Wednesday 17 October 2012

ဘယ်သီလလဲ?

စာရေးသူတို့ ကျေးလက်ဒေသတွေမှာ လူလတ်ပိုင်း လူကြီးပိုင်းတွေ ဥပုသ်နေ့တွေရောက်တိုင်း ဥပုသ်သီလယူပြီး ဘုန်းတော်ကြီးကျောင်းမှာဘဲ ညအိပ်လေ့ရှိပါတယ်။ အထူးသဖြင့်တော့ သင်္ကြန်ကာလဆိုရင် သင်္ကြန်အကြိုနေ့ကစပြီး ဘုန်းတော်ကြီးကျောင်းမှာ ရှစ်ပါးသီလယူပြီး ကျောင်းအိပ်ကျောင်းစား ဥပုသ်ဆောက်တည်လေ့ရှိကြပါတယ်။ သင်္ကြန်ပြီးလို့ နှစ်ဆန်း နှစ်ရက်နေ့ရောက်မှ ဥပုသ်ထွက်ကြပါတယ်။

အဲဒီ သင်္ကြန်ကာလက စတင်ပြီး လပြည့် လကွယ် ဥပုသ်နေ့တိုင်း ဥပုသ်ဆောက်တည်လာကြာတာဟာ တန်ဆောင်မုန်း လပြည့်နေ့ ဥပုသ်စောင့်ပြီး လပြည့်ကျော်တစ်ရက်နေ့ ဥပုသ်ထွက်တော့မှဘဲ ဥပုသ်က အနားယူလေ့ရှိကြပါတယ်။ ဆောင်းကာလမို့ အေးလွန်းလို့ ဥပုသ်ရှောင်ကြတဲ့ သဘောပါဘဲ။ တန်ခူးလ သင်္ကြန်ရောက်ရင်တော့ ဥပုသ်ပြန်စကြတာပေါ့။

စာရေးသူတို့ဘက်က ရွာတွေမှာ ဘုန်းတော်ကြီးကျောင်းတွေအတွက် မနက်အရုဏ်ဆွမ်းကို ဒကာမတွေ တန်းစီပြီး မနက် ခြောက်နာရီလောက်မှာ  နေ့စဉ်ပို့ပါတယ်။ ဆွမ်းပို့ ငါးပါးသီလ ယူပြီးမှ ဘုန်းတော်ကြီးကျောင်းကနေ ပြန်ကြတာပါ။ ပြီးတော့ နေ့ဆွမ်းအတွက်လဲ ထပ်ပြီး လာပို့ကြပါသေးတယ်။ နေ့ဆွမ်းကိုတော့ သူတို့အဆင်ပြေသလို ထမင်းဟင်းကျက်တဲ့အချိန် လာပို့ကြပါတယ်။ မနက်အရုဏ်ဆွမ်းလိုတော့ တန်းစီပြီး မလာကြဘူးပေါ့။ အဲဒီလို ဆွမ်းပို့လာတဲ့အခါမှာ သူတို့ဖာသာ သူတို့ အဆင်ပြေသလို ဘုရားရှိခိုးပြီး ဆွမ်းတော်တင်သွားလေ့ရှိပါတယ်။

ဥပုသ်နေ့ဆိုရင်တော့ ဥပုသ်စောင့်မဲ့ ဥပုသ်သည်တွေနဲ့အတူ မနက်အရုဏ်ဆွမ်းလာပို့တဲ့ ဒကာမတွေ ဥပုသ်သီလ (ရှစ်ပါးသီလ) ယူကြပါတယ်။ ဥပုသ်သည်တွေကတော့ ဥပုသ်တစ်နေ့လုံးအတွက် ရှစ်ပါးသီလ ယူကြပေမဲ့ ဆွမ်းလာပို့တဲ့ ဒကာမတွေကတော့ တစ်ထိုင် ဥပုသ်သီလပေါ့။ အဲဒီလို သီလယူပြီးတဲ့ အချိန်ကစပြီး ဥပုသ်သည်တွေဟာ အိမ်ကို မပြန်ကြတော့ပါဘူး။ ဘုန်းတော်ကြီးကျောင်းမှာဘဲ တစ်နေကုန်နေကြပါတယ်။ ညအိပ်ပါတယ်။ အမျိုးသားဥပုသ်သည်တွေက ဘုန်းကြီးကျောင်းဆောင်ပေါ်မှာ အိပ်ပြီး အမျိုးသမီးဥပုသ်သည်တွေကတော့ စရပ်မှာ အိပ်ကြပါတယ်။ နောက်တစ်နေ့ မနက်ပိုင်းမှ ဥပုသ်ထွက်ကြပါတယ်။ ရွာထဲက အပျိုလူပျိုတွေ ချက်ကျွေးတဲ့ ဥပုသ်ဆွမ်းစား၊ အပျိုလူပျိုတွေကို ဆုပေးပြီးမှ ဘုန်းတော်ကြီးကျောင်းကနေ အိမ်ကို ပြန်လေ့ရှိကြပါတယ်။

ဥပုသ်သည်တွေရဲ့ သက်ဆိုင်ရာသားသမီးတွေက သူတို့ရဲ့ မိဘတွေအတွက် နေ့လည်စာလာပို့ကြပါတယ်။ အိပ်ယာလိပ်လဲ လာပို့ကြပါတယ်။ ဥပုသ်တွေဟာ ညနေဘက်မှာလဲ ဥပုသ်သီလ ထပ်ပြီး ခံယူလေ့ရှိပါတယ်။ အခန့်သင့်ရင်သင့်သလို ဘုန်းတော်ကြီးက တရားဟောလေ့ရှိပါတယ်။

တစ်ခါတစ်ခါတော့လဲ ဘုန်းတော်ကြီးကျောင်းပေါ်က အမျိုးသားဥပုသ်သည်တွေရဲ့ စကားပြောသံ၊ တရားရွတ်ဖတ်သံ၊ အိပ်ဟောက်သံတွေ ကြားရတတ်ပါတယ်။ ထို့အတူ စရပ်ပေါ်က အမျိုးသမီး ဥပုသ်တွေဆီကလဲ အဲဒီအသံမျိုးတွေ ကြားရတတ်ပါဘဲ။ တစ်ချို့လဲ တရားထိုင် ပုတီးစိပ်လေ့ရှိပါတယ်။ ဥပုသ်နေ့ရောက်မှဘဲ ရွာထဲက လူကြီးပိုင်းတွေ ဘုန်းကြီးကျောင်းမှာ လာဆုံကြတာဆိုတော့ စကားပြောကြတာကတော့ အဆန်းမဟုတ်တော့သလိုပေါ့။

အဲဒီအကြောင်းလေးတွေ စဉ်းစားမိတိုင်း မှန်ကင်းဆရာတော် ရေးထားတဲ့ စာအုပ်ထဲက သီလလေးမျိုးကို သတိရနေမိတယ်။ ဥပုသ်သည်တွေအတွက် မှတ်သားစရာ ကောင်းပါတယ်။

သီလလေးမျိုး
၁။ဟာနဘာဂိယသီလ
ဥပုသ်သီလခံယူပြီး သားသမီးအကြောင်း ယောက်ျားမိန်းမအကြောင်း ထမင်းဟင်းအကြောင်း လုပ်ငန်းအကြောင်း စတဲ့ မဂ်ဖိုလ်ရဲ့ ဆန့်ကျင်ဘက်စကားတွေနဲ့ အချိန်ကို ကုန်လွန်စေတဲ့ သီလ။

၂။ဌိတိဘာဂိယသီလ
ဥပုသ်သီလခံယူပြီး ကမ္မဋ္ဌာန်းတရား အားမထုတ်ဘဲ သီလတည်ရုံလေးဖြင့် ကျေနပ်နေပြီး အချိန်ကို ကုန်လွန်စေတဲ့ သီလ။

၃။ဝိသေသဘာဂိယသီလ
ဥပုသ်သီလခံယူပြီး ကမ္မဋ္ဌာန်းလေးဆယ်ထဲက ကမ္မဋ္ဌာန်းတစ်ခုခုကို အားထုတ်ပြီး အချိန်ကို ကုန်လွန်စေတဲ့ သီလ။

၎။နိဗ္ဗေဓဘာဂိယသီလ
ဥပုသ်သီလခံယူပြီး ကမ္မဋ္ဌာန်းတရား အားထုတ်သဖြင့် တည်ကြည်မှု သမာဓိရရှိပြီး ထိုသမာဓိကို အခြေပြု၍ ခန္ဓာငါးပါးတို့၌ ငြီးငွေ့သဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ လက္ခဏာလေးသုံးပါးသို့ တင်ပြီး ဥာဏ်ဖြင့် ဆင်ခြင်ကာ အချိန်ကို ကုန်လွန်စေတဲ့ သီလ။

လင်္ကာ။
ဟာ ဌိ ၀ိ နိဗ်၊  လေးမျိုးစိပ်၊ တစ်ဆိတ်မှတ်ကြပါ။
သီလလေးမျိုး၊ ချိန်ကာထိုး၊ ပွါးတိုးဘာဝနာ။ (အင်္ဂါမောင်)

ကဲ...
ဥပုသ်သီတင်းသီလ ယူထားကြတဲ့ သူတော်ကောင်း ဥပုသ်သည် အမျိုးသား အမျိုးသမီးများ... မိမိတို့အနေနဲ့ အထက်က ဥပုသ်လေးမျိုးထဲက ဘယ်ဥပုသ်မျိုးနဲ့ ဥပုသ်ဆောက်တည် နေကြသလဲဆိုတာ ချိန်ထိုးကြည့်ကြပေါ့။ တတိယနှင့်စတုတ္ထထဲ ပါဝင်နေပြီဆိုရင်တော့ သာဓု အကြိမ်များစွာ ခေါ်ဆိုကြရမှာပါ။

အားလုံးကျန်းမာချမ်းသာ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အရှင်ဇနက (အင်္ဂါမောင်)
၁၇.၁၀.၂၀၁၂ ဗုဒ္ဓဟူးနေ့

.
ကိုးကား။
မှန်ကင်းဆရာတော်
(အရှင်ဝါယမိန္ဒတည်းဖြတ်)
ပဋိပတ်ကျင့်စဉ်နှင့်သဘာဝတ္ထဒီပနီကျမ်း
စာ၊ ၂၄-၂၅


.

No comments: