အင်္ဂါမောင်တို့ ကိုရင်ပေါက်စဘ၀တုန်းက ရွာသာယာဆိုတဲ့ ရွာကြီးတစ်ရွာရဲ့ ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ရတယ်။ ရွာကြီးဆိုပေမဲ့လဲ အောက်ပြည်အောက်ရွာက ရွာတွေလောက်တော့ မကြီးပါဘူး။ အနီးအနားတစ်ဝိုက်မှာ အဲဒီရွာက အကြီးဆုံးမို့ ရွာကြီးတစ်ရွာလို့ ပြောတာပါ။ အိမ်ခြေက ၂၀၀ နီးပါးလောက်ရှိတယ်။ ဘုန်းတော်ကြီးကျောင်းမှာ ကိုရင်ကျောင်းသားဦးရေက ၇၀ လောက်ရှိတယ်။ ဘုန်းတော်ကြီးက ကိုရင်ကျောင်းသားတွေကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ စည်းကမ်းနဲ့ပတ်သက်ရင်၊ စာနဲ့ ပတ်သက်ရင်တော့ နဲနဲလေးမှ မျက်နှာသာ ပေးလေ့မရှိဘူး။
တစ်နေ့မှာ ကိုရင်တစ်ပါးဟာ ညနေဘက်ကြီး သူ့အိမ်ကို ခဏပြန်သွားတယ်။ သူ့ဘွဲ့က ရှင်ပဏ္ဏ၀ံသတဲ့။ ဘုန်းကြီးကို မလျောက်ဘဲ အိမ်ခိုးပြန်တဲ့သဘောပေါ့။ သူ့အိမ်ကလဲ ကျောင်းနဲ့ အုတ်တံတိုင်းဘဲ ခြားတာဆိုတော့ လစ်ရင်လစ်သလို ခိုးခိုးပြန်နေကျပါ။ ကံဆိုးချင်တော့ အဲဒီနေ့မှာ ဘုန်းကြီးက အဲဒီကိုရင်ကို ခိုင်းစရာရှိလို့ခေါ်တယ်။ ဒါပေမဲ့ ကိုရင်က ကျောင်းမှာ မရှိဘူး။ ဒါနဲ့ အဲဒီကိုရင် ပြန်လာရင် ချက်ချင်း သူ့ဆီလွတ်လိုက်ဆိုပြီး တစ်ချက်လွတ်အမိန့်ပေးတော့တာပေါ့။ အဲဒီကိုရင်လဲ ညမှောင်မှ အိမ်က ပြန်လာတယ်။ အင်္ဂါမောင်တို့လဲ သူပြန်လာချင်းဘဲ ပဏ္ဏ၀ံသ... မင့်ကို ဆရာခေါ်နေတယ်။ မြန်မြန်သွားလို့ ပြောလိုက်တယ်။ (အင်္ဂါမောင်တို့ဒေသဘက်မှာ ရွာဦးကျောင်းဘုန်းကြီးကို ကိုရင်ကျောင်းသားတွေက ဆရာလို့ဘဲ ခေါ်ပါတယ်)။ သူလဲ ကြောက်ကြောက်နဲ့ ဘုန်းကြီးဆီသွားလိုက်တယ်။
ဘုန်းကြီးအခန်းထဲမှာ ဖန်မီးအိမ်ထွန်းထားတဲ့အတွက် အခန်းတစ်ခုလုံး ထိန်လင်းနေတယ်။ အဲဒီကိုရင်လဲ ဘုန်းကြီးအခန်းထဲ ၀င်သွားပြီး ဆရာခေါ်တယ်ဆိုလို့ လာခဲ့တာပါဘုရား လို့လျောက်လိုက်တယ်။ အေး မင်း အိမ်မှာ ဘာသွားလုပ်တာလဲ ငါ့ကိုလဲ လာမလျှောက်ဘူး လို့မေးတယ်။ အဲဒီကိုရင်ကလဲ တပည့်တော် သင်္ကန်းလျော်ခိုင်းထားတာ သွားယူတာပါဘုရား လို့ ပြန်လျောက်တယ်။ ဒါဖြင့် မင်း ညနေစာ ခိုးမစားခဲ့ဖူးလားလို့ မေးတယ်။ ကိုရင်ကလဲ မစားခဲ့ပါဘူးဘုရားလို့ ပြန်လျှောက်တယ်။ သေချာရဲ့လား လို့ပြန်မေးတော့ ဘုရားစူး ..သေချာပါတယ်ဘုရားလို့ ပြန်လျောက်တယ်။ ဒီတော့ ဘုန်းကြီးလဲ စိတ်ဆိုးပြီး မင်းက ညနေစာ မစားခဲ့ဘဲနဲ့ ဘာဖြစ်လို့ ထမင်းစေ့တစ်စေ့က မင့်ပါးမှာ ကပ်နေရတာလဲ ဆိုပြီး ကိုရင်ရဲ့ ပါးမှာ ကပ်နေတဲ့ ထမင်းစေ့လေးကို ခွါပြီးပြောတယ်။ ဒီတော့မှ ကိုရင်လဲ သူညနေစာစားခဲ့ကြောင်း ၀န်ခံပါတော့တယ်။ မင်းက အပြစ်နှစ်ခု ကျူးလွန်တယ်။ တစ်ခုက ညနေစာစားတဲ့အပြစ်၊ တစ်ခုက လိမ်ညာတဲ့ အပြစ်၊ မင်းကို ဒီအတိုင်းထားလို့ မရဘူးဆိုပြီး လက်စွဲတော် ကြိမ်လုံးနဲ့ ရိုက်နှက်ဆုံးမပါတော့တယ်။
အင်္ဂါမောင်တို့အားလုံး နေ့စဉ် ည ၈ နာရီလောက်မှာ ဘုရားဝတ်တက်ကြပါတယ်။ အဲဒီနေ့ ညဘုရားဝတ်တက်ပြီးတဲ့အခါမှာ ဘုန်းကြီးလဲ စိတ်ဆိုးပြေသွားပုံရပါတယ်။ အေးအေးဆေးဆေးနဲ့ ပုံပြင်တစ်ပုဒ်ကို ပြောပြတယ်။ ကိုရင်ပဏ္ဏ၀ံသ လုပ်ပုံက ဟိုပုံပြင်လို ဖြစ်နေပြီ ဆိုပြီး ပုံပြင်ကို စပြောပါတယ်။
ရှေးတုန်းက ရွာကြီးတစ်ရွာရှိသတဲ့။ လကွယ်ညတစ်ခုမှာ လူတွေ အိပ်နေတဲ့အချိန် အဲဒီရွာကြီးထဲက အိမ်တစ်အိမ်ကို သူခိုးကပ်သတဲ့။ အိမ်ကိုကပ်တယ်ဆိုပေမဲ့ တကယ်က စပါးကျီကို ကပ်တာပါ။ သူခိုးက စပါးသူခိုးပါ။ အဲဒီရွာထဲက သူခိုးပါဘဲ။ လကွယ်ညဆိုတော့ မှောင်မှောင်မဲမဲပေါ့။ ညဆိုတော့လဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတာပေါ့။ သူခိုးလဲ စပါးကျီထဲ ၀င်ပြီး စပါးတွေကို နိုင်သလောက် အသင့်ပါလာတဲ့ အိတ်ထဲ ကြုံးထည့်တော့တာပေါ့။ ဒီတော့ စပါးကြုံးတဲ့အသံက တစ်ချက်တစ်ချက် ထွက်ပေါ်လာတယ်။ အဲဒီအသံကြောင့် အိမ်ရှင်တွေ နိုးလာပြီး သူခိုး သူခိုး လို့ အကျယ်ကြီး ထအော်ကြတော့တာပေါ့။ သူခိုးလဲ စပါးအိတ်ကို မယူနိုင်တော့ဘဲ စပါးကျီထဲက အမြန်ထွက်ပြေးလာတယ်။ ရွာသူရွာသားတွေလဲ အိပ်ရာက လန့်နိုးလာကြပြီး နီးစပ်ရာ တုတ် ဓါး လက်နက် ကိုင်ဆောင်ကာ သူခိုးနောက်လိုက်ကြတယ်။ အိမ်တိုင်းနီးပါး အိပ်ရာက ထပြီး သူခိုးနောက်လိုက်ကြတယ်။ သူခိုး သူခိုး ဆိုပြီးလဲ ပါးစပ်ကအော်ကြတယ်။ ခုနက သူခိုးလဲ မှောင်တဲ့တစ်နေရာမှာ ကပ်ပြီး အခြေအနေကို စောင့်ကြည့်နေတယ်။ အခြေအနေကောင်းတော့ သူလဲ သူခိုး သူခိုးဆိုပြီး သူခိုးဖမ်းတဲ့ သူတွေထဲ ရောနှောပြီး သူခိုးနောက် လိုက်တော့သတဲ့။ ဒီတော့ သူခိုးကို မမိနိုင်ဘဲ ဖြစ်တော့တာပေါ့။
ဒါပေမဲ့ ညဘက်ဆိုတော့ သူခိုးလိုက်တဲ့သူတွေက လက်နှိပ်ဓါတ်မီးတို့၊ မီးတုတ်တို့ကို အသုံးပြုကြရတယ်လေ။ အဲဒီမှာ အဲဒီသူခိုးနောက်က လူက သူ့ရှေ့က သူခိုး သူခိုးလို့ အော်နေတဲ့ သူရဲ့ ပုဆိုးကို အမှတ်မထင်ကြည့်လိုက်မိသတဲ့။ စပါးကျီထဲမှာ စပါးပုံပေါ်ထိုင်ပြီး စပါးခိုးခဲ့သူဆိုတော့ သူ့ပုဆိုးမှာ စပါးစေ့တွေ၊ စပါးမှုန်တွေ ကပ်နေတာပေါ့။ သူ့ကို ဖမ်းချုပ်ပြီး စစ်ဆေးတာတောင်မှ ကိုရင် ပဏ္ဏ၀ံသလိုဘဲ ဘုရားစူး မခိုးဘူးဆိုပြီး ငြင်းနေသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ပုဆိုးမှာ ကပ်နေတဲ့ စပါးစေ့တွေကိုပြပြီး ၀ိုင်းမေးကြတော့မှ သူ ခိုးမိပါတယ် ဆိုပြီး ၀န်ခံသတဲ့။ ကဲ.. ပုံပြင်က အဲဒါဘဲ။ မင်းတို့အားလုံးလဲ နောက်ဆို စပါးသူခိုးလို သူခိုးကနေပြီး လူလို မဟစ်မိစေကြနဲ့၊ အပြစ်ပိုကြီးတယ်၊ ကြားလား လို့ပြောပြီး ဘုန်းကြီးလဲ ဘောဂခန်းသို့ ၀င်ရောက်သွားပါတော့တယ်။
..
သူခိုးကနေပြီး ပြောင်းပြန် လူလို ပြန်ဟစ်နေတဲ့သူတွေကလဲ အခုခေတ်မှာ အများသား။ အဲဒီလို ဟစ်နေတဲ့သူတွေကမှ စကားကို ရွှန်းနေအောင်၊ လူတစ်ဘက်သား ယုံကြည်အောင် ပိုပြောတတ်ကြတယ်ထင်ပါရဲ့။ သူတို့ပြောရင် လူအတော်များများက ယုံကြည်သွားတတ်ကြတယ်။ အင်္ဂါမောင်တို့ အများစုကလဲ ပထမကြားတဲ့စကားကိုဘဲ အတည်ယူတတ်ကြတယ်မဟုတ်လား။ ယုံကြည်ရလောက်တယ်ထင်တဲ့ စကားကို လွယ်လွယ်နဲ့ စုံလုံးကန်း ယုံကြည်လိုက်ကြတော့တာမဟုတ်လား။ အဲဒီလို လူလိုဟစ်တဲ့ သူခိုးတွေဟာ စကားကို ကြိုတင်ပြင်ဆင်ထားတတ်ကြတယ်။ ဘယ်နည်းနဲ့ပြောရင် လူတွေ ပိုယုံကြည်မလဲဆိုတဲ့ ပြင်ဆင်ချက်လေ။ ပြီးတော့ လူတွေထဲ ရောနှောပြီး တစ်ခြားသူတွေဘက် လက်ညှိုးထိုးကာ သူခိုး သူခိုး လို့ အော်ဟစ်နေတတ်ကြတယ်။ အမှောင်ထဲက သူခိုးတွေပေါ့။ မှောင်နေတော့ ဘယ်သူမှ မသိရ မကြားရ မမြင်ရဘူးလေ။ အဲဒီလို သူခိုးက လူလိုဟစ်နေတဲ့သူတွေကမှ တကယ်ကြောက်စရာကောင်းတာ။ ဒါကြောင့်မို့ တစ်ခြားသူဘက်ကို လက်ညှိုးတန်းတန်းထိုးပြီး သူခိုး သူခိုး လို့ အော်ဟစ်နေကြသူတွေကို အထူးသတိထားပြီး ဆက်ဆံသင့်ကြောင်း တင်ပြလိုက်ရပါတယ်။
.
2 comments:
"သူခိုးက လူ-လူ ဟစ်" ဆိုတဲ့စကားပုံက အဲဒီက စပေါ်တာ ထင်တယ်နော်။
ကိုရင်ပဏ္ဏ၀ံသ တော့ ကြိမ်လုံးစာမိသွားတာ သနားပါတယ်။
ဒါနဲ့ မသိလို့မေးပါရစေဘုရား ... ဘောဂခန်းဆိုတာ ဘာကိုပြောတာလဲ ကျက်သရေခန်းနဲ့ တူတူပဲလား ဘုရား။
အင်း... ယာဂုနှင့်ထမင်းနဲ အတူတူဘဲလို့ ဆိုသလို ဘောဂခန်းနှင့်ကျက်သရေခန်းလဲ အတူတူပါဘဲ။ ကလေးတုန်းကတော့ ဘောဝါခန်းလို့နှုတ်ကျိုးခဲ့တယ်။ ဒါပေမဲ့ အသက်ကြီးလာမှ ဘောဂခန်းမှန်းသိတာပါ။ ပစ္စည်းဥစ္စာကို ဘောဂလို့ခေါ်တယ်မဟုတ်လား။ အင်္ဂါမောင်တို့ရွာဦးကျောင်းမှာက ပစ္စည်းထားတဲ့အခန်းနှင့်ဘုန်းကြီးကျိန်းစက်တဲ့အခန်းက ဆက်ရက်ဖြစ်နေတော့ အဲဒီလို ဘောဂခန်းလို့ဘဲ ခေါ်ကြတယ်။ များသောအားဖြင့်တော့ ဘုန်းကြီးအိပ်တဲ့အခန်းထဲမှာဘဲ တန်ဖိုးရှိတဲ့ ပစ္စည်းကို သိမ်းထားလေ့ရှိတာကြောင့် အိပ်ခန်းကိုလဲ ဘောဂခန်းလို့ ခေါ်ဆိုနိုင်ပါတယ်။
Post a Comment