Thursday 10 February 2011

တောင်ပို့လား ဘုရားလား












 တောင်ပို့က တောင်ပို့၊ ဘုရားက ဘုရားပါဘဲ။ ဒါပေမဲ့ တောင်ပို့နှင့်ဘုရား တစ်သားထဲ ကျနေရင်တော့ ခွဲခြားရခက်သား။ အောက်ခြေဖိနပ်တော်ကစပြီး အထက် စိန်ဖူးထိ မားမားမတ်မတ် ရပ်တည်နေတဲ့ ဘုရားကိုတော့ လူတိုင်း ဘုရားမှန်း သိတာပေါ့။ ခက်တာမှ မဟုတ်တာ။ ဒါပေမဲ့ ခေတ်ကာလ ကြာမြင့်စွာက တည်ထားခဲ့ပြီး ရာသီဥတုဘေး သဘာဝဘေးဒဏ်တွေကြောင့် အပိုင်းပိုင်းအပြတ်ပြတ်ပြိုကျပြီး မြေပုံဘ၀၊ တောင်ပို့ဘ၀ရောက်ရှိနေတဲ့ ခြုံနွယ်ပိတ်ပေါင်းကြားထဲက ဘုရားကိုကျတော့ တောင်ပို့လား ဘုရားလား ခွဲခြားရ ခက်သွားပြီပေါ့။ ခွဲခြားရခက်လို့လဲ တောင်ပို့ကိုဘုရားထင်၊ ဘုရားကို တောင်ပို့လို့ မြင်တဲ့သူတွေ ပေါများနေတာပေါ့။။ အဲဒီလို အထင်မှားအမြင်မှားခြင်းကို သညာဝိပလ္လာသ (အမြင်ဖောက်ပြန်ခြင်း)လို့ ခေါ်တယ်။ အင်္ဂလိပ်လိုတော့ Hallucination ပေါ့။

ဒါပေမဲ့ လူမှန်ရင် အသိဥာဏ်ရှိရမယ်။ ဟုတ်၏ မဟုတ်၏ နားလည်ရမယ်။ ဖြစ်သင့်မဖြစ်သင့် ဆန်းစစ်နိုင်ရမယ်။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့သူဟာ လူညံ့သက်သက်ဘဲ။ လူမှန်ရင် တောင်ပို့နှင့်ဘုရားလောက်တော့ ခွဲခြားသိထားသင့်တာပေါ့။ တူသလိုရှိပေမဲ့ မတူကြပါဘူး။ ဘုရားမှာ ဘုရားရဲ့ အင်္ဂါအချက်အလက်တွေရှိမယ်။ တောင်ပို့မှာလဲ တောင်ပို့ရဲ့ အင်္ဂါအချက်အလက်တွေရှိမယ်။ အပွေးမြင်ရုံနှင့် အပင်သိအောင် ကြိုးစားသင့်တာပေါ့။ အပေါ်ယံ ရှပ်ကြည့်ပြီး ဒါကတော့ ဘုရားဘဲဆိုပြီး မျက်စိမှိတ်ကိုးကွယ်ရင်တော့ ၀ါဝါမြင်တိုင်း ရွှေအစစ်လို့ ထင်နေသူနှင့် ဘာထူးတော့မှာလဲ။

ခေတ်ကာလအခြေအနေအရ လောကမှာ တောင်ပို့တွေ အများကြီးဘဲ။ များလိုက်သမှ လက်ညိုးထိုးမလွဲဘူး။ ကြိုက်တဲ့နေရာ လက်ညိုးထိုးလိုက်ပါ။ အဲဒီနေရာမှာ တောင်ပို့တွေရှိနေတယ်။ ဒါပေမဲ့ Hallucination ရဲ့ အစွမ်းသတ္တိကြောင့် တောင်ပို့တွေက ဘုရားနေရာ ယူထားကြကုန်ရော။ အဲဒါဟာ တောင်ပို့ကြီး သွားပြီးပူဇော်မနေနဲ့ လို့ ပြောတဲ့သူရှိတာတောင်မှ ဒီကောင်မဟုတ်တာတွေလျောက်ပြောနေတယ်၊ အဲဒါ ဘုရားမှ ဘုရားအစစ် ဆိုပြီး ဇွတ်တင်းခံတဲ့သူတွေရှိနေလေတော့ တောင်ပို့တွေ အတော်များများလဲ အလိုလို ဘုရားအဖြစ် ရောက်ကြကုန်ရောပေါ့။ အတော်လေးကြာမှ အဲဒီဘုရားထဲက ဖွတ်တစ်ကောင် ထွက်လာရော။ အဲဒီတော့မှ ဘုရားမဟုတ်မှန်းသိသွားကြတယ်။

ခက်တာက ဖွတ်ထွက်လာတာကို တွေ့တာတောင်မှ တောင်ပို့မှန်းမသိကြတဲ့သူတွေ ဒုနဲ့ဒေး ရှိနေတာကိုဘဲ။ အဲဒီ လူတွေကမှ တကယ့်လူညံ့တွေပါ။ သူတို့နှင့်နှိုင်းယှဉ်ရင် ဖွတ်ထွက်လာမှ တောင်ပို့မှန်းသိတဲ့သူတွေကမှ တော်ဦးမယ်။  လူတွေဆိုတာကလဲ အတ္တစွဲ မာနစွဲ ဥပါဒါန်အစွဲ ယုံကြည်မှုအစွဲ အတော်လေးပြင်းထန်ကြတာကလား။ အဲဒီလို အယူစွဲမှုတွေကြောင့်လဲ လောကမှာ တောင်ပို့ကနေ ဘုရားနေရာ တက်ယူထားကြတဲ့သူတွေ များပြားနေကြတာပါဘဲ။ ဒါပေမဲ့ နောက်ဆုံးတော့လဲ ဘုရားဟာ ဘုရား၊ တောင်ပို့ဟာ တောင်ပို့ပါဘဲလေ။

ဒါဖြင့် အင်္ဂါမောင်တို့ကကော ဘယ်လိုလူအမျိုးအစားထဲ ပါဝင်နေလဲ။ အပွေးမြင်ရုံနှင့် ဘုရားနှင့်တောင်ပို့ကို ခွဲခြားသိတဲ့ လူတွေထဲပါသလား၊ ဖွတ်ထွက်လာမှ တောင်ပို့မှန်းသိတဲ့ သူတွေထဲ ပါဝင်နေသလား။ ဒါမှ မဟုတ် ဖွတ်ထွက်လာတာတောင်မှ တောင်ပို့မှန်းမသိတဲ့ သူတွေထဲ ပါဝင်နေသလား။ စဉ်းစားရတော့ ခပ်ကြပ်ကြပ်ပါဘဲ။  

.

No comments: