Thursday 27 September 2012

ကျိုးပေါက်ပြောက်ကြား

 လူဝတ်ကြောင်များအနေဖြင့် ငါးပါးသီလကို မကျိုး မပေါက် မပြောက် မကြားဘဲ ထိန်းသိမ်းနိုင်လျှင် သီလစင်ကြယ်ပြီး ဘ၀သံသရာအတွက် စိတ်အေးရမည်ဖြစ်ပါသည်။ သီလစင်ကြယ်လျှင် စိတ်တည်ကြည်နိုင်ပါသည်။ စိတ်တည်ကြည်နေတဲ့ သူအတွက် အမှန်တရားကို သိရှိဖို့ရန် လွယ်ကူသွားပါသည်။ ထို့ကြောင့် ငါးပါးသီလကို မကျိုး မပေါက် မပြောက် မကြားအောင် ထိန်းသိမ်းကြပါကုန်။ ။

ကျိုး
ငါးပါးသီလထဲမှ အစဆုံး သီလနှင့် နောက်ဆုံး သီလ ပျက်လျှင် သီလကျိုးသည်ဟု ခေါ်ပါသည်။ (ပါဏာတိပါတနှင့်သုရာမေရယသိက္ခာပုဒ်)

ပေါက်
အလယ်သီလ ပျက်လျှင် သီလပေါက်သည်ဟု ခေါ်ပါသည်။
(ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်)

ပြောက်
တစ်ခုခြား သီလပျက်လျှင် သီလပြောက်(အစက်အပြောက်ဖြစ်)သည်ဟု ခေါ်ပါသည်။
(ပါဏာတိပါတ+ကာမေသုမိစ္ဆာစာရ+သုရာမေရယသိက္ခာပုဒ်) သို့မဟုတ် (အဒိန္နာဒါန+မုသာဝါဒသိက္ခာပုဒ်)

ကြား
နှစ်ခု သုံးခုစီ သီလပျက်လျှင် သီလကြားသည်ဟု ခေါ်ပါသည်။
(ပါဏာတိပါတ၊အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်+ မုသာဝါဒ၊ သုရာမေရယသိက္ခာပုဒ်) သို့မဟုတ်
(ပါဏာတိပါတ၊အဒိန္နာဒါန+ ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်၊ မုသာဝါဒ၊ သုရာမေရယသိက္ခာပုဒ်)

လင်္ကာ။
ငါးပါးသီလ၊ စောင့်ထိန်းမှ၊ ဘ၀ချမ်းသာမှာ။
ကျိုးပေါက်ပြောက်ကြား၊ ထိုလေးပါး၊ ရှောင်ရှားကြလေရာ။
စ-ဆုံး ပျက်လျှင်၊ ကျိုးသည်ပင်၊ ခေါ်တွင်မှတ်ကြရာ။
အလယ်ပျက်က၊ ပေါက်ပြဲရ၊ မုချမှတ်စရာ။
တစ်ခုခြားပျက်၊ ပြောက်ပတ်ထွက်၊ လေးနက် စဉ်းစားပါ။
နှစ်ခုသုံးခု၊ လွန်ကြူးပြု၊ ကြားမှုမှတ်သေချာ။
သီလငါးပါး၊  စောင့်ထိန်းငြား၊ ရောက်ငြား ဘုံဒေ၀ါ။ (အင်္ဂါမောင်)


ငါးပါးသီလ အမြဲစောင့်ထိန်းခြင်းဖြင့် ဘ၀ကို မြှင့်တင်ကြပါစို့။


ကိုးကား။
ဗန်းမော်ဆရာတော်အရှင်ကုမာရာဘိဝံသ၏ "အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးဖွင့် တရားတော်"
ဗုဒ္ဓသာသာသနာ နှစ် ၂၆၀၀ ပြည့်အထိမ်းအမှတ်တရား။

.

No comments: