Wednesday 8 July 2009

စားသောက်ဆိုင်သို့

ဒီနေ့က ဗုဒ္ဓဟူးနေ့။
ဗုဒ္ဓဟူးနေ့တိုင်းမှာ နေ့လည်ပိုင်း အတန်းမရှိပါဘူး။ သူတို့ သတ်မှတ်ချက်က ကျောင်းတက်ချိန် တစ်ပတ်ကို ၁၈ နာရီပါ။ တစ်ရက်ကို လေးနာရီတက်ရတယ်။ မနက်ပိုင်းမှာ နှစ်နာရီ နေ့လည်ပိုင်းမှာ နှစ်နာရီပါ။ တစ်ပတ်မှာ ငါးရက်တက်ရတာဆိုတော့ ငါးလေးလီ နှစ်ဆယ်ဖြစ်သွားတယ်လေ။ ဒါကြောင့် တစ်ပတ်ရဲ့ အလယ်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်း မှာ အနားယူကြပါတယ်။ အဲဒါဆို တစ်ပတ် ၁၈ နာရီ ကွက်တိဘဲ မဟုတ်လား။

အင်္ဂါမောင်တစ်ယောက် မနက်ပိုင်းအတန်းပြီးဆုံးပြီဖြစ်တဲ့အတွက် အတန်းဖော်တွေကို နှုတ်ဆက်ပြီး ကျောင်းကို ပြန်ဖို့ တစ်ခြားအတန်းက အတူနေသူငယ်ချင်းနှစ်ပါးကို တက္ကသိုလ်ရှေ့ မှာ စောင့်နေခဲ့တယ်။ သူငယ်ချင်းတွေလဲ ရောက်လာရော ပြန်ကြမယ်ဆိုပြီး တက္ကသိုလ်ထဲက ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ နောက်က အင်္ဂါမောင်ကို ခေါ်နေတဲ့အသံ ကြားလို့ လှည့်ကြည့်လိုက်တော့ အတန်းဖော် ထိုင်းသူလေးကို တွေ့လိုက်ရတယ်။

အတန်းဖော်တွေ အားလုံးနဲ့အတူ ကိုရီးယားစားသောက်ဆိုင်တစ်ခုမှာ အတူသွားကြမယ်၊ လိုက်မလား တဲ့။ စားသောက်ဆိုင်က တော့တင်ဟမ်ကုတ် ဆိုတဲ့ မြေအောက်ဘူတာရုံနားမှာတဲ့။ သူ့မျက်နှာကို ကြည့်လိုက်တော့ လိုက်စေချင်တဲ့ပုံပေါက်နေတယ်။ ဒါနဲ့ အင်္ဂါမောင်လဲ သူငယ်ချင်းနှစ်ပါးကို နှုတ်ဆက်ပြီး အတန်းဖော်လေးတွေနဲ့ ခြေလျင်ခရီး ၁၅ မိနစ်လောက် လမ်းလျောက်ပြီး A.S.S.A ဆိုတဲ့ ကိုရီးယားစားသောက်ဆိုင်ကို ချီတက်လာခဲ့ကြပါတယ်။

ကိုရီးယားဆိုင်ရောက်တော့ အစားအသောက်တွေ မှာစားကြပါတယ်။ အင်္ဂါမောင်ကတော့ အပေါ်မှာ မြင်ရတဲ့ ကိုရီးယားထမင်းနှင့် Squid ဆိုတဲ့ ပင်လယ်စာတစ်မျိုးကို မှာစားလိုက်တယ်။ အစားအသောက်က ပူ၊ ငရုပ်သီးကစပ်၊ ရာသီဥတုကလဲ အိုက်စပ်စပ်၊ အင်္ဂါမောင့်ကိုယ်မှာလဲ အ၀တ်အစားတွေ အထပ်ထပ်နဲ့ဆိုတော့ ချွေးတွေ အရမ်းထွက်ပါတယ်။

အတူသွားပြီး စားသောက်ကြတဲ့သူတွေကတော့ အင်္ဂါမောင်ရယ်၊ ဂျပန်သူလေးရယ်၊ ထိုင်းသူလေးရယ်၊ ဂျာမနီသူလေးရယ်၊ ထိုင်ဝမ်သူနှစ်ယောက်ရယ်၊ စုစုပေါင်း ၆ ယောက်ပါ။ ဗိုက်မဆာပေမဲ့ ဗဟုသုတရဖို့နဲ့ မိတ်ဖြစ်ဆွေဖြစ် လိုက်ပြီး စားသောက်ခဲ့တာပါ။ တစ်နေရာထဲ ထိုင်နေရတာ ပျင်းစရာကောင်းတယ်မဟုတ်လား။

စားသောက်ပြီးတော့ အနောက်တိုင်း ထုံးစံအတိုင်း ကိုယ်စားတဲ့ဟာ ကိုယ်တာဝန်ယူပြီး ရှင်းကြပါတယ်။ အင်္ဂါမောင်စားတဲ့ တန်ဖိုးကတော့ လေးပေါင်ခွဲပါ။ ပျော်စရာကောင်းပါတယ်။ ပူအိုက်တာက လွဲရင်ပေါ့။

သူတို့ကပြောသေးတယ်။ အင်္ဂါမောင်ရဲ့  အ၀တ်အစားကို ကြည့်ပြီး ပူအိုက်ရင် ချွတ်ထားလိုက်ပါလားတဲ့။ ဘုရားရေ။ ဒုက္ခ။ ဟုတ်တယ်လေ။
သူတို့က အကျီ င်္လက်ပြတ်နှင့် စကတ်ကလေးတွေကို သက်သက်သာသာ ၀တ်ထားကြတယ်။ သူတို့ကြားထဲမှာ အင်္ဂါမောင့်ခန္ဓာကိုယ်ကတော့ ကောက်ညှင်းထုပ် ထုပ်ပိုးထားသယောင်ယောင်ရယ်လေ။ စားသောက်လို့ အပြီးမှာတော့ အားလုံးလမ်းခွဲလိုက်ကြတယ်။ ကိုယ့်လမ်းကိုယ်ပြန်ကြရုံဘဲပေါ့။

ဒါပေမဲ့ ဂျပန်မလေးက တက္ကသိုလ်ကို ပြန်သွားချင်တယ်။ အလာလမ်းကို မမှတ်မိတော့ဘူးဆိုလို့ အင်္ဂါမောင်လဲ လူတတ်လုပ်ပြီး ဂျပန်မလေးနဲ့အတူ တက္ကသိုလ်ကို ပြန်လာခဲ့ပါတယ်။ ဖြောင့်ဖြောင့်တန်းတန်းတော့မဖြစ်ခဲ့ပါဘူး။ လမ်းမှာ နှစ်ခါမေးမြန်းလိုက်ရတယ်။ နောက်တစ်ခါဆိုရင်တော့ မှတ်မိသွားပါပြီ။ ဂျပန်မလေးက ပြောတယ်။ မင်းပါလာလို့ ငါအသက်ရှူချောင်သွားတယ်၊ တစ်ယောက်ထဲဆို ဘယ်လို သွားရမှန်းမသိဘူးတဲ့။

တစ်ခါတစ်ခါတော့လဲ မသိတဲ့သူကို မတတ်တဲ့သူက ဆရာလုပ်ရတာ အရသာရှိတယ်နော်။

..........

No comments: