Monday 13 June 2011

ဆာနာမံတော်နှင့် သူ၏ ၀က်စ်မင်စတာ ပုံပြင် (၅)


သူတို့ လေးပါး ရီဂျင့်စထရိပေါ်မှာ တည်ရှိတဲ့ ၀က်စ်မင်စတာ ယူနီဗာစီတီသို့ ရှစ်နာရီခွဲလောက် ရောက်ရှိ သွားကြလေသည်။ စာမေးပွဲ ဖြေဆိုကြမဲ့ ကျောင်းသား ကျောင်းသူ အတော်များများ တက္ကသိုလ် အဆောက်အဦထဲ ရောက်နေကြလေပြီ။ အဖြူ အမဲ အ၀ အပိန် ဥရောပ အာရှ အာဖရိက စသဖြင့် လူမျိုးလဲစုံ ကာလာတွေလဲ စုံပေစွတကား။ ဒါတွေကို ရှုနေလို့ မဖြစ်ဘူး၊ ဒိဋ္ဌေဒိဋ္ဌမတ္တံဘဲ ကောင်းတယ်ဆိုပြီး မြင်တာကို မြင်ရုံမျှ ဟန်ဆောင်ရှုကာ သူတို့အုပ်စုလဲ ထိုကာလာစုံထဲ ၀င်ရောက်ပြီး ကာလာတစ်မျိုး ထပ်ဖြည့်လိုက်ကြလေတော့၏။

ကတုံးလေးလုံးက တ၀င်းဝင်း၊ လောင်းကုတ်ကြီးက တကားကား ဆိုတော့ လူကြား သူကြားထဲ မျက်စိနောက်ဖို့ ကောင်းလှသည်။ သို့သော် ထင်တော့ ထင်ပေါ်သား။  သူတို့အဖို့ အချမ်းဓါတ်ရှိသေးတယ်လို့ ထင်မှတ်ရသော်လည်း ဥရောပသူတွေ အဖို့မှာမူ ဒီလောက် အအေးလောက်တော့ ပျင်းတောင် ပျင်းသေးတယ် ဖြစ်နေဟန်တူကြပါရဲ့။ အ၀တ်အစား ၀တ်ထားတဲ့ နေရာလေးတင် ကွက်ကြည့်ရမှာတောင် ကြက်သီးထချင်စရာ။ လူမျိုးစုံ ကာလာစုံတွေကြားထဲ သူက ကိုယ့်ကြည့် ကိုယ်က သူ့ကြည့်နဲ့ စာမေးပွဲလာဖြေကြတာနဲ့ မတူကြဘဲ လူထူးလူဆန်း အချင်းချင်း အကြည့်ပြိုင်ပွဲ ကျင်းပနေသယောင်ယောင်။

ရှေးဆရာတော်ကြီးများ ပြောခဲ့တာ ကြားဖူးပါရဲ့။ ဒီကမ္ဘာကြီးမှာ အရှေ့ကျွန်း အနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီး ကျွန်း လေးကျွန်းရှိသတဲ့။ အရှေ့ကျွန်းမှာ နေကြတဲ့ သူတွေရဲ့ မျက်နှာက တြိဂံပုံစံကြီးတဲ့။ အနောက်ကျွန်းမှာ နေကြတဲ့ သူတွေရဲ့ မျက်နှာက လေးထောင့် စတုရန်း ပုံစံကြီးတဲ့။ မြောက်ကျွန်းမှာ နေကြတဲ့ သူတွေရဲ့ မျက်နှာက လပြည့်ဝန်းကြီးလို လုံးလုံးဝိုင်းဝိုင်းကြီးတဲ့။ တောင်ကျွန်းမှာ နေကြတဲ့ သူတွေရဲ့ မျက်နှာက နွားခြေရာကွက် ပုံစံကြီးတဲ့။ အခု မြင်တွေ့နေကြရတာက တောင်ကျွန်းသား/သူတွေ ချည်းဘဲတဲ့။ ဒါကြောင့် နွားခြေရာကွက်ပုံစံ မျက်နှာ ရှိနေကြတာတဲ့။ သူလဲ ကလေးတုန်းက တကယ်လားဆိုပြီး စမ်းသပ်ခဲ့ဖူးသည်။ ရွှံ့ ပျော့ပျော့ထဲ မျက်နှာကို မှောက်ချ ကြည့်ဖူးသည်။ ကွက်တိပါဘဲ။ တကယ့် ကျွဲခြေရာကွက်။း)) အဲဒီ အရှေ့ကျွန်း အနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းသား/သူတွေ အချင်းချင်းတွေ့ကြရင် မျက်နှာ ပုံစံ မတူညီကြတဲ့ အတွက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး လက်ညိုးထိုးကာ အားရပါးရ ရယ်မောကြတယ်တဲ့။ ဘယ်လောက်ထိ ရယ်မောကြသလဲဆိုရင် ရယ်မောရင်း လဲသေကြတဲ့ အထိဘဲတဲ့။

အခုလဲ ၀က်စ်မင်စတာ တက္ကသိုလ်ထဲမှာ ဆုံတွေ့ကြတဲ့ သူတွေ အချင်းချင်း ၀ါးလုံးကွဲ မရယ်ကြပေမဲ့ ပြုံးတုံ့ပြုံးတုံ့တွေတော့ ဖြစ်နေကြလေရဲ့။ အသွင်မတူတော့လဲ ရယ်ချင်စရာကြီး ဖြစ်နေမှာပေါ့လေ။ ရယ်ကြပါစေ။ ကိုယ့်အတွက် သူတို့ရယ်ရတာဟာ ကုသိုလ်တစ်မျိုးပါဘဲလို့ တွက်ပြီး ဘေးဘီကို သူ ရုတ်တရက် လှည့်ကြည့်လိုက်မိသည်။ လား လား။ အဖြူမလေးတစ်ယောက် ခပ်လှန်းလှန်းကနေ သူ့ကို ကြည့်ပြီး ပြုံးပြနေပါလား။  ( အမှန်က ပြုံးပြတာ မဟုတ်လောက်ဘူး၊ သူ့ပုံစံကို ကြည့်ပြီး ရယ်ချင်နေတာ ဖြစ်မယ်။ အများတကာ ပါးပါးလျလျ ၀တ်ထားချိန် သူတို့အုပ်စုက လောင်းကုတ်ထူထူကြီး ၀တ်ထားကြသည်ကိုး)။ သူလဲ ပိုသေချာသွားအောင် ဒီအဖြူမလေး ဘယ်သူ့ကို ပြုံးပြတာပါလိမ့်ဆိုပြီး အနီးတစ်ဝိုက် ရှေ့နောက် ၀ဲယာကို လှည့်ကြည့်မိသည်။ ဘယ်သူမှ မရှိဘူး။ ဒါဆို သူ့ကို ပြုံးပြတာ သေချာသွားပြီ။ ဒါနဲ့ မကောင်းပါဘူးလေ ဆိုပြီး သူလဲ အဖြူမလေးကို ပြန်ပြုံးပြလိုက်မိသည်။ ပြဿနာက အဲဒီက စတာဘဲ။ သူပြုံးပြလိုက်တော့ အဖြူမလေးမျက်နှာမှာ အပြုံးက မရှိတော့ဘူး။ သူလဲ ပြုံးလို့ မဆုံးခင် အဲဒီလိုကြီး ဖြစ်သွားတော့ ဆက်ပြုံးရတော့မလို ချက်ချင်း တည်ရတော့မလိုလိုကြီးပေါ့။ သူ့မျက်နှာမှာလဲ လှိုင်းကြက်ခွပ်တွေ ပြေးသွားသလိုလို၊ မျက်နှာကြီးတစ်ခုလုံး တွန့်လိမ်သွားသလိုလိုနဲ့ ကာတွန်းကားထဲက ကြောင်ဂါဖေး မျက်နှာပုံစံကြီး ပေါက်နေလေရဲ့။ နောက်ဆုံးတော့ သူ့အပြုံးကို ဘရိတ်အုပ် ပစ်လိုက်ရသည်။ အဲဒီ အပြုံးလေး နှမြောလိုက်သည့် ဖြစ်ခြင်း။ အဲဒီ အဖြူမလေးကို မပြုံးပြဘဲ တစ်ခြား အသိတစ်ယောက်ကို ပြုံးပြရင်တောင် ဖော်ရွှေမှုဆိုတဲ့ တံဆိပ်ကလေးတော့ ရနိုင်သည်လေ။

ခဏနေတော့ စာမေးပွဲဖြေဆိုခါနီးတဲ့အတွက် တန်းစီပြီး နံပါတ်ကဒ်ပြား ထုတ်ယူရတဲ့ အချိန် ရောက်လာသည်။ ဖြေဆိုသူတွေ များပြားတဲ့ အတွက် ကဒ်ပြားထုတ်ယူဖို့ ကောင်တာကို သုံးခု ခွဲထားလေရဲ့။ Surname အလိုက် A-to-F၊  G-to-T၊  U-to-Z ဟူ၍ ခွဲထားလေသည်။ (နဲနဲ လွဲနိုင်သည်)။ တန်းစီဆိုတော့လဲ ခဏချင်း လူတန်းရှည်ကြီး ဖြစ်သွားလေသည်။ A နှင့်စသည့် အရှင်က တစ်ပါး သတ်သတ်၊ G နှင့် Tကြားမှာ  ဦးဇ   ဦးတေ ဦးကော တို့က တစ်အုပ်စု သတ်သတ် ဖြစ်လေသည်။ အဲဒီမှာ ဆာနာမံတော်က ပြဿနာပေးတော့တာပါဘဲ။ 

သိတဲ့ အတိုင်းပါဘဲ။ စာမေးပွဲဖြေတဲ့ လက မေလ ဆိုတော့ မြန်မာနိုင်ငံ ဆိုင်ကလုန်းနာဂစ်ဖြစ်ပြီး မကြာခင်လေး ဖြေရတာပါ။ ဆိုင်ကလုန်းကို ကြားဖူးပေမဲ့ နာဂစ်ဆိုတဲ့ ဝေါဟာရကိုတော့ သူတို့ မကြားဖူးကြသေးပေ။ ထို့ကြောင့် ဆိုင်ကလုန်းနာဂစ်ဆိုတဲ့ ဝေါဟာရအစား ဆူနာမီဆိုတဲ့ ဝေါဟာရဘဲ သူတို့ ခေါင်းထဲ ရှိနေကြတဲ့ အချိန်ပေါ့။ စကားပြောရင်တော့ မြန်မာနိုင်ငံ ဆူနာမီ ဖြစ်တာ အတော်ဆိုးတာဘဲလို့ ပြောနေကြသည်ပေါ့။ ဆိုလိုတာကတော့ အဲဒီအချိန်ကာလ တစ်လျောက် ဗြိတိန်နိုင်ငံထုတ် သတင်းစာ အတော်များများမှာ မြန်မာနိုင်ငံ ဆိုင်ကလုန်းနာဂစ် ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ အလှူခံနေကြတဲ့ အချိန်ရယ်လေ။ ဘယ်လိုပင် ဆိုင်ကလုန်း နာဂစ်ပေမဲ့ သူတို့ကတော့ ဆူနာမီ ပါဘဲ။ 

ဖြစ်ချင်တော့ သူ ရှေ့ကနေပြီး သူတို့သုံးပါးရဲ့ ဆာနာမံတော်(Surname) အတိုင်း တန်းစီဖို့  တန်းစီပြီးသား လူတန်းကြီး နောက်သို့ သူ သွားပြီး တန်းစီလိုက်သည်။ အဲဒီမှာ ဦးကောက သူ့ကို ဘာပြောတယ် မှတ်လဲ။ ဦးဇ ဘာသွားလုပ်တာလဲ တဲ့။ သူလဲ စာမေးပွဲ ဖြေဖို့ ကဒ်ထုတ်ယူရအောင် တန်းစီနေတာလေ၊ ကိုယ်တော်တို့လဲ လာတန်းစီကြပါလား လို့ ပြန်ပြောလိုက်သည်။ ဦးကောက မျက်နှာကြီး ချက်ချင်း ဆီးရီးယပ်စ် ဖြစ်သွားကာ စာကိုလဲ သေချာဖတ်ကြည့်ပါဦး၊ အဲဒါ စာမေးပွဲ ဖြေဆိုဖို့ တန်းစီနေကြတာ မဟုတ်ဘူး။ မြန်မာ TSUNAME ဒုက္ခသည်တွေ အတွက် အလှူခံနေတာ ထင်တယ်တဲ့။ သူလဲ ရုတ်တရက် ရှေ့မှာ ချိတ်ဆွဲထားတဲ့ SURNAME ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ပြန်ဖတ်ရင်း မျက်စိလည် အဖတ်မှားကာ အင်းးး  ဟုတ်သားဘဲ။ ၀က်စ်မင်စတာ တက္ကသိုလ်မှာ မြန်မာဒုက္ခသည်တွေ အတွက် အလှူခံနေကြပါလား၊ ဒါကြောင့် လူတွေ ဒီလောက် များများ လာကြတာကိုး။ အတော် စေတနာ သဒ္ဓါတရား ထက်သန်ကြတဲ့ သူတွေပါလားဆိုပြီး အတွေး ပေါက်သွားလေတော့သည်။ ဦးကောလဲ အနားမှာ လာတန်းမစီဘဲ စာမေးပွဲဖြေဆိုရမဲ့ အချိန်ကိုသာ အ၀င်တံခါးမကြီးနားက စောင့်နေလေသည်။
ဒါနဲ့ သူ ချက်ချင်း ပြန်တွေးကြည့်မိလေသည်။ မဟုတ်သေးပါဘူး။ ဒီနေရာမှာတော့ အလှူမခံလောက်ပါဘူး ဆိုပြီး ဆိုင်းဘုတ်က စာကို သေချာ ဖတ်ကြည့်လိုက်တော့မှ  SURNAME (ဆာနာမံတော်) ကို TSUNAMI ဆိုပြီး ဦးကော တစ်ယောက် အဖတ်မှားကာ ဘာသာပြန် မှားသွားခြင်း ဖြစ်မှန်း သဘောပေါက်သွားလေတော့၏။ ဦးကောကို ပြန်ခေါ်ပြီး ကိုယ်တော် စာကို သေချာ ဖတ်ကြည့်ပါဦးလို့ ပြန်တွယ်လိုက်ရလေသည်။  ဦးကောလဲ စာကို အသေအချာ ပြန်ဖတ်ပြီးတော့မှ အာ ဟုတ်သားဘဲ ဆာနိမ်းကြီးဟု ရုတ်တရက် အော်ထွက်လေတော့သည်။ ဦးကောရဲ့ ပုံစံကို ကြည့်ကာ သူတို့အုပ်စုခမျာလဲ မထိန်းနိုင် မသိမ်းနိုင်ဖြစ်ကာ  မပြုံးဘဲနဲ့ ၀ါးလုံးကွဲ ရယ်မိလိုက်ကြလေတော့သည်။ ဦးကော ရယ်သံက အကျယ်ဆုံး။ ဘေးက လူတွေ ၀ိုင်းကြည့်တာတောင်မှ သူတို့ အရယ်မရပ်နိုင်ကြတော့ပေ။ အင်း... လန်ဒန်တက္ကသိုလ်တက်မဲ့ ကိုယ်တော်တွေ ဒီလို ဘာသာပြန်မှားကြပုံ ထောက်ရင်တော့ တော်တော် အောင်မြင်ကျော်ကြားကြဦးမှာဘဲလို့ စိတ်ထဲ တွေးနေမိလိုက်သည်။

သူ ခေါင်းစဉ်ပေးခဲ့တဲ့ ဆာနာမံတော် ဆိုသည်မှာ ဤသည်ပင် ဖြစ်လေတော့၏။ သဘောပေါက်ကြရဲ့လား မသိ။ ပေါက်ပါတယ် ပေါက်ပါတယ်။ သူ့ကိုယ်သူမေး သူကိုယ်တိုင်ဖြေပြီး ဒီနေ့တော့ ဒီလောက်ပါဘဲ ဟု စိတ်အကြံနဲ့ ဓိဋ္ဌာန်လိုက်လေတော့သတည်း။  ။

ဆက်ရေးပါဦးမယ်။

** Picture from Google Search

.