Sunday 30 October 2011

လန်ဒန်မြို့၊ သန္တိသုခဗုဒ္ဓဘာသာစင်တာ ကထိန်အလှူပွဲ


 
ကထိန်ရာသီမို့ ကထိန်ပွဲတွေ ယူကေတစ်လျှောက် ကျင်းပကြပါတယ်။ တစ်ခြားကျောင်းက ကထိန်ပွဲတွေ သွားရောက်အားပေးနေခဲ့ရာကနေ ဒီနေ့(၃၀.၁၀.၂၀၁၁ တနင်္ဂနွေနေ့)မှာတော့ စာရေးသူနေထိုင်တဲ့ ကျောင်းကထိန်အလှည့် ကျရောက်လာပါတော့တယ်။  ကျောင်းနာမည်ကတော့ သန္တိသုခဗုဒ္ဓဘာသာစင်တာပါ။ ဒီစင်တာမှာ ကထိန်ပွဲ ကျင်းပလာခဲ့တာ အခုအကြိမ်ရောဆို ၁၇ ကြိမ်မြောက်ရှိပါပြီ။ နှစ်စဉ် ကျောင်းဒကာကြီး ဒေါက်တာစိုးလွင် မိသားစုမှ ဘုံကထိန်အဖြစ် ကျင်းပလာခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ထူးထူးခြားခြား ကထိန်အလှူရှင် ပေါ်ပေါက်လာခဲ့ပါတယ်။ လူငယ်လေးများ ဖြစ်ကြတဲ့ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း (ခ) မရင်ရင် တို့ ဖြစ်ကြပါတယ်။ (သူတို့ဇနီးမောင်နှံ နှစ်ဦးကဘဲ ၂၀၀၉ ခုနှစ်ကစပြီး စာရေးသူတို့ ကျောင်းတက်နေတဲ့ ရဟန်းလေးပါးကို လစဉ် တစ်ပါး စတာလင်ပေါင် ၁၀ လှူဒါန်းတဲ့ အလှူကိုလဲ ယနေ့တိုင်အောင် ပြုလုပ်နေဆဲပါ။ အခုဆိုရင် ၄ ပါးထဲမှ နှစ်ပါးကတော့ မြန်မာနိုင်ငံ ပြန်သွားပါပြီ။ နှစ်ပါးကို ဆက်လက်ထောက်ပံ့နေဆဲပါ။) လူငယ်ပေမဲ့ သဒ္ဓါတရား မငယ်ကြတာက ချီးကျူးစရာပါ။ ကထိန်ခင်းဖို့ ဉာတ်သင်္ကန်းကို မြန်မာနိုင်ငံမှ သူတို့ ကြိုတင် မှာယူထားကြပါတယ်။


ပင့်သံဃာ ငါးပါး၊ ကျောင်းသံဃာ နှစ်ပါး၊ စုစုပေါင်း ခုနစ်ပါးရှိပါတယ်။ ကထိန်အခမ်းအနားကို မနက် ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ပါတယ်။ တိသရဏ၀ိဟာရဆရာတော် ဦးပဏ္ဍိတာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)မှ ငါးပါးသီလပေးပါတယ်။ လန်ဒန်ဝိဟာရဆရာတော်က တရားချီးမြှင့်ပါတယ်။ တိသရဏ၀ိဟာရဘုန်းကြီး ဦးဇနကမှ ရေစက်ချပေးပါတယ်။ အခမ်းအနားကို မနက် ၁၁ နာရီ မိနစ် ၂၀မှာ ရုပ်သိမ်းပါတယ်။ အဲဒီနောက် ဆွမ်းဆက်ကပ်ကြပါတယ်။ လက်လှမ်းမီသလောက် မှတ်တမ်းဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
********

သန္တိသုခဗုဒ္ဓဘာသာစင်တာ ဘုရားခန်း
 

ကထိန်အလှူ့အမ မနွယ်နီဝင်း စားသောက်ဖွယ်ရာများကို ပျော်ရွှင်စွာ ပြင်ဆင်နေပုံ

ကထိန်သင်္ကန်းများ

ရာသီဥတု သာယာပါတယ်။ ဒါကြောင့် ကျောင်းအဆောက်အဦအပြင်ဘက်မှာလဲ ဧည့်ပရိသတ်များ ထိုင်စားနိုင်ဖို့  ပြင်ဆင်ထားပါတယ်

ကထိန်အလှူဒကာက သူ့အမျိုးသမီးကို သေချာ မှာကြားနေပုံဘဲ။

သန္တိသုခဗုဒ္ဓဘာသာစင်တာ ကျောင်းဒကာကြီးဒေါက်တာစိုးလွင်နှင့် သူ့တူမကြီး

ကထိန်အလှူဒကာက မာနမပါဘဲ အမှိုက်ထည့်ဖို့ အမှိုက်ပုံးကို ဤသို့ဤပုံ ပြင်ဆင်နေပါတယ်။

ကျောင်းဒကာကြီးလဲ မမောနိုင် မပန်းနိုင် ညွန်ကြားချက်တွေ ပေးလို့။

ဆိုင်းဘုဒ်ကတော့ စာရေးသူလက်ရာဖြစ်တဲ့အတွက် တကယ့် ခမ်းခမ်းနားနားပါဘဲ။း)

ကထိန်အနုမောဒနာတရားကို လန်ဒန်ဝိဟာရဆရာတော်က စိတ်ပါလက်ပါ မေတ္တာဓါတ်ဖြင့် ဟောကြားပေးပါတယ်။


ကထိန်ဒကာ ဒကာမ နှင့် ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်တို့က တရားတော်မြတ်ကို ကြည်ညိုစွာ အာရုံစူးစိုက် နာကြားနေကြပါတယ်။


သင်္ကန်းတွေကို ကိုယ်စီ ကိုင်ထားကြမယ်။


တိသရဏ၀ိဟာရ ဆရာတော်က  ကထိန်သင်္ကန်းအလှူ တိုင်ကြားပေးပါတယ်။

ဆရာတော် တိုင်ကြားပေးတာကို  ရိုရိုသေသေ သေသေချာချာ လိုက်ဆိုနေကြပါတယ်။

တိသရဏ၀ိဟာရ ဘုန်းကြီးမှ ကထိန်သင်္ကန်းအလှူအတွက် ရေစက်ချပေးပါတယ်။

စာရေးသူကိုလဲ ဓါတ်ပုံ ရိုက်ပေးချင်တယ်လို့ ဆိုလာတဲ့ အတွက် ကင်မရာပေးလိုက်ပါတယ်။ ဘေးက ဦးဇင်းကတော့ ရေစက်ချပေးနေတာကို မျက်စိမှိတ် အာရုံပြုနေလေရဲ့။

တရားနာ ပရိသတ်ပေါင်းစုံ

ကထိန်ဒကာလေးနှင့် ကထိန်ဒကာမလေးတို့ ဇနီးမောင်နှံတို့က ၀မ်းသာကြည်နူးစွာ ရေစက်ချနေကြပါတယ်။

အမျှ အမျှ အမျှ.. ဒူဝေေ၀...

အခမ်းအနား အပြီးမှာ သံဃာတော်များအား ဆွမ်းဆက်ကပ်ကြပါတယ်။

ပြီးတော့ လူပရိသတ်တို့ကလဲ ဟိုနား ဒီနား စားကြ သောက်ကြ ပျော်ကြ ပါးရ မိတ်ဖွဲ့ကြ စကားစမြည်ပြောကြနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းပါတယ်။

ကထိန်ပွဲ အားလုံး ပြီးဆုံးသွားတဲ့ အခါ လူတွေအားလုံး ကျောင်းက ပြန်သွားကြပါတယ်။ လူပေါင်း ၆၀-၇၀ လောက် မနက်ပိုင်းမှာ ပြည့်နှက်နေပေမဲ့ နေ့လည်ပိုင်း ပွဲအပြီးမှာတော့ အားလုံး ပြန်သွားကြပါတယ်။ ရုတ်တရက်ဆိုတော့ ခြောက်ကပ်ကပ်ကြီး။


ကျေးဇူးတင်လွှာ။
ကြွရောက်လာကြတဲ့ သံဃာတော် အရှင်သူမြတ်များ၊ ကထိန်အလှူဒကာ ဒကာများဖြစ်ကြတဲ့ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း (ခ) မရင်ရင်၊ အစားအသောက် ဆွမ်းကွမ်း ဝေယျာဝစ္စပြုလုပ်ပေးကြသူများ၊ အခမ်းအနား ပြင်ဆင်ပေးကြသူများ၊ သန့်ရှင်းရေး ပြုလုပ်ပေးကြသူများ၊ ကထိန်သင်္ကန်းအလှူ ပါဝင်ပေးကြသူများ၊ ကြွရောက်လာပြီး တရားနာလာကြသူများ၊ ကထိန်အလှူပွဲကို စွမ်းနိုင်သလောက် ထည့်ဝင်လှူဒါန်းကြသူများ၊ လာရောက်အားပေးကြသူများအားလုံးတို့အား ကျောင်းဒကာကြီးနှင့်ဂေါပကအဖွဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း အသိပေးလိုက်ပါတယ်။



အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။


.