Monday 8 August 2011

ယူကေမှာ ထူတဲ့ သီတဂူ

ဒီနေ့ အပြင်ထွက်ဖြစ်သည်။ မိုးလေ၀သ ကြေငြာချက်အရ မိုး တစ်ပြောက်ပြောက် ရွာနိုင်သည်ဆိုသော်လည်း  နေသာနေသည်။ မိုးရိပ်မိုးယောင်မျှပင် မရှိ။ အထူးစပါယ်ရှယ် စာရင်း မ၀င်ပေမဲ့ ပင့်ဖိတ်ထားသည်ဆိုတော့ သွားရပေမည်။ ပထမ ကိုသူရိန်အုန်းမြင့် လာခေါ်မည်ဆို၍ စောင့်သေးသည်။ ကိုသူရိန်အုန်းမြင့်လည်း သူ သွားမည့်နေရာသို့ သွားမည်။ ကားပေါ်မှာ ပစ္စည်းတွေ အများအပြား သယ်ဆောင်သွားရမည် ဆိုပြီး လာမကြိုတော့ပေ။ ကိုဟန်လင်း လာခေါ်မည် ဆိုပြန်၍ ထပ်စောင့်သည်။ ရောက်မလာ။ ထို့ကြောင့် ကားမှတ်တိုင်ထိ လမ်းလျှောက်ပြီး  H91 ဘတ်စ်ကားဖြင့် သွားလိုက်သည်။ မိနစ် ၃၀ လောက်စီးပြီး ထို နေရာသို့ ရောက်သည်။ ထိုနေရာမှာ Chiswick townhall ဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီး လာရောက်ပြီး ယူကေမှာ အဖွဲ့အစည်း တစ်ခု ဖွဲ့သည်။ ထိုအဖွဲ့အစည်း စတင်ဖွဲ့စည်းပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖို့ ထိုနေရာသို့ သွားခြင်းဖြစ်သည်။ အဖွဲ့အစည်း နာမည်မှာ Sitagu International Missionary Trust (SIMT) ဟူ၍ ဖြစ်သည်။ ထို ဟောခန်း၌ပင် နေ့ဆွမ်းဘုဉ်းပေးရသည်။ ပင့်သံဃာ ၉ ပါး ပင့်ထားသည်ဟု သိရသော်လည်း ၇ ပါးသာ ကြွသည်။ သီဟိုဠ်ဘုန်းကြီးနှင့် မိုးကုတ်ကျောင်းမှ ဘုန်းကြီး မကြွပေ။ သီတဂူဆရာတော် ဦးဥာဏိဿရ၊ ဘာမင်ဂမ်ဆရာတော် ဦးဥတ္တရဥာဏ၊ လန်ဒန်ဝိဟာရဆရာတော် ဦးကုသလ၊ မြောင်းမြဆရာတော် ဦးဇနက၊ အောက်စ်ဖို့ဆရာတော်ကျောင်းမှ ဦးနန္ဒ၊ သန္တိသုခကျောင်းမှ သူနှင့် ဦးခေမာ။ စုစုပေါင်း ၇ ပါးသာ ကြွလာသည်။ ဒကာဒကာမများမှာမူ ဟောခမ်းအပြည့် ဖြစ်သည်။

နေ့ဆွမ်းကို ၁၁ နာရီမှာ ကပ်လှူပြီး အခမ်းအနားကို နေ့လည် ၁ နာရီမှာ စသည်။ အခမ်းအနားမှူး ဒေါက်တာ ကျော်မြင့်ဦးဖြစ်သည်။ ၄င်းမှ ထိုအဖွဲ့အစည်းအကြောင်းနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်၌ ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ သီတဂူဆေးရုံများ အကြောင်း ရှင်းပြသည်။ ဒေါက်တာ သိန်းမြင့်မှလဲ သီတဂူဆရာတော်၏ အာယုဒါနဆေးရုံအကြောင်းနှင့် မျက်စိရောဂါကုသပေးသည့် အစီအစဉ်အကြောင်း ရှင်းပြသည်။ ဒေါက်တာ ချစ်ကိုကိုမှ သီတဂူဆရာတော်၏ ရန်ကုန်မှ သီတဂူစင်တာ ဖွင့်ပွဲကို ပရိုဂျက်တာ၊ ဗီဒီယို မှတ်တမ်းဖြင့် ပြသပေးသည်။ ထိုအဖွဲ့အစည်းသို့ မိမိတို့ တတ်စွမ်းသမျှ ကုသိုလ်ဒါန ပါဝင်နိုင်ကြောင်း အခမ်းအနားမှူးမှ ရှင်းပြသည်။ ထို့နောက် သီတဂူဆရာတော်က အင်္ဂလိပ်ဘာသာဖြင့် တစ်နာရီကျော်ကြာ တရားချီးမြှင့်သည်။ ထို အခမ်းအနားသို့ အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်သည်ကို တွေ့ရသည်။  ညနေ သုံးနာရီခွဲခန့်၌ အခမ်းအနား  ပြီးစီးအောင်မြင်သည်။

အပြန်လမ်း၌ မိုးရွာသည်။ သဲသဲမဲမဲ ရွာသည်။ သို့သော် သူ မိုးမမိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သန္တိသုခ ကျောင်းဒကာကြီး ဒေါက်တာစိုးလွင်မှ သူ့ကားဖြင့် ဟောခမ်းမှ သန္တိသုခကျောင်းအရောက် ယာဉ်အလှူ ပြုလုပ်သောကြောင့် ဟူလို။ ။

သီတဂူဆရာတော်ဘုရားသည် သြဂုတ်လ ၅ ရက်နေ့၌ မြန်မာနိုင်ငံမှ တစ်ဆင့် လန်ဒန်သို့ ရောက်လာပြီး သြဂုတ်လ ၉ ရက်နေ့၌ ပြန်ကြွသွားသည်။ မြန်မာနိုင်ငံသို့ ပြန်ကြွခြင်းကား မဟုတ်။ အမေရိကားသို့ ကြွသွားခြင်းပင်ဖြစ်၏။ 

အဖွဲ့အစည်း၏ ရည်ရွယ်ချက်များကို သိရှိလိုပါက ဓါတ်ပုံပေါ် ကလစ်လုပ်ပြီး ချဲ့ကြည့်ကြပါကုန်။  ။

...

No comments: