..
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့ နယ် စက်ဆန်း ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ  ဂိုဒေါင်အတွင်း ၂၈ရက်နေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်မှာ ကျန်ရစ်ခဲ့သော မိသားစုဝင်များ၊သေဆုံးသွားကြသော မိသားစုဝင်များ အတွက် လိုအပ်နေသော ဆေးဝါးကုသစရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်များအတွက် ကျွန်တော်တို့အနေ နဲ့ နောက်တပတ် တနင်္ဂးနွေနေ့ (၈.၁.၂၀၁၂)တွင် လှုဒါန်းဖို့ရှိပါသည်ခင်ဗျား။အလှုခံ ထည့်ဝင်လိုသူများ အောက်ပါအဖွဲ့ဝင်များရဲ့ လိပ်စာ ဖုံးနံပါတ် FB လိပ်စာများသို့ ဆက်သွယ်ပြီး လှုဒါန်းနိုင် ပါကြောင်း အသိပေး နှိုးဆော် အပ်ပါသည်ခင်ဗျား။


ဗြိတိန်မှ လှုဒါန်းလိုသူများအတွက်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂
MR U JANAKA
(Barclays Bank account) 
20-42-73    10039764



အမေရိကမှ လှုဒါန်းလိုသူများအတွက်
ဗညားရှိန်@လင်းခေတ်ဒီနို
 lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁


စင်ကာပူနိုင်ငံမှ လှုဒါန်းလိုသူများအတွက်
၁။ကိုငြိမ်းနိုင်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅  ၉၈၈၂ ၉၀၇၈

၂။မဒမ်
 celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉


ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com
မလေးရှားနိုင်ငံမှ လှုဒါန်းလိုသူများအတွက်
၁။ဇင်ငြိမ်းဦး(မလေးရှားနိုင်ငံ)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်(Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃ 

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁
http://www.facebook.com/profile.php?id=100003148141589&ref=tn_tnmn


မြန်မာနိုင်ငံမှ လှုဒါန်းလိုသူများအတွက်
andrewkc @ကျော်စွာစိုးမြတ်
andrewkc189kc@gmail.com
+၉၅ ၁ ၆၄၃ ၀၈၆
http://www.facebook.com/andrewmahkc#!/andrewmahkc

လေးစားစွာဖြင့်
ကိုရင်
17:03(GMT)







 ဗြိတိန်နိုင်ငံမှ လက်ခံ ရရှိပြီး အလှူရှင်များ စာရင်း

၁။ အရှင်ဇနက (အင်္ဂါမောင်) သန္တိသုခ၊ လန်ဒန်။ စတာလင်ပေါင် ----------------၅၀
၂။ ကိုကိုမောင်(ပန်းရနံ့)  လန်ဒန်။ စတာလင်ပေါင် ---------------------------------၅၀
။ မေဓာဝီ (တွေးမိတွေးရာ ရေးမိရေးရာ) ၀ူဗာဟင်တန်။ စတာလင်ပေါင် -----၅၀
၎။ စုမေသူ၊ လက်စတာ။  စတာလင်ပေါင် --------------------------------------------၂၀
၅။ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း (ခ)ရင်ရင်၊ လန်ဒန်။ စတာလင်ပေါင်................၂၀
၆။ အရှင်နာဂသေန၊ ဘာမင်ဂမ်ဝိဟာရ၊ ဘာမင်ဂမ်။ စတာလင်ပေါင်................၂၀
၇။ ဦးတင်အောင် မိသားစု၊ လန်ဒန်။ စတာလင်ပေါင် .........................................၂၅
၈။ ဒေါက်တာလှစိုး +ဒေါ်ဝေေ၀လွင်စိုး၊ လန်ဒန်။ စတာလင်ပေါင်.........................၁၀
၉။ ကိုဝေလင်းထွန်း+မစူးစူး၊ လန်ဒန်။ စတာလင်ပေါင်.........................................၅
၁၀။ ကိုမောင်ကျော်+မမိုးငယ် သမီး ဟတ်စုလွင်၊ လန်ဒန်။ စတာလင်ပေါင်..........၄၀
၁၁။ ကိုကိုနှင့်ညီညီ၊ လန်ဒန်။ စတာလင်ပေါင်.........................................................၄၅
၁၂။ လူပြန်တော် ဦးကုမုဒ၊ လန်ဒန်။ စတာလင်ပေါင်.............................................၅၀
၁၃။ ကိုမျိုး+မဖြူဖွေး မိသားစု၊ လန်ဒန်။ စတာလင်ပေါင်.......................................၃၀
၁၄။ မောင်နေလင်းအောင်၊ လန်ဒန်။ စတာလင်ပေါင်............................................၂၅
၁၅။ မသီတာထွန်း၊ လန်ဒန်။ စတာလင်ပေါင်..........................................................၂၅
၁၆။ မစောငြိမ်းအေး၊ လန်ဒန်။ စတာလင်ပေါင်..........................................................၂၀
၁၇။ ဒေါ်မော်လီ၊ လန်ဒန်။ စတာလင်ပေါင်...............................................................၂၀
၁၈။ ဖြူဖြူ၊ လန်ဒန်။ စတာလင်ပေါင်........................................................................၁၀



စုစုပေါင်း စတာလင်ပေါင်.......................................................................................၅၁၅


မှတ်ချက်။
အခုလ ၆ ရက်နေ့အထိ  လှူဒါန်းနိုင်ပါသည်။ ၇ ရက်နေ့၌ မြန်မာနိုင်ငံသို့ ငွေလွှဲပါမည်။






.

.

အမုန်းကျေးဇူး


အသင်တို့ ချချကျွေးတဲ့
အမုန်းဆေးတွေက
ကျွန်ုပ်ရဲ့ အတွင်းဒဏ်ရာအတွက်
ဆေးကောင်းတစ်လက် ဖြစ်ခဲ့တယ်။

သမရိုးကျ
လှလှပပသာ စီးဆင်းခွင့်ရခဲ့ရင်
ကျွန်ုပ်ရဲ့ နဒီချောင်းလဲ
ဒီလောက် စီးဆင်းအား ကောင်းခဲ့မှာ မဟုတ်ဘူး။

မိုးသံလေသံကြားထဲ
 အားခဲလှော်ခတ်
ပစ်မှတ်တစ်ခုအတွက်
ကျွန်ုပ်
ညဥ့်တွေ ခဏခဏ နက်ခဲ့ဖူးတယ်။

အတိတ်ကို ချောင်ထိုး
အနာဂတ်ကို မျှော်ကိုး
ပစ္စုပ္ပန်ကို အားကိုး
အိပ်မက်ဆိုးတွေလဲ မနည်းခဲ့ဘူးပေါ့။

ကျေးဇူးပါ မုန်တိုင်း
သင့်ရဲ့ ရိုင်းပင်းမှုကြောင့်
ကျွန်ုပ်ရဲ့ အကိုင်းအခက်တွေမှာ
အောင်သပြေရွက်သစ်တွေ
ဝေခွင့်ရခဲ့တဲ့အတွက်။

.

Wednesday 7 December 2011

မဃဒေ၀လင်္ကာသစ်မှ


  "မိုးနှင့်သရက်၊ အိုးနှင့်ကြွက်သို့" ဟူသည့် လူလေးမျိုးအား ဥပမာလေးမျိုးနဲ့ ဖော်ပြထားသည်ကို ငယ်စဉ်စာသင်သားဘ၀က မဃဒေ၀လင်္ကာသစ်အား လေ့လာစဉ် မှတ်သားခဲ့ဖူး၍ အွန်လိုင်းမှာ ရနိုင်မလားဆိုပြီး မဃဒေ၀လင်္ကာသစ်ဟု ဂူးဂဲလ်တွင် ရိုက်ရှာလိုက်ရာ အောက်ပါ မဃဒေ၀လင်္ကာသစ်မှ ကောက်နှုတ်ချက် အချို့ကို http://thukakarme1.blogspot.com/2009/12/blog-post.html တွင် တွေ့ရှိရာ ကြိုက်နှစ်သက်လှသောကြောင့် တိုက်ရိုက်တစ်ဆင့်ကူးယူ ဖော်ပြလိုက်ပါသည်။ ။

 မန်လည်ဆရာတော်ဘုရားကြီးရဲ့ "မဃဒေ၀လင်္ကာသစ်"

ကျိုးပြစ်မသိ၊ မရှိဥာဏ၊ မိုက်ဝါဒနှင့်၊ လူ့ဗာလမျိုး၊ လနေမိုးကို၊ မျက်ငြိုးငြူစူ၊ ဆဲရေးမူလည်း၊ ဆဲသူလူနွမ်း၊ သွမ်းသာသွမ်း၏၊ သွားလမ်းအညီ၊ ရာသီပက္ခ၊ ကာလမရွေ့၊ သာလေ့ပူလေ့၊ ရွာမြဲလေ့တိုင်း၊ ပြကတေ့အရိုး၊ လနေမိုးတို့၊ နွမ်းညှိုးဂုဏ်ဝါ၊ ဘယ်ပျက်ရာလိမ့်။ (ပုဒ်ရေ ၂၆၃)


လောင်ခြစ်ပွက်ဆူ၊ မျက်ထွက်သူကို၊ တုံ့မူအမျက်၊ ပြန်မထွက်က၊ အောင်ခက်နိုင်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်၊ မကြည်စိတ်စက်၊ အမျက်ထွက်သူ၊ ထိုသည့်သူနှင့်၊ အတူပြန်လျက်၊ မျက်မာန်ထွက်သော်၊ ရှေ့ထက်နောက်လူ၊ မိုက်သောဟူ၏။ (ပုဒ်ရေ ၂၆၃)


မူနည်ယုတ်မာ၊ ကြမ်းကြုတ်စွာဖြင့်၊ ဣသာသဘော၊ ပြန့်ပြောများသူ၊ ခွေးနှင့်တူ၏၊ ခွေးဟူတုံက၊ လှမလှနှင့်၊ ဟီနဥက္ကဋ္ဌ်၊ ယုတ်မြတ်လူရှင်၊ ပျိုအိုသွင်လည်း၊ မြင်မြင်သမျှ၊ သွားကိုပြ၍၊ ဒေါသမျက်ဆူ၊ ဟိန်းငြူစူ၏။ (ပုဒ်ရေ ၂၃၅)


လောဘဒေါသ၊ မောဟအဟုန်၊ ဆတ်ဆတ်ခုန်၍၊ သည်းတုန်အူလှိုက်၊ မမူထိုက်ရှင့်၊ သူမိုက်သဘော၊ စရိုက်ပြောလျက်၊ ကုဒ္ဓေါဓမ္မံ နဇာနာတိ၊ အစရှိသား၊ ပါဠိဒေသနာ၊ ဟောမိန့်မှာတိုင်း၊ မှန်စွာစင်စစ်၊ ဒေါသဖြစ်က၊ ကျိုးပြစ်တရား၊ မသိငြားဘူး။ (ပုဒ်ရေ ၂၃၄)


ရထားစက်ဟုန်၊ လည်သုန်သုန်ကို၊ မတုန်မလှုပ်၊ တည်စေချုပ်သို့၊ ဟုပ်ဟုပ်အမျက်၊ ကောဓစက်ကို၊ ဥာဏ်လက်သိမ်းအုပ်၊ လည်မလှုပ်အောင်၊ ထိန်းချုပ်နိုင်ငြား၊ ထိုသူ့အားလျှင်၊ ဘုရားတကာ၊ အရိယာတို့၊ လွန်စွာ မငြီး၊ ဘ၀ဂ်တီးအောင်၊ ကောင်းချီးခေါ်ပြု၊ သာဓုထပ်မျှ၊ ချီးမွမ်းကြ၏။ (ပုဒ်ရေ ၂၃၄)


ဗာလအလို၊ သ၀န်တိုနှင့်၊ ကိုယ်ကိုထောင်လွှား၊ အမြတ်ထား၍၊ သူ့အားနှိမ့်ချ၊ ပြုတတ်ကြမူ၊ မလှကျိုးမဲ့၊ ဂုဏ်ချို့တဲ့လျက်၊ ကဲ့ရဲ့ဘေးဒဏ်၊ ကိုယ်ကိုပြန်ပြီး၊ ဧကန်မုချ၊ ဒုက္ခကိုယ်မှာ၊ ရောက်တတ်စွာခဲ့…. (ပုဒ်ရေ ၂၀၃)


မှတ်ချက်။
ကြိုက်လွန်း၍ အောက်ပါဘလော့ဂ်မှ ကူးယူထားပါသည်။
http://thukakarme1.blogspot.com/2009/12/blog-post.html


.

Monday 5 December 2011

ပန်းသီး

ဆူးကတော့ စူးနေမှာပါဘဲ
ဒါပေမဲ့
ပန်းသီးက ချိုမြဖို့လိုတယ်။

လောကီဈေးကွက်မှာ
မုဒိတာတွေ အရောင်းမသွက်လို့
မီးပျက်ညတွေအတွက်
ခရီးဆက်ဖို့ ခပ်ခက်ခက်။

လေလုံးတွေအောက်မှာ
သေဆုံးခဲ့ဖူးတဲ့ သူတွေအကြောင်း
သေဆုံးခဲ့ဖူးသူတွေရဲ့
လေလုံးတွေ အကြောင်း
သရုပ် ကောင်းကောင်း ခွဲတတ်ဖို့တော့လိုမယ်။

ချိုင့် ခွက် တွေ့တိုင်း
အနှောင့်အယှက်ထင်နေရင်တော့
ဘုရင့်နောင် ဖောင်ဖျက်လဲ
နောင်ရိုး ဗွက်ထဲက တက်မှာ မဟုတ်တော့ဘူး။

ဆူးကတော့ စူးနေမှာပါဘဲ
ဒါပေမဲ့
ပန်းသီးက ချိုမြဖို့လိုတယ်။

Wednesday 16 November 2011

ရေ

ငြီးတွားရင်း
စီးဆင်းခဲ့ရပေမဲ့
ခရီးရောက်တော့ ပျော်ပါတယ်။

ဘယ်နေရာရောက်ရောက်
အကောက် အဖြောင့်
လေးထောင့် တြိဂံ
ပဉ္စဂံ အ၀ိုင်း
ရေအတိုင်း ကျင့်ခဲ့ပါတယ်။

ချောင်းထဲမှာ
ဆူးရှိမယ် မျော့ရှိမယ်
အဆီးအတားရှိမယ်
အပိတ်အပင်ရှိမယ်
အန္တရာယ်ရှိမယ်
ရန်စွယ်ရှိမယ်။

ခရီးက
ဆိုးမယ်
ကြမ်းမယ်
လေမုန်တိုင်းထန်မယ်
ဝဲဂယက်ထမယ်။

ဒါပေမဲ့
ရေ ဘဲလေ
ပုံစံခွက်ထဲ အလိုက်အထိုက် နေတတ်ခဲ့တယ်။

ငြီးတွားရင်း
စီးဆင်းခဲ့ရပေမဲ့
ခရီးရောက်တော့ ပျော်ပါတယ်။



Friday 11 November 2011

ခေတ်သြဇာ

ရွှေအိုရောင် အားကိုးနဲ့
ဒီသံသရာကြိုးကို ထိုးဖျက်မယ်ကြံခါမှ
မိုးတွေက တသဲသဲ
လေတွေက တရှဲရှဲ။


ပိုးဖျက်ဆေး မသွန်းခဲ့လို့
ကျွန်းလယ်ဗဟိုနန်းမှာ
ကောက်စိုက်သမ လှပျိုဖျန်းတို့
ငိုပန်းဆင်နေခဲ့ရပြီ။


သိတယ် မဟုတ်လား
အခုဆို
ငါတို့ ရွှေပြည်ကထွက်တဲ့
ဝေလေလေ လယ်ယာကွက်တွေလဲ
မြေသြဇာ မတက်ကြတော့ဘူး။


မှတ်ချက်။ 
တစ် ခြောက်လုံး (၁၁.၁၁.၁၁) မှာ အမှတ်တရလေး ကျန်ရစ်ခဲ့ရအောင်ရယ်ပါ။

.

Monday 7 November 2011

မန်ချက်စတာမြို့ မြန်မာဘုန်းတော်ကြီးကျောင်း ကထိန်ပွဲ

၀၅.၁၁.၂၀၁၁ စနေနေ့။
စာရေးသူတို့အုပ်စု မန်ချက်စတာမြို့ကို ချီတက်ကြတယ်။ ၆ ရက်နေ့မှာ ကထိန်ပွဲရှိလို့ပါ။ လန်ဒန်မြို့က သံဃာ ၆ ပါး၊ ဆန်းဒါးလင်းက ၁ ပါး၊ သီရိလင်္ကာကျောင်းက ၁ ပါး၊ ကျောင်းအခံ ၁ ပါး၊ စုစုပေါင်း ၉ ပါး မန်ချက်စတာ မြန်မာကျောင်းမှာ ဆုံဖြစ်ကြတယ်။ 

လန်ဒန်နဲ့ မန်ချက်စတာက မိုင်နှစ်ရာလောက် ဝေးပါတယ်။ လန်ဒန်ကနေ Virgin Train နဲ့ သွားပါတယ်။ နှစ်နာရီ ကျော်ကျော်လောက်ဘဲ စီးရပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ရထားမျိုး ရှိရင် သိပ်ကောင်းမှာဘဲလို့ စိတ်ထဲ အောက်မေ့မိတယ်။

ညနေ ၅ နာရီ လန်ဒန်မြို့ လန်ဒန်ယူစတန် ဘူတာရုံကနေ ထွက်ခွါပြီး ည ၇ နာရီခွဲလောက်မှာ  မန်ချက်စတာကို ရောက်ပါတယ်။ ဘူတာရုံမှာ ကားအဆင်သင့် ကြိုဆိုနေကြတယ်။ ကျောင်းကို ည ၈ နာရီလောက်မှာ ရောက်ပါတယ်။

နောက်တစ်နေ့ (တနင်္ဂနွေနေ့) နေ့လည်ပိုင်းမှာ ကထိန်ပွဲ ကျင်းပပါတယ်။ မြို့အတွင်းက ဟောခန်းတစ်ခုမှာ ကျင်းပတာပါ။ အဲဒီ ဟောခန်းမှာဘဲ ဆွမ်းဆက်ကပ်ကြပါတယ်။ အခမ်းအနားကို နေ့လည် တစ်နာရီလောက်မှာ စပြီး ညနေ သုံးနာရီခွဲလောက်မှာ ပြီးဆုံးပါတယ်။ ကထိန်အနုမောဒနာတရားကို လန်ဒန်ဝိဟာရ ဆရာတော်ကဘဲ ချီးမြှင့်ပါတယ်။ အခမ်းအနားပြီးတော့ ကျောင်းကို ပြန်ပြီး ကထိန်ခင်းကြပါတယ်။ အဲဒီနောက် ခဏနားပြီး လန်ဒန်မြို့ကို ပြန်ဖို့ ဘူတာရုံကို ဆင်းခဲ့ကြပါတယ်။ ဘူတာရုံကို ကားနဲ့ လိုက်ပို့ပါတယ်။ ညနေ ၅ နာရီ ၁၅ မှာ မန်ချက်စတာက ထွက်ပြီး ညနေ  ခုနစ်နာရီခွဲမှာ လန်ဒန်ကို ရောက်ပါတယ်။ 

လန်ဒန်မြို့ထဲကနေ စာရေးသူ နေထိုင်တဲ့ ကျောင်းကို နှစ်နာရီခွဲလောက် ထပ်လာရပါတယ်။ မြေအောက် ရထားလမ်းတွေ ပြုပြင်နေတဲ့အတွက် ရထားလမ်းပိုင်း အချို့ကို ပိတ်ထားလို့ လမ်းခရီးကြန့်ကြာပါတယ်။ ပုံမှန်ဆို တစ်နာရီခွဲလောက်ဆို ကျောင်းကို ရောက်နိုင်ပါတယ်။ အခုတော့ မိုင်နှစ်ရာလောက်ရှိတဲ့ မန်ချက်စတာကနေ လန်ဒန်ခရီးထက် မိုင် ၂၀ လောက်သာ ရှိတဲ့ လန်ဒန်မြို့ထဲကနေ ကျောင်းကို လာတဲ့ ခရီးက ပိုပြီး အချိန် ကြာနေလေရဲ့။
.

မန်ချက်စတာ မြန်မာဘုန်းတော်ကြီးကျောင်း

ကျောင်းဝင်းကြီးကလဲ အကျယ်ကြီး။ အခုမှ ကျောင်းနဲ့ကပ်ရက် မြေကွက်ကို ၀ယ်ထားတာတဲ့။ မြေညှိနေဆဲ အုတ်တံတိုင်း လုပ်နေဆဲ ကာလပါ။




ကျောင်းဆောင်ထဲဝင်ဖို့ အ၀င်တံခါး

ကထိန်ပွဲကျင်းပရာ မန်ချက်စတာမြို့ထဲက ဟောခန်း


အဲဒီ ဟောခန်းထဲမှာဘဲ နေ့ဆွမ်း ဆက်ကပ်ပါတယ်

ဧည့်ပရိသတ်တို့ကိုလဲ ဘူဖေးစနစ်နဲ့ ဧည့်ခံကျွေးမွေးပါတယ်


ဟောခန်းထဲ ဘုရားပါ ပင့်လာကြတယ်

တရားနာနေကြပြီ

ကထိန်သင်္ကန်းကပ်လှူဖို့ ဆရာတော် တိုင်ပေးတာကို လိုက်ဆိုနေကြတယ်

သဟဿိကမြောက် ကထိန်သင်္ကန်းအလှူ လှူနေကြလေရဲ့



မန်ချက်စတာမြန်မာကျောင်းဝင်းအတွင်း အသစ်ဝယ်ထားတဲ့ မြေကွက်လပ်မှာ ဆောက်လုပ်မဲ့ ကျောင်းဆောင်သစ်ပုံစံ

အချိန်တန်တော့ အိမ်ပြန်ကြရုံပေါ့။ အဲဒါ မန်ချက်စတာ ဘူတာရုံကြီးပါ


ဒီရထားကြီး စီးပြီး လန်ဒန်ကို ပြန်လာခဲ့တယ်။ Virgin Train တဲ့။ အသွားအပြန် ဒီလို ရထားမျိုးဘဲ စီးခဲ့တယ်။


.

ကထိန်ရာသီတွေ ကုန်သလောက် ဖြစ်သွားပါပြီ။ ယူကေ နိုင်ငံတွင်းက မြန်မာ ဘုန်းကြီးကျောင်းတွေလဲ ကထိန်ပွဲတွေ အားလုံး ကျင်းပ ပြီးစီးသွားပါပြီ။ ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာလူမျိုးများရဲ့ သဒ္ဓါတရားကို အခုလို မြင်တွေ့ခွင့်ရလို့ ၀မ်းမြှောက်ကြည်နူးမှု ဖြစ်ရပါတယ်။ ။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

.

Sunday 30 October 2011

လန်ဒန်မြို့၊ သန္တိသုခဗုဒ္ဓဘာသာစင်တာ ကထိန်အလှူပွဲ


 
ကထိန်ရာသီမို့ ကထိန်ပွဲတွေ ယူကေတစ်လျှောက် ကျင်းပကြပါတယ်။ တစ်ခြားကျောင်းက ကထိန်ပွဲတွေ သွားရောက်အားပေးနေခဲ့ရာကနေ ဒီနေ့(၃၀.၁၀.၂၀၁၁ တနင်္ဂနွေနေ့)မှာတော့ စာရေးသူနေထိုင်တဲ့ ကျောင်းကထိန်အလှည့် ကျရောက်လာပါတော့တယ်။  ကျောင်းနာမည်ကတော့ သန္တိသုခဗုဒ္ဓဘာသာစင်တာပါ။ ဒီစင်တာမှာ ကထိန်ပွဲ ကျင်းပလာခဲ့တာ အခုအကြိမ်ရောဆို ၁၇ ကြိမ်မြောက်ရှိပါပြီ။ နှစ်စဉ် ကျောင်းဒကာကြီး ဒေါက်တာစိုးလွင် မိသားစုမှ ဘုံကထိန်အဖြစ် ကျင်းပလာခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ထူးထူးခြားခြား ကထိန်အလှူရှင် ပေါ်ပေါက်လာခဲ့ပါတယ်။ လူငယ်လေးများ ဖြစ်ကြတဲ့ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း (ခ) မရင်ရင် တို့ ဖြစ်ကြပါတယ်။ (သူတို့ဇနီးမောင်နှံ နှစ်ဦးကဘဲ ၂၀၀၉ ခုနှစ်ကစပြီး စာရေးသူတို့ ကျောင်းတက်နေတဲ့ ရဟန်းလေးပါးကို လစဉ် တစ်ပါး စတာလင်ပေါင် ၁၀ လှူဒါန်းတဲ့ အလှူကိုလဲ ယနေ့တိုင်အောင် ပြုလုပ်နေဆဲပါ။ အခုဆိုရင် ၄ ပါးထဲမှ နှစ်ပါးကတော့ မြန်မာနိုင်ငံ ပြန်သွားပါပြီ။ နှစ်ပါးကို ဆက်လက်ထောက်ပံ့နေဆဲပါ။) လူငယ်ပေမဲ့ သဒ္ဓါတရား မငယ်ကြတာက ချီးကျူးစရာပါ။ ကထိန်ခင်းဖို့ ဉာတ်သင်္ကန်းကို မြန်မာနိုင်ငံမှ သူတို့ ကြိုတင် မှာယူထားကြပါတယ်။


ပင့်သံဃာ ငါးပါး၊ ကျောင်းသံဃာ နှစ်ပါး၊ စုစုပေါင်း ခုနစ်ပါးရှိပါတယ်။ ကထိန်အခမ်းအနားကို မနက် ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ပါတယ်။ တိသရဏ၀ိဟာရဆရာတော် ဦးပဏ္ဍိတာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)မှ ငါးပါးသီလပေးပါတယ်။ လန်ဒန်ဝိဟာရဆရာတော်က တရားချီးမြှင့်ပါတယ်။ တိသရဏ၀ိဟာရဘုန်းကြီး ဦးဇနကမှ ရေစက်ချပေးပါတယ်။ အခမ်းအနားကို မနက် ၁၁ နာရီ မိနစ် ၂၀မှာ ရုပ်သိမ်းပါတယ်။ အဲဒီနောက် ဆွမ်းဆက်ကပ်ကြပါတယ်။ လက်လှမ်းမီသလောက် မှတ်တမ်းဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
********

သန္တိသုခဗုဒ္ဓဘာသာစင်တာ ဘုရားခန်း
 

ကထိန်အလှူ့အမ မနွယ်နီဝင်း စားသောက်ဖွယ်ရာများကို ပျော်ရွှင်စွာ ပြင်ဆင်နေပုံ

ကထိန်သင်္ကန်းများ

ရာသီဥတု သာယာပါတယ်။ ဒါကြောင့် ကျောင်းအဆောက်အဦအပြင်ဘက်မှာလဲ ဧည့်ပရိသတ်များ ထိုင်စားနိုင်ဖို့  ပြင်ဆင်ထားပါတယ်

ကထိန်အလှူဒကာက သူ့အမျိုးသမီးကို သေချာ မှာကြားနေပုံဘဲ။

သန္တိသုခဗုဒ္ဓဘာသာစင်တာ ကျောင်းဒကာကြီးဒေါက်တာစိုးလွင်နှင့် သူ့တူမကြီး

ကထိန်အလှူဒကာက မာနမပါဘဲ အမှိုက်ထည့်ဖို့ အမှိုက်ပုံးကို ဤသို့ဤပုံ ပြင်ဆင်နေပါတယ်။

ကျောင်းဒကာကြီးလဲ မမောနိုင် မပန်းနိုင် ညွန်ကြားချက်တွေ ပေးလို့။

ဆိုင်းဘုဒ်ကတော့ စာရေးသူလက်ရာဖြစ်တဲ့အတွက် တကယ့် ခမ်းခမ်းနားနားပါဘဲ။း)

ကထိန်အနုမောဒနာတရားကို လန်ဒန်ဝိဟာရဆရာတော်က စိတ်ပါလက်ပါ မေတ္တာဓါတ်ဖြင့် ဟောကြားပေးပါတယ်။


ကထိန်ဒကာ ဒကာမ နှင့် ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်တို့က တရားတော်မြတ်ကို ကြည်ညိုစွာ အာရုံစူးစိုက် နာကြားနေကြပါတယ်။


သင်္ကန်းတွေကို ကိုယ်စီ ကိုင်ထားကြမယ်။


တိသရဏ၀ိဟာရ ဆရာတော်က  ကထိန်သင်္ကန်းအလှူ တိုင်ကြားပေးပါတယ်။

ဆရာတော် တိုင်ကြားပေးတာကို  ရိုရိုသေသေ သေသေချာချာ လိုက်ဆိုနေကြပါတယ်။

တိသရဏ၀ိဟာရ ဘုန်းကြီးမှ ကထိန်သင်္ကန်းအလှူအတွက် ရေစက်ချပေးပါတယ်။

စာရေးသူကိုလဲ ဓါတ်ပုံ ရိုက်ပေးချင်တယ်လို့ ဆိုလာတဲ့ အတွက် ကင်မရာပေးလိုက်ပါတယ်။ ဘေးက ဦးဇင်းကတော့ ရေစက်ချပေးနေတာကို မျက်စိမှိတ် အာရုံပြုနေလေရဲ့။

တရားနာ ပရိသတ်ပေါင်းစုံ

ကထိန်ဒကာလေးနှင့် ကထိန်ဒကာမလေးတို့ ဇနီးမောင်နှံတို့က ၀မ်းသာကြည်နူးစွာ ရေစက်ချနေကြပါတယ်။

အမျှ အမျှ အမျှ.. ဒူဝေေ၀...

အခမ်းအနား အပြီးမှာ သံဃာတော်များအား ဆွမ်းဆက်ကပ်ကြပါတယ်။

ပြီးတော့ လူပရိသတ်တို့ကလဲ ဟိုနား ဒီနား စားကြ သောက်ကြ ပျော်ကြ ပါးရ မိတ်ဖွဲ့ကြ စကားစမြည်ပြောကြနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းပါတယ်။

ကထိန်ပွဲ အားလုံး ပြီးဆုံးသွားတဲ့ အခါ လူတွေအားလုံး ကျောင်းက ပြန်သွားကြပါတယ်။ လူပေါင်း ၆၀-၇၀ လောက် မနက်ပိုင်းမှာ ပြည့်နှက်နေပေမဲ့ နေ့လည်ပိုင်း ပွဲအပြီးမှာတော့ အားလုံး ပြန်သွားကြပါတယ်။ ရုတ်တရက်ဆိုတော့ ခြောက်ကပ်ကပ်ကြီး။


ကျေးဇူးတင်လွှာ။
ကြွရောက်လာကြတဲ့ သံဃာတော် အရှင်သူမြတ်များ၊ ကထိန်အလှူဒကာ ဒကာများဖြစ်ကြတဲ့ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း (ခ) မရင်ရင်၊ အစားအသောက် ဆွမ်းကွမ်း ဝေယျာဝစ္စပြုလုပ်ပေးကြသူများ၊ အခမ်းအနား ပြင်ဆင်ပေးကြသူများ၊ သန့်ရှင်းရေး ပြုလုပ်ပေးကြသူများ၊ ကထိန်သင်္ကန်းအလှူ ပါဝင်ပေးကြသူများ၊ ကြွရောက်လာပြီး တရားနာလာကြသူများ၊ ကထိန်အလှူပွဲကို စွမ်းနိုင်သလောက် ထည့်ဝင်လှူဒါန်းကြသူများ၊ လာရောက်အားပေးကြသူများအားလုံးတို့အား ကျောင်းဒကာကြီးနှင့်ဂေါပကအဖွဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း အသိပေးလိုက်ပါတယ်။



အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။


.