Monday 14 February 2011

ကြယ်ကြွေခြင်း

ဒီနေ့ မြန်မာက အသိတစ်ယောက်နဲ့ အွန်လိုင်းကနေ ဖုန်းပြောနေတုန်း ကျောင်းဖုန်းကို ဖုန်းတစ်ခု ၀င်လာတယ်။ ကောက်ကိုင်လိုက်တော့ ဆွီဒင်က သူငယ်ချင်း ဦဇင်းတစ်ပါး ဖြစ်နေတယ်။ ဆယ်မိနစ်လောက်ကြာမှ ပြန်ဆက်ပါ၊ အခု မြန်မာနှင့်စကားပြောနေတာ မပြတ်သေးလို့လို့ ပြန်ပြောလိုက်တယ်။ ဆယ်မိနစ်လောက်ကြာတော့ သူပြန်ဆက်တယ်။ သူကလဲ လိုရင်းတိုရှင်းဘဲ ပြောတယ်။ အင်္ဂါမောင်တို့ရဲ့ သင်ဆရာမြင်ဆရာကြားစရာ ဆရာသမားတစ်ပါး မနေ့က ပျံလွန်တော်မူသွားပြီတဲ့။ ဘုရား.. ဘုရားဆိုပြီး ဘုရားဘဲ တမိလိုက်တယ်။ ဆွီဒင်က ဦးဇင်းနှင့်အင်္ဂါမောင်နဲ့က တစ်ကျောင်းထဲ ထွက်ပါ။ ၀န်းသိုမြို့ ခန္တီးစာသင်တိုက်မှာ ပညာအတူသင်ခဲ့ကြတာပါ။ သတင်းကို သူက အရင်ကြားသိရတဲ့အတွက် အင်္ဂါမောင်ဆီ အသိပေးတာပါ။

ဖုန်းနားထောင်ချင်း အင်္ဂါမောင်တစ်ယောက် တစ်ခဏလောက် ငိုင်တိုင်တိုင် ဖြစ်သွားမိတယ်။ မထင်မှတ်ထားတဲ့ သတင်းဖြစ်နေတဲ့အတွက်ကြောင့်ပါ။ အင်္ဂါမောင် လန်ဒန်က ပြန်ရောက်ရင် ဆရာသမားဆီ အရောက်သွားပြီး အေးအေးဆေးဆေး ၀တ်ကြီးဝတ်ငယ် ပြုစုဖို့ ရည်ရွယ်ထားခဲ့တာပါ။ အခုတော့ ဆရာသမားက အင်္ဂါမောင် အပြန်ကိုတောင် မစောင့်နေနိုင်တော့ပါဘူး။ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ အသက် ၆၅ လောက်ဘဲ ရှိသေးတဲ့အတွက် ထွက်ခွါဖို့အချိန်တော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ မရဏတရားက အချိန်တိုင်းမှာ လာရောက်နိုင်တယ်မဟုတ်လား။

ဆရာသမားဟာ စာသင်တိုက်ကြီးတစ်တိုက်လုံးမှာ သီတင်းသုံးနေထိုင်ကြတဲ့ သံဃာအပါး ၃၀၀ ကျော်ကို စာဝါလဲ ပို့ချပေးတယ်။ သံဃာအားလုံးရဲ့ စားဝတ်နေရေးအတွက်လဲ စီမံပေးပါတယ်။ သံဃာတွေ အများကြီးရှိပေမဲ့ ဆွမ်းခံစရာမလိုပါဘူး။ ဦးဇင်းလေးငါးပါးလောက်ဘဲ တစ်လှည့်စီ အကြည်ညိုခံ ဆွမ်းခံထွက်ရပါတယ်။ အေးအေးဆေးဆေး စာသင်ယူနိုင်ပါတယ်။ သံဃာအားလုံးအတွက် တစ်ရက်ကို သုံးတင်းလောက် ချက်ပြုတ်ဖို့ ဆွမ်းဆန်တွေ အလုံအလောက်ရှိပါတယ်။ ကိုရင်တွေ အလှည့်ကျ ချက်ပြုတ်ရတာပါ။ ဆွမ်းဟင်းကိုတော့ စည်ပင်သာယာဈေးထဲကနေ နေ့စဉ်အလှူခံပေးတဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကထားပါတယ်။ မြို့ခံဒကာဒကာမတွေရဲ့ ပို့ဆွမ်း၊ နယ်က လှူတဲ့ ဆွမ်းဆန်တွေနဲ့ဘဲ အဲဒီစာသင်တိုက်ကြီးကို လည်ပတ်ထားတာပါ။ 

အဲဒီစာသင်တိုက်ကြီးထဲမှာ ကျောင်းပေါင်း ၇ ကျောင်းရှိတယ်။ ကျောင်းတစ်ကျောင်းရဲ့နာမည်က ဘဏ္ဍာစိုးကျောင်းတဲ့။ အဲဒီကျောင်းအပေါ်ထပ်မှာ စာသင်သားတွေနေတယ်။ အောက်ထပ်မှာတော့ ဆန်တွေ ထားတဲ့ ဂိုဒေါင်ကြီး နှစ်လုံးရှိတယ်။ တစ်လုံးကို အလျား ပေ ၂၀ အနံ ၁၀ ပေ အမြင့် ၁၀ ပေလောက်ရှိပါတယ်။ အဲဒီဂိုထောင်ကြီးနှစ်လုံးလုံး ဆန်တွေ အပြည့်ရှိပါတယ်။ အင်္ဂါမောင် အဲဒီစာသင်တိုက်မှာရှိစဉ်တုန်းက အဲဒီဆန်တွေကို စုဆောင်း ထိန်းသိမ်း စီမံပေးတဲ့သူဟာ အခုပျံလွန်သွားတဲ့ ဆရာသမားဘဲ ဖြစ်ပါတယ်။ စာဝါပို့ချလိုက် ဆန်အိတ်ခွံတွေ နယ်ကို ပို့ပေးဖို့အတွက် ဆန်အိတ်ချုပ်လိုက်နဲ့ သူ့ဘ၀ကို စာသင်သားတွေအတွက်ဘဲ မြှုပ်နှံထားခဲ့တယ်။ ဆန်အိတ်ခွံတွေ နယ်ကို စပါးပေါ်တဲ့အချိန်မှာ ပို့ရပါတယ်။ ပြီးရင် နီးစပ်ရာ ကိုရင်ဦးဇင်းတွေ သွားစုပြီး ရေစက်ချအလှူခံရပါတယ်။ ပြီးမှ စာသင်တိုက်အရောက် သယ်ယူကြပါတယ်။ အဲဒီလိုနည်းနဲ့ စာသင်တိုက်ကြီးကို လိုလေသေးမရှိအောင် ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့ ဆရာသမားပါ။

နောက်ပိုင်းမှာတော့ ဆရာသမားဟာ စာသင်တိုက် တိုက်ခွဲအနေနဲ့ တစ်တိုက်တည်ထောင်ပြီး စာသင်စာချ သာသနာပြုနေခဲ့ပါတယ်။  အင်္ဂါမောင်လဲ မန္တလေး ရန်ကုန်မြို့ကြီးကို စာသင်ထွက်လာကထဲကစပြီး ဆရာသမားဆီမရောက်တာ အတော်လေးကြာသွားတယ်။ အခုတော့ မထင်မှတ်တဲ့သတင်းကို ဆွီဒင်က သူငယ်ချင်းတစ်ပါးက သယ်ဆောင်ပေးလာတယ်။ တကယ်ကို စိတ်မကောင်းပါဘူး။ စာသင်ပေးခဲ့တ့ ကျေးဇူး၊ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတွေကို ဆပ်ခွင့်မကြုံလိုက်တာ အရမ်းခံစားရပါတယ်။ အင်္ဂါမောင်အတွက်တော့ ထွန်းလင်းတောက်ပနေတဲ့ ကြယ်တစ်လုံး ကြွေသွားခြင်းပါဘဲ။

နောက်ဆုံးတော့လဲ သတ္တ၀ါတွေအားလုံး သွားနေကျလမ်းကြောင်းအတိုင်း ဆရာသမားလဲ လိုက်ပါသွားရရှာတယ်။ ကောင်းရာမွန်ရာ ဘုံဘ၀မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ ဆရာသမားအတွက် ဆုတောင်းပေးရင်း အဘိဏှသုတ်ကလေးကို အာရုံပြုလိုက်မိတယ်။

"မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ်၊ အိုခြင်း နာခြင်း သေခြင်း သဘောရှိ၏။ အိုခြင်း နာခြင်း သေခြင်းကို ဘယ်သူမှ လွန်ဆန်နိုင်။ အားလုံး ရှင်ကွဲ သေကွဲ ကွဲရခြင်းသဘောရှိ၏။ ရှင်ကွဲသေကွဲကို ဘယ်သူမှ မလွန်ဆန်နိုင်။ အားလုံး ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိချေ၏"

ယနေ့မနက်ဖန်သဖက်ခါဆိုပြီး သေမင်းနှင့်ချိန်းချက်လို့မရ၊ အချိန်မရွေး သေမင်းခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားရနိုင်တယ်။ မွေးလာတာဟာ သေဖို့ပါဘဲ။ အားလုံး အချိန်တန်ရင် ရက်မရွေးဘဲ သေမင်းနောက် လိုက်ကြရမှာပါ။ ဒါကြောင့်မို့ မွေးခြင်းနှင့်သေခြင်းကြားထဲက ဘ၀လေးကို ရခိုက် အများကောင်းကျိုး ကိုယ့်ကောင်းကျိုးကို တတ်နိုင်သလောက် ပြုလုပ်ပေးနိုင်ကြပါစေလို့ဘဲ အားလုံးအတွက် ဆန္ဒပြုလိုက်ပါတယ်။ အင်္ဂါမောင်လဲ ကြိုးစားလုပ်ကိုင်သွားမှာပါ။ ။
...


တစ်နေကွယ်၊
သေနယ်သို့ တစ်ခါကူး။

မေ့လျော့ကာ၊
သေဘူးထင်ပါနဲ့။

နေကွယ်တာ အကြိမ်များရင်ဖြင့်၊
သေနယ်ရွာတစ်ကြိမ်သွားပါလိမ့်၊
တားမရဘူး။  (လယ်တီဆရာတော်)

.

1 comment:

MDW said...

ဦးဇင်းရဲ့ ဆရာသမား ပျံတော်မူသွားတဲ့ သတင်းအတွက် စိတ်မကောင်းဖြစ်မိပါတယ် ဘုရား။
အဘိဏှသုတ်ကို နှလုံးသွင်းနိုင်ပြီး အားလုံးဖတ်ဖို့ ပြန်လည်မျှဝေပေးတာ သာဓုပါဘုရား။

ဦးဇင်း အရမ်းခံစားနေရတယ်ဆိုလို့ တခုတော့ ပြောချင်ပါတယ် ... ဘုန်းကြီးစာချ လုပ်တယ်ထင်ရင်တော့ သည်းခံတော်မူပါဘုရား။
ဦးဇင်းဆရာသမားရဲ့ ဆိုဆုံးမစကားအတိုင်း လိုက်နာကျင့်ကြံပြီး သာသနာအကျိုးကို ဆရာ့နည်းတူ ထမ်းရွက် သယ်ပိုးရင် ဆရာ့ကျေးဇူးဆပ်ရာ ရောက်တာပဲ မဟုတ်လား ဦးဇင်း။
အဆုံးသတ် နိဂုံးမှာ အင်္ဂါမောင်လဲ ကြိုးစားလုပ်ကိုင်သွားမှာပါလို့ ရေးထားတာမို့ အဲဒီလိုပဲ ကြိုးစားသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဘုရား။