Thursday 7 February 2013

စေတီပုထိုး ရောင်ခြည်တော် လွှတ်ခြင်း မလွှတ်ခြင်း

 ဗုဒ္ဓဘာသာမြန်မာလူမျိုးမှန်ရင် ကြားဖူးကြပါလိမ့်မယ်။ ဘယ်ရွာက စေတီပုထိုး ရောင်ခြည်တော် လွှတ်တာတဲ့။ ဘယ်ကျောင်းက စေတီတော်ကြီးကတော့ ရောင်ခြည်တော်လွှတ်တာ ထိန်လင်းနေတာဘဲ။ စသဖြင့်ပေါ့။ 

အဲဒီလို ရောင်ခြည်တော်လွှတ်တဲ့ စေတီပုထိုးဆို လူတွေရဲ့ ယူဆချက် (Concept) အရ တန်ခိုးကြီးဘုရားလို့ သတ်မှတ်လိုက်ကြတာ မဟုတ်လား။ လူတွေ အများအပြား သွားရောက်ပြီး ဘုရားဆွမ်းတင်လေ့ရှိကြတယ်။ ပန်းတွေ သောက်ရေတွေ ကပ်လှူလေ့ရှိကြတယ်။ ပြီးတော့ ထုံးစံအတိုင်း ဆုတောင်းကြတာပေါ့။ တန်ခိုးကြီးတဲ့ နာမည်ကြီးတဲ့ ဘုရားကိုမှ ကိုးကွယ်ချင်ကြတာ ဖက်ရှင်တစ်ခုတောင် ဖြစ်နေကြပြီ မဟုတ်လား။ ရောင်ခြည်တော်လွှတ်တဲ့ ဘုရားဆိုရင်တော့ ကြိတ်ကြိတ်တိုးပေါ့။

ဒီလို ရောင်ခြည်တော် လွှတ်တယ်ဆိုတဲ့ နေရာမှာ စေတီပုထိုးတိုင်း ရောင်ခြည်တော် လွှတ်တတ်ပါသလား။ ဒါမှမဟုတ် ဘယ်လိုစေတီပုထိုးတွေမှာမှ ရောင်ခြည်တော် လွှတ်လေ့ ရှိပါသလဲ။ ပြီးတော့ ဘယ်လို အခါမျိုးမှာ လွှတ်လေ့ရှိပါသလဲ။ ဒီအကြောင်းတွေကို မိလိန္ဒပဥှာမှာ အတိအလင်း ဖော်ပြထားပါတယ်။ မိလိန္ဒမင်းကြီးက မေး၊ ရှင်နာဂသေနက ဖြေပေါ့။ ဗဟုသုတဖြစ်ဖွယ် အများအပြား အဲဒီ ကျမ်းဂန်ထဲမှာ ပါရှိတယ်။ အထူးသဖြင့် ဘုရားဟောနဲ့ ပတ်သက်ပြီး လူအတော်များများ မရှင်းလင်းတဲ့ ပြဿနာတွေကို အဲဒီ မိလိန္ဒပဥှာထဲမှာ ဖြေရှင်းပြထားတယ်။

စေတီပုထိုး ရောင်ခြည်လွှတ်တာနဲ့ ပတ်သက်ပြီး အဲဒီမိလိန္ဒပဥှာအထဲမှာ ရှင်းပြထားတာကတော့  စေတီပုထိုးတွေ ရောင်ခြည်တော် လွှတ်တာဟာ အကြောင်း သုံးမျိုးဘဲ ရှိတယ်တဲ့။

၁။ ရဟန္တာပုဂ္ဂိုလ်များက လူတွေ နတ်တွေကို အစဉ်သနားတဲ့အတွက် လူနတ်တွေ ကုသိုလ်တရား တိုးပွါးစေဖို့ ဤမည်သော စေတီပုထိုးမှာ ဤမည်ဤမည်သော ရောင်ခြည်တော် (တန်ခိုးပြာဋိဟာ) ဖြစ်ပေါ်စေသတည်း ဆိုပြီး အဓိဋ္ဌာန်လိုက်ရင်လဲ အဲဒီ ရဟန္တာအရှင်သူမြတ် အဓိဋ္ဌာန်ထားတဲ့ စေတီပုထိုးမှာ ရောင်ခြည်တော် လွှတ်လေ့ ရှိသတဲ့။

၂။ နတ်တို့က လူတွေကို အစဉ်သနားတဲ့အတွက် လူအများ ကုသိုလ်တိုးပွါးစေဖို့ ဤမည်သော စေတီပုထိုးမှာ ဤမည်ဤမည်သော ရောင်ခြည်တော် (တန်ခိုးပြာဋိဟာ) ဖြစ်ပေါ်စေသတည်း ဆိုပြီး အဓိဋ္ဌာန်လိုက်ရင်လဲ အဲဒီ နတ် အဓိဋ္ဌာန်ထားတဲ့ စေတီပုထိုးမှာ ရောင်ခြည်တော် လွှတ်လေ့ရှိသတဲ့။

၃။ ရတနာသုံးပါး၌ ယုံကြည်မှုသဒ္ဓါ အားကောင်းသော၊ ပညာရှိသော၊ လိမ်မာသော၊ အသိဥာဏ်နဲ့ ပြည့်စုံသော ယောက်ျား ဖြစ်စေ မိန်းမ ဖြစ်စေ သင့်တင့်စွာ ကြံစည်၍ နံ့သာ ပန်း အ၀တ် စသည် တစ်ခုခုသော လှူဖွယ်ဝတ္ထုကို ဘုရားစေတီ၌ ကပ်လှူပြီး ဤမည် ဤမည်သော ရောင်ခြည်တော် (တန်ခိုးပြာဋိဟာ)သည် ဖြစ်ပေါ်စေသတည်းဟု အဓိဋ္ဌာန်ပြီး ထို လှူဖွယ်ပစ္စည်းတစ်ခုခုကို စေတီပုထိုး၌ တင်လိုက်ရင်လဲ အဲဒီ အဓိဋ္ဌာန်ကြောင့် စေတီပုထိုးမှာ ရောင်ခြည်တော် လွှတ်လေ့ရှိသတဲ့။

အဲဒီ သုံးချက်ကြောင့်ဘဲ စေတီပုထိုးတွေမှာ ရောင်ခြည်တော် လွှတ်လေ့ရှိသတဲ့။ ကျန်တဲ့ ဘယ်လို အကြောင်းအရာကြောင့်မှ ရောင်ခြည်တော် လွှတ်လေ့မရှိဘူးတဲ့။ ဒီတော့ တကယ့်နာမည်ကြီး တန်ခိုးကြီးတဲ့ ရဟန္တာ အရှင်သူမြတ်တို့ရဲ့ စေတီပုထိုးပင်ဖြစ်ပစေဦး။ အထက်ပါ အဓိဋ္ဌာန်သုံးခုထဲက တစ်ခုမှ မရှိရင်တော့ ဘယ်ပုထိုးစေတီမှာမှ ရောင်ခြည်တော် လွှတ်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ရောင်ခြည်တော် မလွှတ်တဲ့ ဘုရားတွေကိုလဲ တန်ခိုးမကြီးဘူးလို့ ယူဆလို့ ရမှာ မဟုတ်ပါဘူး။ 

ချုပ်ပြောရရင်တော့  နာမည်ကြီးစေတီပုထိုးဖြစ်စေ နာမည်မကြီးတဲ့ စေတီပုထိုးဖြစ်စေ၊ ရောင်ခြည်တော်လွှတ်တဲ့ စေတီပုထိုးဖြစ်စေ၊ ရောင်ခြည်တော် မလွှတ်တဲ့ စေတီပုထိုးဖြစ်စေ ပုထိုးစေတီမှန်သမျှကို  စစ်မှန်တဲ့ သဒ္ဓါတရားနဲ့ ချီးမြှောက်ပူဇော်ကြမယ်ဆိုရင်တော့ အကျိုးကျေးဇူးကတော့ အတူတူဘဲ ဖြစ်မှာ သေချာပါတယ်။ ကုသိုလ်ရတာ မရတာက တန်ခိုးကြီးဘုရား ရောင်ခြည်တော်လွှတ်တဲ့ဘုရား စတာတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ မိမိစိတ်ထဲက ရတနာသုံးပါးကို ယုံကြည်မှု အပြည့်ရှိနေတဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကသာ ကုသိုလ်တရားတွေကို တိုးပွါးစေပါလိမ့်မယ်ဆိုတဲ့ အကြောင်း မိလိန္ဒပဥှာထဲက ဖတ်ဖူးသမျှလေးကို တစ်ဆင့် ဖောက်သည်ချလိုက်ပါတယ်။ ။

ကိုးကား။
စေတိယပါဋိဟာရိယပဥှာ (မိလိန္ဒပဥှာ၊ စာ၊ ၂၉၈ )

Photo..
From here by courtesy of Google search

.

No comments: