Saturday 19 January 2013

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ဗုဒ္ဓဘာသာသို့ စိတ်ညွတ်လာခြင်း

အလုပ်လုပ်တဲ့သူတိုင်း စိတ်ပင်ပန်းမှု တနည်းနည်းတော့ ရှိတတ်ကြပါတယ်။ နဲနဲ အလုပ်လုပ်တဲ့သူက နဲနဲ စိတ်ပင်ပန်းတတ်သလို များများ အလုပ်လုပ်တဲ့သူက များများ စိတ်ပင်ပန်းမှု ရှိတတ်ကြပါတယ်။  ထို့အတူ လုပ်ငန်းအသေးစား လုပ်ကိုင်တဲ့သူ၊ ဧရာမလုပ်ငန်းကြီး လုပ်ကိုင်တဲ့သူ၊ နိုင်ငံရေးမှာ ကမ္ဘာ့ထိပ်တန်းရောက်နေသူ၊ စတဲ့ စတဲ့ သူတွေမှာလဲ အလုပ်အကိုင်သဘောတရားအတိုင်း စိတ်ပင်ပန်းမှု များစွာ ရှိတတ်ကြပါတယ်။ ဒါဖြင့်ရင် အဲဒီ စိတ်ပင်ပန်းမှုတွေကို ဘယ်လို ပြေလျော့စေမလဲ။ ပြေလျော့အောင် ဘယ်လို လုပ်ရမလဲ။

ဗုဒ္ဓဘာသာအသည်းစွဲလို့ အသံဟစ်ထားကြတဲ့ လုပ်ငန်းရှင်ကြီးတွေ နိုင်ငံရေးဝါရင့်သမားတွေ။ သူတို့ စိတ်ပင်ပန်းမှု များပြားလာတဲ့အခါ စိတ်ပင်ပန်းမှုကို ဖြေလျော့ချဖို့အတွက် အပန်းဖြေခရီးထွက်ခြင်း၊ အပျော်တမ်း ဂေါက်ကစားခြင်း၊ ပျော်ရွှင်မှု ဖွေရှာခြင်း စတဲ့ စိတ်ကျေနပ်မှုတွေနဲ့ အပန်းဖြေနေကြစဉ်မှာဘဲ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်တစ်ယောက်ကတော့ စိတ်ပင်ပန်းမှုကို ဗုဒ္ဓအလိုကျ တရားဘာဝနာပွါးများပြီး ပြေလျော့စေမယ်တဲ့။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် မင်္ဂလာသတင်းတစ်ခုပါဘဲ။ ကိုယ့်ရဲ့ပင်မဗုဒ္ဓဘာသာကို ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်က စိတ်ဝင်စားမှု ရှိလာတာဟာ ကြည်နူးဝမ်းသာစရာ မဟုတ်ပါလား။

သူဟာ နှလုံးနဲ့ ပတ်သက်ပြီး ခွဲစိပ်ခံစားရတဲ့ သူတစ်ယောက်ပါ။ အဲဒီ နှလုံးပြဿနာဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ပြီးကထဲက အသားပါတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ခဲ့ပါတယ်။ ဖာ့စ်တ်ဖု(ထ်)လို့ခေါ်တဲ့ ဘာဂါတို့ အာလူးကြော်တို့ ကြက်ကြော်တို့တို့ကို ရှောင်ရှားပြီး ဒိုက်ယက်(ထ်)ဖု(ထ်)တွေ ဖြစ်ကြတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စွဲမြဲစွာ စားသုံးနေပါတယ်တဲ့။ ဒါပေမဲ့လဲ ငါးကိုတော့ တစ်ခါတစ်ခါ စားပါသေးတယ်တဲ့။ ပြီးတော့ သူ့ရဲ့ စိတ်ဓါတ်အင်အားကို မြှင့်တင်ပေးနိုင်ဖို့နဲ့၊ စိတ်ငြိမ်းချမ်းမှုကို ပြုစုပျိုးထောင်ဖို့အတွက် သူကို သင့်လျော်စွာ တရားပြသပေးနိုင်တဲ့ တရားပြဆရာဘုန်းတော်ကြီးတစ်ပါးကိုလဲ ငှားရမ်းခဲ့ပါတယ်တဲ့။ အခုဆိုရင် သူဟာ စိတ်ဓါတ်အင်အား ကိုယ်ကာယကျင့်ခိုင်မှု (အရင်ကထက်စာရင်) ပို ရရှိလာပါပြီတဲ့။

သူဟာ အရမ်းအလုပ်များခဲ့တဲ့သူတစ်ယောက်ပါ။ အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘု(ရှ်) မတိုင်ခင် သူကိုယ်တိုင် အမေရိကန်သမ္မတအဖြစ်နဲ့ လေးနှစ်သက်တမ်း နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ပြီးတော့ အမေရိကန်စီးပွါးရေးအတွက် နိုင်ငံတကာသွားပြီး အကျိုးဆောင်ပေးခဲ့ရတဲ့သူလဲ ဖြစ်ပါတယ်။ ဒီအလုပ်တွေကတစ်ဆင့် သူ့ကို စိတ်ပင်ပန်းမှု ရရှိစေခဲ့ပါတယ်။ အဲဒီ စိတ်ပင်ပန်းမှုကို ဖြေလျော့နိုင်ဖို့အတွက် နည်းလမ်းတစ်ခု သူ လိုအပ်နေပါတယ်။ ကောင်းနိုးရာရာ နည်းစနစ်တွေကို စုံစမ်းရင်း ဗုဒ္ဓဘာသာဝင်အများစု ကျင့်သုံးနေတဲ့ တရားဘာဝနာနည်းလမ်းကသာ အသင့်လျော်ဆုံး နည်းစနစ်တစ်ခုဖြစ်တယ်ဆိုပြီး သတ်မှတ်ယူဆခဲ့ပုံရပါတယ်။ ဒါကြောင့်လဲ အခုလို သူ့ကို တရားပြသပေးနိုင်မဲ့ ဗုဒ္ဓဘာသာတရားပြ ဘုန်းတော်ကြီးကို ကိုယ်ပိုင်အနေနဲ့ ငှားရမ်းခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒီသတင်းလေး ဖတ်မိပြီး ဗုဒ္ဓလက်ထက်တော်အခါက အဇာတသတ်မင်းအကြောင်းကို သတိရမိသွားပါတယ်။ သူလဲ အလုပ်တွေ အရမ်းများပြီး စိတ်ပင်ပန်းမှုဒဏ်တွေ အရမ်းခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ဘီလ်ကလင်တန်နဲ့ အဇာတသတ် အလုပ်များပုံချင်းတူပေမဲ့ အလုပ်လုပ်ပုံချင်းတော့ မတူခဲ့ကြပါဘူး။ တစ်မျိုးစီပေါ့။ အဇာတသတ်မင်းဟာ အဲဒီစိတ်ပင်ပန်းမှုတွေကို ဘယ်လို ဆေးကြောပစ်နိုင်မလဲဆိုပြီး အမတ်ပညာရှိတွေကို မေးကြည့်တော့ တစ်ယောက်တစ်မျိုးနဲ့ပေါ့။ နောက်ဆုံးတော့လဲ ဗုဒ္ဓမြတ်စွာနဲ့ တွေ့သွားပြီး ထိုက်သင့်သလောက် စိတ်ငြိမ်းချမ်းမှု ရရှိသွားခဲ့ပါတယ်။

အဇာတသတ်မင်းကို စိတ်ငြိမ်းချမ်းမှု ရစေတာကတော့ ဗုဒ္ဓမြတ်စွာ ဟောကြားလိုက်တဲ့ သာမညဖလသုတ်တော်ရဲ့ အကျိုးကျေးဇူးတွေကြောင့်ပါ။ ဒါပေမဲ့ အခု ဘီလ်ကလင်တန်ကို စိတ်ပင်ပန်းမှု ဖြေလျော့စေခဲ့တာကတော့ ဘာတရားနည်းလမ်းမှန်း မသိရသေးပါဘူး။ သမထကမ္မဋ္ဌာန်းလေးဆယ်ထဲက တစ်နည်းနည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၀ိပဿနာတရားကတော့ မဟုတ်လောက်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနောက်တိုင်းမှာက ယောဂအကျင့်တို့ မန္တန်ရွတ်ဖတ်ခိုင်းတာတို့ ခေတ်စားနေလို့ပါ။ ဒါပေမဲ့လဲ သူ့ကို တရားပြသပေးတဲ့ ဘုန်းတော်ကြီးရဲ့ နာမည်ကို တိတိကျကျ သိရရင်တော့ သမထနည်းလား ၀ိပဿနာနည်းလား ကွဲပြားလောက်မယ် ထင်ပါတယ်။

ဘာဘဲ ပြောပြော အခုလို အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားမှု ရှိတဲ့အကြောင်း ပြသပေးလိုက်တာကတော့ ဗုဒ္ဓဘာသာအတွက် အားတက်စရာတစ်ခုပါဘဲ။ ခေါင်းဆောင်တစ်ယောက်ရဲ့အောက်မှာ အောက်လက်ငယ်သားတွေ အများကြီး ရှိနေကြတယ် မဟုတ်လား။ ဘမျိုးဘိုးတူ၊ ဆရာတူ တပည့်တွေ မပေါ်ပေါက်လာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်ပါ့မလဲ။


ကိုးကား။
-http://www.dhammawheel.com/viewtopic.php?f=41&t=15833
-http://www.dailymail.co.uk/news/article-2183101/Bill-Clinton-turns-art-Buddhist-meditation-relax.html
-http://www.huffingtonpost.com/andrew-lam/buddhism-in-america-bill-clinton-meditation_b_1813179.html

.
.

No comments: