Wednesday 30 January 2013

အံ့သြဖွယ် မွေးမွေးချင်း စကားပြောခဲ့ကြသူများ

  မွေးဖွားလာတဲ့ ကလေးတွေရဲ့ ကံအကျိုးပေးအရ မိဘတွေမှာ စီးပွါးဖြစ်ထွန်းတတ်တာ စီးပွါးအဆင်မပြေတတ်တာ  ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့်မို့လဲ ကလေးမွေးပြီးမှ စီပွါးတက်လာတဲ့ မိသားစုတွေအနေနဲ့ “ဒီကလေးဟာ ရွှေအိုးထမ်းမွေးဖွားလာတဲ့ကလေး” ဆိုပြီး ပြောလေ့ပြောထရှိကြပါတယ်။  ဒါပေမဲ့ ကလေးမွေးပြီးတဲ့အချိန်ကစပြီး စီးပွါးရေးတွေ ကျဆင်းပြီး ဆုံးရှုံးလာရင်တော့ “ဒီကလေးဟာ ဂြိုဟ်ကောင်လေးဘဲ။ တော်တော့်ကို ဂြိုဟ်မွှေတယ်” စသဖြင့် အပြစ်တင်တတ်ကြပြန်ရော။ အဲဒီလို ကလေးတွေမွေးဖွားပြီးမှ စီးပွါးတက်တာ စီးပွါးကျတာတွေဟာ အဲဒီကလေးက မွေးမွေးချင်း စကားပြောတဲ့ သဘောပါဘဲ။ ပါးစပ်နဲ့ မပြောပေမဲ့ သူ့ကို မွေးဖွားပြီးမှ မိသားစုအခြေအနေ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာဟာ တနည်းနည်းနဲ့ စကားပြောသလိုပါဘဲ။  

အဲဒီလို မွေးဖွားပြီး မိသားစုပြောင်းလဲမှု ဖြစ်စဉ်ကို ကြည့်ပြီး ကလေးက စကားပြောတယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ တကယ့်ကို မွေးမွေးချင်း ပါးစပ်နဲ့ စကားပြောခဲ့တဲ့သူ သုံးယောက် လောကကြီးမှာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သုံးယောက်ဆိုပေမဲ့ အတူပြုလိုက်တဲ့အခါမှာတော့ တစ်ယောက်ထဲလို့ ပြောရင်လဲ ရပါတယ်။ အဲဒီသုံးယောက်လုံးကတော့ ဂေါတမမြတ်ဗုဒ္ဓဖြစ်လာမဲ့ မဟောသဓာမင်းသား၊ ဝေဿန္တရာမင်းသားနှင့် သိဒ္ဓတ္ထမင်းသားတို့ပါဘဲ။ ဒါကြောင့် သုံးယောက်ဆိုပေမဲ့ တစ်ယောက်ထဲလို့ ပြောရင်လဲ ရပါတယ်လို့ ဆိုလိုတာပါ။

မွေးဖွားချင်းချင်း စကားပြောတယ်ဆိုတာ ပါရမီရှင်တွေမှ ဖြစ်နိုင်တဲ့ ကိစ္စပါ။ ဘုရားဖြစ်တော်စဉ်တွေထဲက ဘုရားအလောင်းဘ၀တွေမှာ မွေးဖွားချင်းချင်း စကားပြောဆိုခဲ့တာ သုံးဘ၀တိတိ ရှိခဲ့ပါတယ်။

မဟောသဓာမင်းသားဘဝ
မဟောသဓာမင်းသားလေးဟာ မွေးစဉ်ကထဲက လက်ထဲမှာ ဆေးလုံးလေး ဆုပ်ကိုင်ပြီး မွေးဖွားလာတာပါ။ အဲဒါကို သူ့အမေဖြစ်တဲ့ သုမနဒေ၀ီက “သားငယ် လက်ထဲမှာ ဘာတွေ ဆုပ်ကိုင်ထားတာလဲ" လို့ မေးသတဲ့။ အဲဒီအခါ မင်းသားလေးက “အမေ.. ဒါဟာ နတ်ဆေးလုံးလေးပါ။ ယူဆောင်ပြီး အနာရောဂါရှိသူတို့ကို သွေးပြီးလိမ်ပေးပါ။ အနာရောဂါများ တကယ် ပျောက်မယ်လို့ အာမခံတယ်” လို့ ပြန်ဖြေသတဲ့။

ဝေဿန္တရာမင်းသားဘဝ
ဝေဿန္တရာမင်းသားလေးဟာ သူ့ကိုမွေးဖွားပြီးပြီးချင်း လက်ကလေး ဖြန့်ပြီးတော့  သူ့အမေဆီမှာ “မယ်တော်… မယ်တော်ဆီမှာ ဘာများ ပေးစရာရှိတုန်း” လို့ တောင်းသတဲ့။ သူက ပေးတာကမ်းတာ ၀ါသနာအလွန်ပါတဲ့သူကိုး။ ဒါကြောင့် ရပ်ကွက်ထဲမှာ အလှူရက်ရက်ရောရော လုပ်တဲ့သူ၊ ငွေတွေ ဖောဖောသီသီသုံးဖြုံးနေတဲ့သူကို “အဲဒီလူက ဝေဿန္တရာ လုပ်နေတယ်” စသဖြင့် ပြောဆိုလေ့ရှိကြတာ မဟုတ်လား။

သိဒ္ဓတ္ထမင်းသားဘဝ
သိဒ္ဓတ္ထမင်းသားဟာ သူ့ကို မွေးဖွားပြီးချင်းချင်းဘဲ ခုနစ်လှမ်းလှမ်းပြီး အောက်ပါ စကားတို့ကို ကြွေးကြော်ပြောကြားခဲ့ပါသတဲ့။
-အဂ္ဂေါ ဟ မသ္မိ လောကဿ (ငါဟာ လောကမှာ အမြတ်ဆုံး)
-ဇေဋ္ဌောဟ မသ္မိ လောကဿ (ငါဟာ လောကမှာ အကြီးမြတ်ကြီး)
-သေဋ္ဌောဟ မသ္မိ လောကဿ (ငါဟာ လောကမှာ အမွန်မြတ်ဆုံး)

 -အယ မန္တိမာ ဇာတိ  (ဒီဘ၀မှာ ငါ့အတွက် နောက်ဆုံး)
-နတ္ထိ ဒါနိ ပုနဗ္ဘဝေါ  (ဒီဘ၀ပြီးရင် ဘ၀သစ်ဆိုတာ လုံးဝ မရှိတော့)
..

စာရေးသူတို့ကတော့ မွေးမွေးချင်း အူဝဲအူဝဲ အမျိုးအစားထဲကပါဘဲ။ စကားပြောဖို့ နေနေသာသာ မွေးမွေးချင်းကို အူမ၀ဲနိုင်ကြလို့ မွေးလက်သည်တွေရဲ့ လက်ဝါးရိုက်ချက်တွေအောက် ကလေးတွေရဲ့ တင်ပါးပြင်တွေ ရောက်ခဲ့လေ့ရှိကြသေးတာ မဟုတ်လား။ စကားမပြောနိုင်သည့်တိုင် မွေးမွေးချင်း အူဝဲအူဝဲ သံကုန်ဟစ်နိုင်တယ်ဆိုရင်လဲ မဆိုးလှသေးပါဘူး။ အလောင်းတော်တွေများကတော့ ပါရမီရှင်တွေမို့ ထူးခြားကြတာ မဟုတ်လား။
အဲဒီလို သာမန်လူတို့ မပြုလုပ်နိုင်တဲ့အရာတွေကို ပြုလုပ်နိုင်စွမ်းရှိကြတဲ့ အလောင်းတော်တို့ရဲ့ ဂုဏ်ပုဒ်တွေကတော့ လေးစားပြီးရင်း လေးစားစရာကောင်းရင်းပါဘဲ။


ကိုးကား။
-အရှင်ဇနကာဘိဝံသ ၏ ပရိတ်တရားတော်များ (ဒုတိယအကြိမ်)၊ စာ၊ ၁၅၀။
-ဆက်နွယ်ရာ ဇာတကများ

****Photo from Google search 
http://en.wikipedia.org/wiki/File:Birth_of_buddha_peshawar.JPG. 

No comments: