Tuesday 29 January 2013

ဗုဒ္ဓရတနာ

 ရတိံ ဇနေတီတိ ရတနံ။
နှစ်သက်စေတတ် ပျော်ရွှင်စေတတ်လို့ ရတနာလို့ ခေါ်တယ်တဲ့။ ရတနာမှန်သမျှ လူတွေကို နှစ်သက်စေတတ် ပျော်ရွှင်စေတတ်ပါတယ်။ ထို့အတူ ဘုရားရှင်ရဲ့ ရုပ်သွင်၊ တရားတော်ရဲ့ ကြည်လင်မှု နက်နဲမှု စတဲ့ ဂုဏ်တော်တွေကြောင့် ဘုရားရှင်ကို ဖူးမြင်ရသူ၊ တရားတော်ကို နာကြားသူတို့စိတ်ထဲမှာလဲ နှစ်သက်မှု များစွာ ဖြစ်ပေါ်စေပါတယ်။ အလှအပကို မြင်ရသူတိုင်း၊ အသံကောင်းလေး ကြားရသူတိုင်း စိတ်ချမ်းသာတတ်ကြတဲ့ သဘောပါဘဲ။ ဘုရားဟော တရားတော်တွေရဲ့ အနက်အဓိပ္ပါယ်တွေကို သေချာစွာသိသူသွားတို့မှာ ပိုလို့ပင် ပျော်ရွှင်နှစ်သက်မှု ဖြစ်စေတတ်ပါတယ်။ အဆုံးအမအတိုင်းလိုက်နာသူတို့မှာလဲ ဈာနရတိဆိုတဲ့ ဈာန်ဖြင့်ပျော်ရွှင်မှု၊ ၀ိပဿနာပီတိလို့ ခေါ်တဲ့ ရုပ်နာမ်ဖြစ်ပျက်ကို မြင်သွားလျှင် ဖြစ်ပေါ်တတ်တဲ့ ပီတိ တို့ကိုလဲ ရရှိစေနိုင်ပါတယ်။ ထိုအပျာ်မျိုးထက် အဘယ်ပျော်ရွှင်မှုမျိုးက သာလွန်နိုင်ပါအံ့နည်း။ ထိုကဲ့သို့ နှစ်သက်မှု၊ ပျော်ရွှင်မှုတို့ကို ဖြစ်စေတတ်တဲ့အတွက်ကြောင့် ဗုဒ္ဓကို ရတနာအနေနဲ့ တင်စားပြီး ဗုဒ္ဓရတနာ (ဘုရားရတနာ) လို့ ခေါ်ဝေါ်သမှု ပြုခဲ့ကြတာပါတဲ့။ ရတနာရဲ့ အနက်အဓိပ္ပါယ်ကတော့ ငါးမျိုးရှိပါတယ်။

စိတ္တီကတံ မဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ
အနောမသတ္တပရိဘောဂံ၊ ရတနံ တေန ၀ုစ္စတိ။

The Buddha, venerated, invaluable, unrivaled, rarely seen, and  followed by only the righteous persons,  is known as Buddha-Gem (Trans: Ashin Janaka).

-စိတ္တီကတံ၊ စိတ်၌စွဲကပ် အလေးအမြတ်လည်း ပြုအပ်၏။
-မဟဂ္ဃဉ္စ၊ အဖိုးများစွာလည်း ထိုက်တန်၏။
-အတုလံ၊ အတုလည်းမရှိ။
-ဒုလ္လဘဒဿနဉ္စ၊ မြင်ရခဲသော အရာလည်း ဖြစ်၏။
-အနောမသတ္တပရိဘောဂဉ္စ၊ မယုတ်ညံ့သူ လူမွန်လူမြတ်တို့၏သာ သုံးဆောင်ရာလည်း ဖြစ်၏။
တေန၊ ထိုအကြောင်းများကြောင့်။ ရတနံ၊ ရတနာဟူ၍။ ၀ုစ္စတိ၊ ဆိုအပ်၏။

လင်္ကာ။
လေးစားမြတ်နိုး၊ အဖိုးထိုက်တန်
တုမဲ့ဟန်နှင့်၊ မြင်ရန်ခဲလတ်
သူမြတ်တို့သာ၊ သုံးဆောင်ရာ
ရတနာအနက်ငါး။
(သပြေကန်ဆရာတော်)

ကောက်နှုတ်ချက်။
ပရိတ်ကြီးနိဿယသစ် (သပြေကန်မူ)၊ စာ ၂၂၁-၂၂၇)


1 comment:

wah said...

Buddha is as like as Diamond. Dhamma is as like as Ruby and Sangã is Pearl.