Thursday 3 February 2011

ရှို့ မီး

အော်.. မီး.. မီး..... မီး..
မီးဆိုမှတော့ ပူပြီပေါ့။ မီးရဲ့အရွယ်အစားနှင့်ဒီဂရီအလိုက် နဲနဲပူတာနဲ့ များများပူတာဘဲ ကွာခြားမှာပါ။ အင်အားပြင်းတဲ့ မီးကို ကိုင်တွယ်ရင် များများအပူထိမယ်။ အင်အားနဲတဲ့ မီးကို ကိုယ်တွယ်ရင် နဲနဲ အပူထိမယ်။ ဒါဘဲ ကွာတယ်။ နဲနဲဘဲ ပူပူ၊ များများဘဲ ပူပူ၊ အပူဟာ အပူပါဘဲ။ အေးမြမှုကို မဆောင်နိုင်ပါဘူး။ ငြိမ်းချမ်းမှုကို မပေးနိုင်ပါဘူး။ ချမ်းသာမှုကို မဖြစ်စေနိုင်ပါဘူး။ ဒါဖြင့် မီးကို ဘာဖြစ်လို့ လူတွေ ကိုင်တွယ်နေကြသလဲ။ ဘာဖြစ်လို့ တို့မီး ရှို့ မီးလုပ်ချင်ကြသလဲ။ ဘာဖြစ်လို့ သူတစ်ပါးကို လောင်ကျွမ်းစေချင်ကြသလဲ။ ဒါက ရှင်းရှင်းလေးပါ။ သူတို့ကိုယ်တိုင် မီးလောင်ခံနေရလို့ပါဘဲ။

သူတစ်ပါးကို ညစ်ပေစေချင်တဲ့ စိတ်နဲ့ မစင်ဘင်ပုပ်ကို ငုံပြီး သူတစ်ပါးအပေါ် ထွေးထုတ်ညစ်ပေစေတဲ့ သူဟာ ပထမဆုံးအနေနဲ့ သူကိုယ်တိုင် မစင်ဘင်ပုပ်ကို ပါးစပ်ထဲ ထည့်ထားရသလိုဘဲ သူတစ်ပါးကို တို့မီးရှို့ မီး လုပ်ချင်တဲ့သူဟာလဲ ပထမဆုံး သူကိုယ်တိုင် အဲဒီမီးရဲ့ ဒဏ်ကို ခံစားနေရတတ်ပါတယ်။ သူ့ရင်ထဲမှာ လောင်ကျွမ်းနေတဲ့ ဣဿာမီး မစ္ဆရိယမီးတွေက ဘယ်လိုမှ မခံရပ်နိုင်အောင် ပူလောင်နေတတ်ပါတယ်။ အဲဒီမီးတွေကို သူကိုယ်တိုင်လောင်ကျွမ်းခံစားနေရသလို သူတစ်ပါးကိုလဲ လောင်ကျွမ်းစေချင်တတ်တယ်။ ခက်တာက မီးဆိုတာ လောင်စာရှိမှ လောင်နိုင်တာပါ။ လောင်စာမရှိတဲ့ လေဟာပြင်ကြီးကို မီးရှို့လို့ မရနိုင်ပါဘူး။ ဒီတော့ သူတစ်ပါးရဲ့ မရှိမဲ့ ရှိမဲ့ လောင်စာတွေကို လိုက်ရှာပြီး နဲနဲစီစုဆောင်းထားတတ်ကြတယ်။ ပြီးတော့ အဲဒီစုဆောင်းရရှိတဲ့ လောင်စာလေးတွေကိုဘဲ သူ့ရင်ထဲလောင်ကျွမ်းနေတဲ့ မီးနဲ့ တင်ရှို့တတ်ကြပါတယ်။

ဘုရားအရိယာတွေကလွဲလို့ လောကမှာ ဘယ်သူက အပြစ်ကင်းလို့လဲ။ လောကမှာ ဘယ်သူတွေကကော အချစ်ကင်းလို့လဲ။ ဒါကြောင့် အပြစ်ရှာရင် အပြစ်တွေ့မယ်၊ အချစ်ရှာရင် အချစ်တွေ့မယ်။ အပြုံးရှာရင် အပြုံးတွေ့မယ်၊ အမုန်းရှာရင် အမုန်းတွေ့မယ်။ ရှာဖွေတဲ့သူအပေါ်မူတည်ပြီး တွေ့ရှိမှုက လိုက်ပါလာတာပါ။ ယုတ်စွအဆုံး ခြောက်ပစ်ကင်းသဲလဲစင်တဲ့ ဘုရားရှင်ကိုယ်တိုင်တောင်မှ အပြစ်မြင်ခံရတယ်မဟုတ်လား။ အပြစ်အမြင်ခံရလို့လဲ ၀ါတော် ၂၀ ပတ်လုံး အနီးနေအလုပ်အကျွေးတပည့် အတည်တကျမရှိခဲ့ဘူး။ ပြီးတော့ ဒေ၀ဒတ်ရဲ့ အငြူစူကို ခံခဲ့ရတယ်။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်ကို မျက်နှာလိုက်ပြီး အမြင့်မြတ်ဆုံး တပည့်ရာထူးပေးလို့တဲ့။ ယောက်ဖအရင်းဖြစ်တဲ့ သူ့ကို ဆန်ရင်းနာနာဖွတ်ပြီး နှိပ်ကွပ်လို့တဲ့။ သူနှင့် အမြင့်မြတ်ဆုံး ရာထူးနဲ့ တူလို့လား တန်လို့လား။ လောကကြီးက ဘယ်သူ့ကိုမှ ဘက်မလိုက်ဘူး။ တရားတယ်။ မျှတတယ်။ တိကျတယ်။ မှန်ကန်တယ်။ အားလုံးကို တူရာတန်ရာ ခွဲဝေးပေးတယ်။ ပိုမပေးဘူး။

ရှို့မီး။ တို့မီး။ လောင်မီး။ ဒီမီးတွေနဲ့ သူတစ်ပါးလောင်ကျွမ်းခံနေရတာကို မြင်ရင် သင်ပျော်နိုင်ရဲ့လား။ အပြစ်မဲ့သူတွေ မရှုမလှလောင်ကျွမ်းဒဏ်ရာတွေနဲ့ ပြည့်နှက်နေတာကို သင် ကျေနပ်နိုင်ရဲ့လား။ ယုတ်စွအဆုံး အပြစ်ရှိတဲ့သူတွေကိုတောင်မှ သင့်ရဲ့ ရှို့မီးကြောင့် လောင်ကျွမ်းပျက်စီးနေတာကို တွေ့မြင်ရတဲ့အခါ သင် လက်ခုပ်လက်ဝါးတီးပြီး အားရပါးရ ၀မ်းမြောက်ဝမ်းသာဖြစ်နိုင်ရဲ့လား။ ဒီအမေးတွေအတွက် သင့်ရဲ့အဖြေက YES ဆိုရင် သင့်ရဲ့ ID၊ သင့်ရဲ့ IQ၊ သင့်ရဲ့ Criteriaတွေဟာ ဒါဝင်ရဲ့ သီအိုရီအစပိုင်းကို ရောက်သွားတော့မှာပေါ့။

ရှို့ချင်သလား။ ရှို့ပါ။ တို့ချင်သလား။ တို့ပါ။ ဒါပေမဲ့ မီးကတော့ မီးအလုပ် မီးလုပ်မှာပါဘဲ။ ဆေးလိပ်ကို မီးရှို့ချင်တဲ့ မီးခြစ်ဆံရဲ့ဘ၀ သူကိုယ်တိုင်ဘဲ အလောင်ကျွမ်းခံရသလို လောင်စာမရှိတဲ့ နေရာမှာ သွားရှို့တဲ့မီးကလဲ ရှို့တဲ့သူကို ပြန်လောင်ကျွမ်းမှာ မလွဲပါဘူး။ ဒါကြောင့် အပြင်မှာ ပူသလို ရင်မှာ မပူကြပါစေနဲ့။ ရင်မှာ ပူသလို အပြင်ကိုလဲ မပူစေကြပါနဲ့။ မီးဘေးရှောင် မလောင်ခင် တားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

..

2 comments:

မေဓာဝီ said...

မီး ၁၁ ပါးထဲ ဣဿာမီး မစ္ဆရိယမီးတွေပါ ထပ်ထည့်ရမလို ဖြစ်နေပြီဘုရား။
တပည့်တော်ကတော့ ကိုယ်လဲ မပူလောင်ချင်ဘူး ... သူတပါးကိုလဲ မပူလောင်စေချင်ပါဘူး ...
သတ္တ၀ါများကို လောင်ကျွမ်းနေတဲ့ မီးတွေ ငြိမ်းအေးကြပါစေ ... ။

အဖြူရောင်နတ်သမီး said...

“မီး” ဆိုရင် ဝေးဝေးကရှောင်တယ်...။
အထူးသဖြင့်..
သောကမီး
မောဟမီး
မာန် မာနမီး
ဟူးးးးးးးးးးးး
ပူလိုက်တဲ့ အပူမီး
မီးများနဲ့ ဝေးပါစေတော့ လို့သာ ကိုယ့်ကိုယ်ကို ဆုတောင်းလိုက်ပါတယ်..။