Monday, 3 March 2014

စွန့်လွှတ်ပါရ ရဟန်းအမ

မကြားချင်ဆုံးစကား ကြားလိုက်ရသည်။ မကြားချင်ပေမဲ့ တနေ့နေ့တော့ ကြားရလိမ့်မည်ဟုတော့ သိနေသည်။ လူသားတွေရဲ့ ကမ္ဘာကြီး ဂလိုဘယ်လိုက်ဇေးရှင်းဟု အမည်ပေးထားတဲ့ ကမ္ဘာ့ရွာကြီး ဖြစ်သွားပြီးနောက် မြန်မာနိုင်ငံက အုန်းမောင်းခေါက်သံကို အင်္ဂလန်က ကြားနေရပြီ။ အင်္ဂလန်က ပရီးမီးယားဂ်တွေကို မြန်မာက အချိန်နဲ့တပြေးညီ ကြည့်နေနိုင်ကြပြီ။ ထိုကဲ့သို့ မိုင်ထောင်သောင်းချီအရပ်က ရူပါရုံ သဒ္ဒါရုံတို့ကို တန်ခိုးမလို ပါဝမလိုဘဲ ငွေကျပ်အနည်းငယ်လေး ရှိရုံမျှဖြင့် ထုတ်ချင်းပေါက် မြင်နိုင်ကြားနိုင်သော ခေတ်ကာလကြီးကို ကျေးဇူးတင်ရမလား စိတ်ဆိုးရမလား မသိ။ 

"အရှင်ဘုရားရဲ့ ရဟန်းဒကာမ ဒီနေ့ညနေပိုင်းက ကွယ်လွန်သွားပြီတဲ့"

မကြားချင်ပေမဲ့ နားနဲ့ဆတ်ဆတ်ကြားလိုက်ရသည်။ ဟိုယခင်တုန်းက ဆိုရင်တော့ ဒီခရီးနီးသလား တစ်လတိတိ လာရ၏ ဟု ဆိုရလောက်အောင် မြန်မာနိုင်ငံက စာတစ်စောင်ရရှိဖို့ တစ်လတိတိ စောင့်ရလေ၏။ လတ်လတ်ဆတ်ဆတ် စာတစ်စောင်သည် တစ်လကုန်လွန်ပြီးသော အကြောင်းအရာများသာ အပ်ဒိတ် ဖြစ်ခဲ့၏။ ယခုမူ ထိုသို့မဟုတ် မြန်မာကနေ အခု ပြောရင် အင်္ဂလန်က အခုချက်ချင်း ကြားနိုင် မြင်နိုင်လေ၏။ ညီတော်မောင် မောင်ပဇင်းဆီက ဒီသတင်း အရင်ကြားလိုက်ရ၍သာ ကျန်ရစ်သူကာယကံရှင်ကို ဖျောင်းဖြဖို့ စကားလုံး ရွေးချယ်ချိန်ရလိုက်ခြင်းဖြစ်၏။ သို့သော် ထိုစကားလုံးတို့သည်လည်း တကယ့်တကယ် ကျန်ရစ်သူကာယကံရှင်ကိုယ်တိုင် ဖုန်းဆက် အကြောင်းကြားလာသောအခါ ဘယ်ရောက် ဘယ်ပျောက်ကုန်သည်မသိ။ စိတ်ကို အေးအေးထားဖို့သာ အတန်တန် ပြောနေမိလေတော့၏။

ငိုရင်းပြော၏။ ပြောရင်းငို၏။ စကားလုံး ဆယ်လုံး ပြောလျှင် ရှစ်လုံးလောက်က မသဲကွဲ။ ငိုသံရောပြွမ်းနေသည့် စကားလုံးတို့ကို နားမလည်ပေမဲ့ သူဘယ်လို ခံစားနေရသည်ကို ရာနှုန်းပြည့် နားလည်၏။ ၀မ်းနည်းရှာပေမပေါ့။ စိတ်ထိခိုက်ရှာပေမပေါ့။ တစ်အိမ်လုံးမှ သူ့တစ်ယောက်ထဲသာ ကျန်ရစ်တော့သည်ကိုး။ 

ထိုအိမ်၌ လွန်ခဲ့သည့် ၁၈ နှစ်ခန့်အထိ အိမ်သား ၄ ယောက်ရှိနေခဲ့၏။ လွန်ခဲ့သည့် ၃ နှစ်လောက်အထိ အိမ်သား သုံးယောက် ရှိနေခဲ့၏။ ဒီကနေ့ ညနေပိုင်း (မြန်မာစံတော်ချိန်)အထိ အိမ်သား ၂ ယောက် ရှိနေခဲ့၏။ သို့သော် ဒီနေ့ ညနေပိုင်းကစပြီး ထိုအိမ်၌ အိမ်သား တစ်ယောက်ထဲ ကျန်ရစ်လေတော့၏။ ကျန်ရစ်သည့် သူကလည်း ယောက်ျားလေးမဟုတ်။  မိန်းခလေးတစ်ဦးပင် ဖြစ်လေ၏။ ဒီအိမ် ဒီနေရာမှာ သူ တစ်ယောက်ထဲ ဘယ်လို ခရီးဆက်မလဲ။ ဘယ်လို အလွမ်းဖြေမလဲ။ ဘယ်လို ဖြေသိမ့်နိုင်ပါ့မလဲ။ တွေးကြည့်လေ ကိုယ်ချင်းစာမိလေပင်တည်း။

စိတ်ရင်းဖြူစင်ကြသည့် မိသားစု၊ ဘာသာရေး ကိုင်းရှိုင်းကြသည့် မိသားစု၊ ခြိုးခြံစွာနေပြီး ရိုးရိုးကျင့် မြင့်မြင့်ကြံ နေထိုင်ကြသည့် မိသားစု၊ ဘုရားဒကာ ကျောင်းဒကာ ရဟန်းဒကာ မိသားစု။ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းခဲ့သည့် ဒီမိသားစုလေး အခုတော့ တစ်ယောက်ထဲ။ စိတ်ဖြေပါ နှမငယ်လို့ မပြောရက်ပေမဲ့ စိတ်မလေဖို့တော့ သတိပေးချင်တယ်။ စိတ်မတွေဖို့တော့ သတိပေးချင်မိတယ်။ လောကကြီးကို အရှုံးမပေးဘဲ ရဲရဲသာ ရင်ဆိုင်ပါလို့ သတိပေးချင်မိတယ်။

"သူ နေမကောင်းစက  ဦးဇင်းလာမယ်လို့ ပြောထားတော့ အိပ်ရာထဲကနေပြီး ပြုံးရိပ်ကလေးသန်းလို့ ဦးဇင်းကို မျှော်နေရှာတာ။ ပြီးတော့ ပြောသေးတယ်။ ဦးဇင်းက ဟို.. အဝေးကြီးက လာမှာဆိုတော့ ပင်ပန်းမှာပေါ့နော်...တဲ့"

ကျန်ရစ်သူ (မွေးစကထဲက မွေးစားထားသည့် တူမ) သမီးတူမတစ်ယောက် ငိုရင်းပြောရင်း ရှိုက်ရင်း ပြောရင်းဖြင့် စကားလုံးများ မကြာခဏ လုံးထွေးသွား၏။ ရဟန်းဒကာမ အိပ်ယာထဲဘုန်းဘုန်းလဲပြီး သူ့ရဟန်းအလာကို မျှော်နေပေမဲ့ သူ့ရဟန်းလဲ အကြောင်းအမျိုးမျိုးကြောင့် သူ ကွယ်လွန်သည်ထိ မသွားရောက်နိုင်ခဲ့။ ခွင့်လွတ်နားလည်ပေးပါ ဒကာမကြီး။

"ဦးဇင်းကို အိပ်မက်တယ်။ ဦးဇင်း ဟို အဝေးကြီးက လာပြီး အနားမှာ အားပေးစကား ပြောနေတယ်... ဆိုပြီး မကြာမကြာ ပြောတယ်။ အခုတော့ ဦးဇင်းကို သူ အိပ်မက်မက်နိုင်တော့မှာ မဟုတ်တော့ဘူး"

လောကီဘောင်က ခွါနေပေမဲ့ မျက်ရည်တော့ စွေချင်သလိုလို။ မယ်တော်ကြီး ဆုံးပြီးကထဲက ပျောက်ဆုံးနေခဲ့သည့် ၀မ်းနည်းမှုက တရေးပြန်နိုးလာသလိုလို ခံစားလာမိ၏။ အင်း... ၀မ်းနည်းတာ ရှက်စရာမှ မဟုတ်တာဘဲ။ သူရဲကောင်းတို့မှာလဲ မျက်ရည်တရွှဲရွှဲ ရာဇ၀င်တွေမှာ ရှိခဲ့ဖူးတာဘဲ။ အမေမဟုတ်ပေမဲ့ အမေကဲ့သို့ပင် စားဝတ်နေရေး ကျန်းမာရေး ပစ္စည်းလေးပါး ပရိက္ခရာအစုံစုံတို့ကို လိုလေသေးမရှိအောင် ထောက်ပံ့ပေးခဲ့တဲ့ ကျေးဇူးရှင် ရဟန်းအမကြီး မဟုတ်လား။

"မနေ့ညတုန်းက ဦးဇင်း ဖုန်းဆက်တုန်းကလေ။ သူက ပြောတယ်။ ဦးဇင်းရဲ့အသံလေးကို ကြားရတော့ ပြန်ပြီး စကားတွေ အားရပါးရ ပြောချင်လိုက်တာ။ ဒါပေမဲ့.. ပြောမှမပြောနိုင်တာ ပြောလို့မှ မရတော့တာ.. ဆိုပြီး လေသံလေးနဲ့ ပြောတယ် ဦးဇင်း"

တော်ပါတော့ ကလေးမရယ်။ ဒီလောက်ဆို လုံလောက်ပါပြီ။ မောနေမယ်နော်။ ရေသောက်ပြီး အနားယူ။ စိတ်ကို အေးအေးထား။ ရှေ့လျှောက်လှမ်းရမဲ့ ခရီးက အရှည်ကြီး ရှိနေသေးတယ်။ အားမလျှော့ပါနဲ့။  

ရဟန်းဒကာမရဲ့ ပစ္စည်းလေးပါး တာဝန်အပြင် သားအရင်းကဲ့သို့ မေတ္တာတွေ လုံလောက်တာထက် ပိုနေပါပြီ ဒကာမကြီးရယ်။ အသက် ၆၂ ဆိုတာ မငယ်တော့ပေမဲ့ အရမ်းကြီး ကြီးကျင့်တဲ့အရွယ်လဲ မဟုတ်သေးပါဘူး။ အေးအေးဆေးဆေး ဘုရားတည်ကျောင်းဆောက် ပရဟိတလုပ်ပြီးနေဖို့ အချိန်တွေ အများကြီး ရှိနေနိုင်သေးတယ် မဟုတ်လား။ 

ရဟန်းဒကာမကြီး တမလွန်ဘ၀မှာ ကောင်းမွန်ရာ ဘုံဘ၀ ရောက်နေမှာ သေချာပါတယ်။ ကုသိုလ်တွေ ဒီလောက်ပြုခဲ့တာဘဲ။ ဒီဘ၀မှာ ခံစားရတဲ့ ဝေဒနာကို စွန့်ခွါပြီး တမလွန်ဘ၀မှာ ကျန်းမာချမ်းသာနေပြီလို့ ယုံကြည်နေပါတယ်။ ဦးဇင်းလဲ ဘုရားရှိခိုးပြီးတိုင်း ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတိုင်း ဒကာမကြီးကို မေတ္တာပို့ အမျှဝေပေးပါ့မယ်။

အော်... ဘာလိုလိုနဲ့.. အမျှဝေပေးဖို့ နောက်ထပ် တစ်ယောက်တောင် ထပ်တိုးလာချေပြီကော။  ။


.

No comments: