Wednesday, 23 January 2013

နှင်းဖြစ် နှင်းတည် နှင်းပျက်

ကြည့်တတ်ရင် အားလုံး တရားသဘောတွေချည်းပါဘဲ။ ဒါပေမဲ့ တရားသဘောဆိုတာ ပြောရတာသာ လွယ်ကူတယ်။ တကယ်အတွင်းကျကျ သိဖို့က ခက်နေပြန်ရော။ ဒါကြောင့်လဲ စာရေးသူအပါအ၀င် လူသားတွေအားလုံး တကယ့်ပရမတ္ထအစစ်တွေနဲ့ ဝေးကွာနေပြီး သံသရာထဲ လူးလာ့ခေါက်တုန် ကျင်လည်နေကြတာ မဟုတ်လား။ ဒါလဲ သဘာဝကျပါတယ်။ တရားဓမ္မကို လွယ်လွယ်ကူကူနဲ့သာ ရရှိနိုင်တယ်ဆိုရင် အားလုံး အရိယာတွေချည်း ဖြစ်နေတာ ကြာရောပေါ့။

အရာဝတ္ထုတိုင်းမှာ ဥပါဒ် ဌီ ဘင် (ဖြစ် တည် ပျက်) ရှိနေကြတယ်။ တစ်ခြားကို မကြည့်နဲ့။ အခု နှင်းကျတာကိုဘဲ ကြည့်။ လွန်ခဲ့တဲ့ သောကြာနေ့ကစပြီး ဖွေးဖွေးလှုပ်အောင် ကျခဲ့တဲ့ နှင်းတွေ အခု အရည်ပျော်စပြုနေပြီ။ အဲဒါတွေကို စောင့်ကြည့်နေမိတယ်။ နှင်းကျတယ် (ဥပါဒ်)၊ နှင်းတွေမြေကြီးပေါ် သင်ဖျူးခင်းထားသလို တည်နေတယ် (ဌီ)၊ အခုနှင်းတွေ အရည်ပျော်နေပြီ (ဘင်)။ ဘာမှ မကြာလိုက်ဘူး။ မျက်စိအောက်တင်ဘဲ။ ဒါ တရားသဘောဘဲပေါ့။ အရာဝတ္ထုအားလုံး အဖြစ်သဘောရှိရင် အပျက်သဘော ရှိတယ်။ အစ သဘောရှိရင် အဆုံးသဘောရှိမယ်။ လှပနုပျိုမှုရှိရင် ရုပ်ဆိုးအိုတွမှုရှိမယ်။ အားလုံး တရားသဘောတွေချည်းပါဘဲ။

ဒီနှစ်က နဲနဲ ထူးဆန်းတယ်။ လွန်ခဲ့တဲ့ သောကြာနေ့ကထဲက ကျခဲ့တဲ့ နှင်းတွေ အရည်ပျော်နေဆဲပေမဲ့ ဒီနေ့ထိ နှင်းဖတ်ကလေးတွေ နဲနဲပါးပါး ကောင်းကင်က ကျဆင်းလာတုန်းရှိသေးတယ်။ ဒါပေမဲ့ အရမ်းတော့ မထူထပ်တော့ပါဘူး။ မြေကြီးပေါ်ရောက်တာနဲ့ ချက်ချင်း အရည်ပျော်သွားတယ်။ ဒီနေ့ ရာသီဥတုကတော့ အပူချိန် ဇီးရိုးဖြစ်လိုက် ၀မ်း ဖြစ်လိုက်ပါဘဲ။

ဘယ်လောက်ဘဲ နှင်းကျကျ။ ဘယ်နှစ်ရက်ဆက်တိုက်ဘဲ နှင်းကျကျ။ နောက်ဆုံးတော့ အရည်ပျော်ခြင်းသာ အဆုံးရှိရပါမယ်။ အမြဲတမ်း မတည်နေနိုင်ပါဘူး။ နောက်ပြီး နှင်းတွေကျလာတုန်းကတော့ ဖြူဖြူလွှလွှလေးတွေပါ။ ဒါပေမဲ့ မြေကြီးပေါ်ရောက်တော့ ယာဉ်ပေါင်းစုံဖြတ်မောင်းပြီး သတ္တ၀ါပေါင်းစုံ တက်နင်းတာ ခံရလေတော့ မဲကြုတ်ပြီး ညစ်ပေသွားကြတယ်။ နေ့ချင်းညချင်း ဆန့်ကျင်ဘက် အရောင် ပြောင်းသွားကြရတယ်။ သုက္ကနှင့်ကဏှ။ အဖြူနဲ့ အမည်းပေါ့။  ဒီလိုပါဘဲ။ လူသားတွေရဲ့ စိတ်တွေဟာလဲ စိတ်ဓါတ်တွေ သန့်ရှင်းနေသမျှတော့ အဖြူရောင်ပေါ့။ ဒါပေမဲ့ စေတသိက်ဆိုးတွေ ညှိကပ်လာပြီဆိုရင်တော့ သွားပြီ။ အကုသိုလ် ရောင်စုံတွေ အစုံအလင်ဘဲပေါ့။

အားလုံး  နှင်းဖြူဖြူလွလွလေးတွေလို စိတ်ဓါတ်တွေ ဖြူစင်နိုင်ကြပါစေ။

ဗီဒီယိုဖိုင် 

ဓါတ်ပုံများ








.

No comments: