Wednesday, 12 October 2011

လန်ဒန်မြို့ သံဃာ့မဟာပ၀ါရဏာပြုပွဲ

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့။
အပြည့်အစုံ ပြောရရင်တော့..
သာသနာနှစ် ၂၅၅၅။
ကောဇာ ၁၃၇၃ ခု၊ သီတင်းကျွတ်လပြည့် (၁၂.၁၀.၂၀၁၁) ဗုဒ္ဓဟူးနေ့။
ဒီနေ့ကို အဘိဓမ္မာအခါတော်နေ့လို့ ခေါ်သလို ပ၀ါရဏာနေ့လို့လဲ ခေါ်ကြတယ်။

ကမ္ဘာအနှံ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ရောက်လာကြတော့ ထုံးစံအတိုင်း မိမိတို့ ကိုးကွယ်ရာ ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ကြပါတယ်။ ဘုန်းတော်ကြီးကျောင်း စီစဉ်ပေးကြပါတယ်။ ဒီလိုနဲ့ ကမ္ဘာအနှံ့ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ အများအပြားပေါ်ပေါက်လာပါတယ်။ စာရေးသူ နေထိုင်ရာ အင်္ဂလန်နိုင်ငံမှာလဲ  မြန်မာဘုန်းတော်ကြီးကျောင်းတွေ အတော်များများ ရှိနေကြပါပြီ။ အားရ၀မ်းသာ ကြည်နူးဂုဏ်ယူစရာပါ။

ဗုဒ္ဓဘာသာ ၀ိနည်းထုံးစံနဲ့ အညီ ပုရိမ၀ါမှ ကျွတ်တော်မူကုန်ကြတဲ့ သံဃာတော်များ သီတင်းကျွတ်လပြည့်နေ့မှာ ပ၀ါရဏာပွဲ ကျင်းပ ပြုလုပ်လေ့ရှိကြပါတယ်။  ပ၀ါရဏာပြုတယ်ဆိုတာကတော့ အမြင်မတော်ရင် ဆုံးမပေးကြဖို့ ရဟန်းအချင်းချင်း ခွင့်ပန်ဖိတ်ကြားခြင်းဘဲ ဖြစ်ပါတယ်။ အပြစ်ကျူးလွန်တာကို  မြင်ခြင်း ကြားခြင်း ယုံမှားသံသယရှိခြင်း တစ်ခုခု ရှိရင် တပည့်တော်ကို သနားသောအားဖြင့် ဆုံးမပေးကြပါလို့ သံဃာ့အလယ်မှာ ကတိက၀တ်ပြု တောင်းဆိုတဲ့ပွဲဆိုလဲ မမှားပါဘူး။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ နှစ်စဉ် သံဃာ့မဟာပ၀ါရဏာပွဲ ကျင်းပလာတာ အခုဆို ၁၀ ကြိမ်တိတိ ရှိပါပြီ။ တစ်နှစ်ကို တစ်ကျောင်း အလှည့်ကျ ကျင်းပကြတာပါ။ လန်ဒန်မြို့ပေါ်မှာတင် မြန်မာ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း တိတိ ရှိပါတယ်။ အောက်စ်ဖို့ဒ်၊ ဘာမင်ဂမ်၊ မန်ချက်စတာ၊ ဆန်းဒါးလင်းမြို့တွေမှာလဲ မြန်မာဘုန်းတော်ကြီးကျောင်းတွေ အသီးသီး ရှိကြပါတယ်။ လန်ဒန်မှာ နှစ်စဉ်ကျင်းပတဲ့ ပ၀ါရဏာပြုပွဲကို အင်္ဂလန် တစ်နိုင်ငံလုံးမှာရှိတဲ့  မြန်မာဘုန်းတော်ကြီးကျောင်းတွေ အားလုံးကို ပင့်ဖိတ်လေ့ရှိပါတယ်။

ဒီနှစ် မဟာပ၀ါရဏာပြုပွဲ အလှည့်ကျတဲ့ ကျောင်းကတော့ လန်ဒန်မြို့ လန်ဒန်ဝိဟာရ ကျောင်းပါ။ လန်ဒန်မြို့ရဲ့ ပထမဆုံးဘုန်းတော်ကြီးကျောင်းလို့ ပြောရင် ရပါတယ်။ အင်္ဂလန်တစ်နိုင်ငံလုံးရဲ့ ပထမဦးဆုံး ဘုန်းတော်ကြီးကျောင်းလို့လဲ ပြောလို့ရပါတယ်။ စတင် တည်ထောင် ဖွဲ့စည်းထားခဲ့ကြတဲ့ ရှေးဆရာတော်ကြီးများကို အရမ်းလေးစားမိပါတယ်။

ပ၀ါရဏာပြုပွဲကို သံဃာတော် ၁၄ ပါးတိတိ ကြွလာပါတယ်။ နယ်ဘက်က ကျောင်းတွေကတော့ ခရီးအခြေအနေအရ မကြွလာကြပါဘူး။ လန်ဒန်မြို့ထဲက သံဃာကုန်ပါ။ နေ့ဆွမ်းကို အလှူရှင်တွေ စုပေါင်း ဆက်ကပ်လှူဒါန်းကြပါတယ်။ အဓိက မ တည်ပြီး ဆွမ်း၊ လှူဖွယ်ပစ္စည်း၊ န၀ကမ္မ စသည်ကို သံဃာအပါးစေ့ လှူဒါန်းတာကတော့ မောင်မျိုးခိုင်သင်း+မပွင့်ဖြူစိုး (ညီမ) မထက်ထက်စိုး လူငယ်မိသားစုလေးပါ။ ချီးကျူးစရာကောင်းပါတယ်။

နေ့လည်တစ်နာရီမှာ ကြွရောက်လာကြတဲ့ သံဃာတော်များ တစ်ပါးစီ ပ၀ါရဏာပြုကြပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးက ရဟန်းသံဃာတော်များကို ချစ်ချစ်ခင်ခင်နဲ့ အချင်းချင်း နားလည်မှု ရှိကြဖို့၊ အချင်းချင်း ရိုင်းပင်းကူညီကြဖို့၊ အချင်းချင်း ညီညွတ်ကြဖို့ သြ၀ါဒကထာ ချီးမြှင့်တော်မူပါတယ်။ အဲဒီနောက် မိုးကုတ်ဆရာတော်ကြီးနှင့်တိသရဏဆရာတော်ကြီးနှစ်ပါးကို သံဃာတော်များက ကန်တော့ကြပါတယ်။ ဆုကိုတော့ တိသရဏဆရာတော်ကြီးက ပေးပါတယ်။

အဲဒီနောက် တစ်ဆက်ထဲ လှူဖွယ်အစုစုအတွက် ရေစက်ချပွဲ ဆက်လက် ကျင်းပပါတယ်။ ရေစက်ချပွဲမှာ (အဘိဓမ္မာအခါတော်နေ့ ဖြစ်တဲ့အတွက်) အဘိဓမ္မာ ၇ ကျမ်းထဲက ကောက်နှုတ်ချက် အဘိဓမ္မာပါဠိစာသား (အေဖိုးလေးမျက်နှာ)ကို သံဃာတော်များနဲ့ ဒကာဒကာမများ စုပေါင်း ရွတ်ဆို ပူဇော်ကြပါတယ်။ အဲဒီပွဲမှာ တိသရဏဆရာတော် ဦးပဏ္ဍိတာဘိဝံသ တရားချီးမြှင့်ပါတယ်။ တရားဟောရင်း ပုံပြင် တစ်ပုဒ်ပြောသွားတာကို ကြိုက်နှစ်သက်လို့ ပြန်မျှဝေလိုက်ပါတယ်။

ဆရာတော်ဦးဗုဓ်ဆိုတာ မသိသူ မရှိသလောက် နာမည်ကြီးပါတယ်။ ဘကြီးတော်ဘုရား လက်ထက်က ဆရာတော်တစ်ပါးပါ။ နန်းမတော်မယ်နု ကိုးကွယ်တဲ့ ဆရာတော်တစ်ပါးပါ။ တစ်နေ့ ဆရာတော်ကို မင်္ဂလာအုဌ်ကျောင်းတော်ကြီး ဆောက်လှူပါတယ်။ အဲဒီ ကျောင်းလှူပွဲမှာ ဆရာတော်ဦးဗုဓ် တရားချီးမြှင့်ရပါတယ်။ ပင့်သံဃာတွေလဲ အများကြီးပါ။ ဆရာတော် ဦးဗုဓ်က တရားချီးမြှင့်ရမဲ့အစား ဟေတုပစ္စယော အာရမ္မဏပစ္စယော------ပ------ အ၀ိဂတပစ္စယော ဆိုပြီး ၂၄ ပစ္စည်းကို သုံးခေါက်တိတိသာ ရွတ်ဆိုပြီး ရေစက်ချပေးလိုက်သတဲ့။ တကယ့် ကြီးကျယ်တဲ့ လူတွေလှူတဲ့  အလွန်ကြီးကျယ်တဲ့ ကျောင်းကြီးကို အလွန်ကြီးကျယ်စည်းကားသိုက်မြိုက်စွာ လှူဒါန်းတဲ့ အလှူပွဲကြီးမှာ ဆရာတော် ဦးဗုဓ်က တရားကို အခုလို တိုနောင့်နောင့်လေး ဟောလိုက်တဲ့ အတွက် အခြား သံဃာတော်များ မျက်လုံးပြုးမျက်ဆံပြူး ဖြစ်သွားကြသတဲ့။

 ပွဲပြီးသွားတော့ ဆရာတော်တစ်ပါးက ဆရာတော် ဦးဗုဓ်ကို ဆရာတော့်နှယ် အခုလို ကြီးကျယ်တဲ့ ပွဲမျိုးမှာ ဘာဖြစ်လို့ အခုလို ဖြစ်သလို တရားဟောလိုက်ရတာလဲ၊ မျက်နှာမပြတတ်စရာတွေ ဖြစ်ကုန်တော့မှာဘဲ လို့ အပြစ်တင်သတဲ့။ ဒါနဲ့ ဆရာတော် ဦးဗုဓ်က အဲဒီဆရာတော်ကို ပြန်လျှောက်လိုက်သတဲ့။ အဲဒီလျှောက်လိုက်တဲ့ စကားလေး ကြိုက်လို့ ဒီပုံပြင်ကို ထည့်ရေးလိုက်တာပါ။ ဆရာတော် ဦးဗုဓ်က ဘာပြန်လျှောက်လိုက်သလဲ ဆိုတော့.. အခုလို အလွန်ကြီးကျယ်ခမ်းနားလှတဲ့ အလှူပွဲမို့ အခုလိုဘဲ အလွန်ကြီးကျယ်ခမ်းနားလှတဲ့ ပဋ္ဌာန်းတရားတော်ကို ဟောလိုက်တာပါတဲ့။

မှတ်သားစရာကောင်းပါတယ်။ ကျမ်းကြီး ပဋ္ဌာန်း၊ ကျမ်းငယ် ဆန်း၊ ကျမ်းလတ် ဓါတုကထာ လို့ ဆိုရိုးရှိတယ် မဟုတ်လား။ တရားတော်တွေထဲမှာ ပဋ္ဌာန်းတရားတော်ဟာ ကြီးကျယ်ခမ်းနားဆုံးနဲ့ ခက်ခဲနက်နဲဆုံးပါ။ တိသရဏဆရာတော်က အဲဒီပုံပြင်ကို အဆုံးသတ်ပြီးနောက် အခု ကြွလာကြတဲ့ ဒကာဒကာမများလဲ ပဋ္ဌာန်းအပါအ၀င် အဘိဓမ္မာခုနစ်ကျမ်းထဲမှ ကောက်နှုတ်ချက်ကို ရွတ်ဆိုပြီးကြပြီ၊ ဒီအကျိုးက အရမ်းကြီးမြတ်ပါတယ်။ အဟိတ်တိရစ္ဆာန်ဖြစ်တဲ့ လင်းနို့သား ငါးရာတောင်  အဘိဓမ္မာတရား အသံကြားခဲ့လို့ အခုဘ၀မှာ ရှင်သာရိပုတ္တရာရဲ့ တပည့်ရဟန်းတွေဖြစ်လာကြပြီး ပရိနိဗ္ဗာန် ၀င်စံသွားကြတယ်။ အဲဒါ အဘိဓမ္မာတရားရဲ့ ကျေးဇူးတွေဘဲပေါ့ ဆိုပြီး မေတ္တာပို့ဆုပေးကာ တရားတော်ကို အဆုံးသတ်လိုက်ပါတယ်။

အားလုံးပြီးတော့ စာရေးတံမဲ ဖောက်ပါတယ်။ သံဃာ ၁၄ ပါး၊ မဲ ၁၄ ခုပါ။ နံပါတ် ၁ က အများဆုံးဆုဖြစ်ပြီး နံပါတ် ၁၄ က အနည်းဆုံးဆုပါ။ နံပါတ် ၁ မှာ ပေါင်တစ်ရာကျော်နဲ့ အခြားပစ္စည်းတွေ ထည့်ထားတယ်လို့ သိရတယ် (သိပ်တော့မသေချာပါ)။ ထုံးစံအတိုင်း စာရေးသူ နံပါတ် ၁ မပေါက်ခဲ့ပါဘူး။ ဆရာတော်ကြီးတွေ ကြီးစဉ်ငယ်လိုက် စာရေးတံမဲ နှိုက်ကြပါတယ်။ စာရေးသူ မဲနှိုက်အလှည့်မရောက်ခင်မှာ နံပါတ် ၁ က ထွက်သွားပါပြီ။ စာရေးသူကတော့ နံပါတ် ၄ ဘဲ ပေါက်ပါတယ်။ ၁၄ ဘဲ ပေါက်မယ်ထင်ထားခဲ့တာ၊ အဆင့် ၄ ရခဲ့တယ်ဆိုတော့ မဆိုးပါဘူး။

အခုလောက်ဆို အမိမြန်မာနိုင်ငံမှာလဲ ဆီမီးရောင် တထိန်ထိန်နဲ့  ပျော်ရွှင်ကြည်နူးဖွယ် ဖြစ်နေမှာ မြင်ယောင်မိသေးတယ်။ စာရေးသူ ရန်ကုန်မှာ ရှိစဉ်က သီတင်းကျွတ်လဆန်း ၁၄၊ ၁၅၊ လပြည့်ကျော် ၁ ရက်၊ မနက်စောစော နဲ့ ညနေခင်းတွေမှာ ဆီမီးအလှူ ပူဇော်နေကျပါ။ ကျောင်း ၀ရံတာမှာရော ဘုရားမှာရောပေါ့။ စာရေးရင်း နဲနဲတောင် အမိမြေကို လွမ်းချင်သယောင်ယောင် ခံစားမိပါတယ်။

အားလုံးပျော်ရွှင်ကြည်နူးအေးချမ်းနိုင်ကြပါစေ။

.

2 comments:

မေသိမ့်သိမ့် ကျော် said...

မြန်မာပြည်ကို ဒီလို ပွဲတော်အချိန်မျိုးမှာ ပိုသတိရလွမ်းဆွတ်မိပါတယ်။

san htun said...

သီတင်းကျွှတ်ပို့ စ်တွေ ဖတ်ပြီး ရွှေပြည်ကြီးကို လွမ်းတယ်..