Tuesday 7 July 2009

စာစသင်ပြီ

ဒီနေ့ စာတွေ စသင်တယ်။
မနက်ပိုင်း ၁၀ နာရီမှ ၁၂ နာရီထိ အချိန်ကတော့ reading and writing ကို သင်ပေးပါတယ်။ သင်ပေးတဲ့ ဆရာမ နာမည်ကတော့ Cher Di Boscio ဖြစ်ပါတယ်။ ကနေဒီယန်အမျိုးသမီးတစ်ယောက်ပါ။ စာအသင်အပြ ကောင်းပါတယ်။ ခပ်ရွှင်ရွှင်နဲ့သင်ပေးတယ်။ အင်္ဂါမောင်တို့ကိုလဲ အနားမပေးပါဘူး။ Comprehension တွေ လုပ်ခိုင်းတယ်။ Essay ရေးခိုင်းတယ်။ နာရီဝက်အတွင်း စာလုံးရေ အလုံးသုံးရာလောက် ရေးရမယ်တဲ့။ Academic writing လဲ ဖြစ်ရမယ်တဲ့။ ဘုရားရေ။ အင်္ဂါမောင်တစ်ယောက် ချွေးအတော်လေးထွက်သွားတယ်။ Brain-storm-idea တွေ ထုတ်ရတော့တာပေါ့။

နာရီဝက်အတွင်း ရေးပြီးတဲ့အခါမှာ ဆရာမလက်ထဲကို အဖြေလွှာလေး ထည့်ပေးလိုက်တယ်။ ထည့်ပေးရင်း "ဆရာမ၊ ကျနော့်အဖြေကတော့ အမှိုက်သက်သက်ပါဘဲ" လို့ ပြောလိုက်တယ်။ ဆရာမက ပြန်ပြောပါတယ် "ဆရာမ ကျောင်းသားမှန်ရင် အမှိုက်လုံးဝ မဖြစ်ပါဘူး" တဲ့။ အားပေးတဲ့သဘောပါဘဲ။

နေ့လည် ၁၂ နာရီမှ ၁ နာရီထိ အားလပ်ချိန်ပေးပါတယ်။ နေ့လည်စာစားဖို့အတွက်ပါ။ အင်္ဂလန်မှာက ဆရာတော်တွေရဲ့  တွက်ချက်မှုအရ နေ့လည် တစ်နာရီခန့်လောက်မှ မွန်းတည့်ပါတယ်တဲ့။ ဒါကြောင့် အင်္ဂါမောင်တို့အတွက် အဆင်ပြေပါတယ်။

နေ့လည် တစ်နာရီမှာ အတန်းကို ပြန်စပါတယ်။ သင်ပေးတဲ့ဆရာမကတော့ Catherine Lewis ဖြစ်ပါတယ်။
သူတာဝန်ကျတာက Speaking နှင့် Listening ပါ။ အတန်းစတင်တာနဲ့ တစ်ပြိုင်နက် ကျောင်းသား တစ်ယောက်စီကို မိတ်ဆက်ခိုင်းပါတယ်။ စာရွက်ခေါက် ခပ်ကြီးကြီးတစ်ခုစီပေးပြီး ကျောင်းသားတွေရဲ့  နာမည်တွေကို ရေးခိုင်းပါတယ်။ ပြီးတော့ ကိုယ့်ရှေ့ မှာ ကိုယ့်နာမည် စာရွက်ခေါက်ကို ထောင်ထားရပါတယ်။ သူ့အနေနဲ့ ကျောင်းသားတွေရဲ့ နာမည်ကို အလွယ်တကူ ခေါ်ဆိုနိုင်အောင်လို့ပါ။ ကောင်းတဲ့ စနစ်ကလေး တစ်ခုပါဘဲ။

သူဖတ်ပြတာကို နားထောင်ရတယ်။ နားလည်မှုရှိမရှိ တစ်ယောက်ချင်းစီ စစ်တယ်။ ပြီးတော့ အုပ်စုလေးတွေ ခွဲပြီး အချင်းချင်း ဆွေးနွေးခိုင်းတယ်။ ကမ္ဘာကြီးပူနွေးလာမှု၊ အ၀လွန်မှု၊ ဆင်းရဲနုံချာမှု စတဲ့ ခေါင်းစဉ်လေးတွေကို အချင်းချင်း ဆွေးနွေးဖလှယ်ခိုင်းပါတယ်။

ပထမ သုံးယောက်စီ အုပ်စုဖွဲ့တော့ အင်္ဂါမောင်က ထိုင်းသူ၊ ထိုင်ဝမ်သူတွေနှင့် တစ်အုပ်စုထဲကျတယ်။
ဒုတိယ သုံးယောက်စီ အုပ်စုဖွဲ့တဲ့အခါမှာတော့ ဂျာမနီသူ၊ ဂျပန်သူတွေနှင့်အတူ တစ်အုပ်စုထဲ ဖြစ်ပါတယ်။
ပထမ နှစ်ယောက်တစ်အုပ်စု ဖွဲ့တဲ့အခါမှာ အင်္ဂါမောင်နှင့်ဂျာမနီသူ၊ ဒုတိယ နှစ်ယောက်တစ်အုပ်စု ဖွဲ့တဲ့အခါမှာ အင်္ဂါမောင်နှင့်ထိုင်းသူ တစ်အုပ်စုထဲ ကျပါတယ်။ ထိုင်းသူလေးက အင်္ဂလိပ်စာ တော်တော်လေးကို ကောင်းနေတာ တွေ့ရတယ်။

ပျော်ရွင်ကြည်နူးစရာကောင်းသလို စိတ်လှုပ်ရှားစရာလဲ အရမ်းကောင်းပါတယ်။ တစ်ခုခု မှားသွားရင် ဆရာမက တန်းပြီးထောက်ပြတော့တာပါဘဲ။ ဥပမာ၊ မိန်းခလေးတွေဟာ ယောက်ျားလေးတွေထက် အင်္ဂလိပ်စာ တတ်မြောက်တာ ပိုမြန်တယ်ဆိုတဲ့ အဆိုတင်သွင်းချက်ကို အင်္ဂါမောင်က ရာနှုန်းပြည့် ထောက်ခံလိုက်တယ်။
အဲဒါကို ဆရာမက ရာနှုန်းပြည့်ကန့်ကွက်လိုက်ပါတယ်။ မျက်နှာပျက်ချင်စရာကြီး။ ခပ်ရှက်ရှက်နဲ့ဘဲ ခေါင်းငုံ့နေလိုက်ရတယ်။ ဆရာမက ပြောပြတယ်။ အဲဒီလို ဆုံးဖြတ်တာဟာ stereotyping ဘဲတဲ့။ စာမေးပွဲမှာ အဲဒီလို ဖြေရင် အမှတ်လုံးဝမပေးဘူး။ Academic လဲ မဖြစ်ဖူးတဲ့။ သင်ခန်းစာ ယူစရာပါဘဲ။

ဥပမာ
ဂျပန်လူမျိုးတွေ အင်္ဂလိပ်စာ ညံ့တယ်။ မွတ်စလင်တွေ ရက်စက်တယ်။ အမေရိကန်တွေ ၀တယ်။
အဲဒီလိုပုံစံတွေဆိုရင် Stereotyping တွေပါဘဲတဲ့။

အတန်းပြီးတဲ့အခါမှာတော့ ဆရာမပေးခဲ့တဲ့ အိမ်စာလေးတွေ တစ်ပွေ့တစ်ပိုက်နဲ့ဘဲ ပြန်လာခဲ့ရပါတော့တယ်။ မနက်ဖန် မနက်ဖန်တွေ များစွာမှာလဲ ဒီလိုဘဲ သွားလာလှုပ်ရှားနေရပါဦးမယ်။

...

No comments: