သူငယ်ချင်းက ဘာမင်ဂမ်ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြန်ပါတယ်။ စာရေးသူလဲ သူနဲ့အတူ ဘာမင်ဂမ်ကို လိုက်သွားခဲ့ပါတယ်။ ၁၆ ရက်နေ့မှာ ဘာမင်ဂမ်မြန်မာဘုန်းတော်ကြီးကျောင်း ကထိန်ပွဲလေ။ ဘာမင်ဂမ်က လန်ဒန်ရဲ့ အထက် မိုင်တစ်ရာကျော်မှာ တည်ရှိပါတယ်။
လန်ဒန်-ဘာမင်ဂမ် မော်တော်ဝေး
ဘာမင်ဂမ်မြို့ထဲက လမ်းကျဉ်းကလေး တစ်နေရာ
ဘာမင်ဂမ်မြို့ရဲ့ နာမည်ကြီး ခရစ်ကက်ကွင်းကြီးတဲ့။
အဲဒီကွင်းကြီးနားမှာ ဥယျာဉ်တစ်ခုရှိတယ်။ ကင်နွန်ဟီးပါ့ခ်တဲ့။ အညောင်းပြေ လမ်းလျှောက်ဖို့ ခဏဆင်းလိုက်တယ်။ ရန်ကုန်ကန်တော်ကြီး၊ မေမြို့ကန်တော်ကြီးလောက် မလှပါဘူး။ ဒါပေမဲ့ ယူကေမှာကတော့ ရပ်ကွက်တိုင်းနီးပါး ပါ့ခ်ကလေးတွေ ရှိတတ်ကြတယ်။
ဘာမင်ဂမ်မြန်မာဘုန်းတော်ကြီးကျောင်းအ၀င်ဝ။ မြန်မာပြည်ကို ပြန်ရောက်သွားသလိုမျိုး ခံစားချက်တွေနဲ့ပေါ့။ ကျောင်းရော ဘုရားရော ကန်ရော ရှိတယ်လေ။ ဘုရားရဲ့ နောက်ဘက်မှာ ရေကန်အကြီးကြီးရှိတယ်။ ဒေါက်တာရေ၀တဓမ္မ စတင်တည်ထောင်ထားခဲ့တဲ့ ကျောင်းကြီးပါ။ ဒါပေမဲ့ ဆရာတော်က ပျံလွန်တော်မူသွားပါပြီ။ လက်ရှိ ကျောင်းထိုင်ဆရာတော်ကတော့ ဒေါက်တာဥတ္တရဥာဏပါ။ ဘုရားအောက်မှာ ခန်းမရှိပါတယ်။
၁၆ ရက်နေ့။ နိုင်ငံခြားဘုန်းတော်ကြီးတွေကိုရော ပင့်ဖိတ်ပါတယ်။ ပင်မကျောင်းဆောင်မှာ သံဃာတွေကို နေရာချထားပါတယ်။ ဘုရားလိုဏ်အတွင်းမှာ အခမ်းအနားကျင်းပပါတယ်။ ဒေါက်တာရေ၀တဓမ္မခန်းမမှာ ဆွမ်းဆက်ကပ်ပါတယ်။
ဘူဖေးစနစ်နဲ့ ဧည့်ခံပါတယ်။ အခုလို တန်းစီပြီး ယူစားရတာ ပျော်စရာ ကောင်းလောက်တယ်။
ကထိန်အခမ်းအနားကို နေ့လည် တစ်နာရီမှာ စတင်ပါတယ်။ ကျောင်းထိုင်ဆရာတော် ဒေါက်တာဥတ္တရဥာဏက တရားချီးမြှင့်ပါတယ်။
လန်ဒန် မပြန်ဖြစ်သေးတာနဲ့ ညနေပိုင်းပိုင်းမှာ ဒကာကြီးတစ်ယောက်နဲ့အတူ လမ်းလျှောက်ဖြစ်ပါတယ်။ ဘုရားအနောက်က ရေကန်ဘက်ကို သွားလျှောက်တာပါ။ ရေကန်ကြီးက အတော်လေး ရေခန်းနေတာ တွေ့ရတယ်။ ပုံမှန်ဆို အဆောက်အဦအောက်ခြေထိ ရေရောက်ပါတယ်။ ရေကန်ထဲမှာ လှေလှော်အသင်းတွေ လေ့ကျင့်လေ့ရှိပါတယ်။ ရေကန်ပတ်လမ်းရှိပါတယ်။ တစ်ပတ်ပြည့်အောင် လမ်းလျှောက်ရင် ခပ်မှန်မှန်ဆို မိနစ် ၄၀လောက် ကြာပါတယ်။
ကန်ဘောင်ပေါ်ကနေ ဘုရားကို လှမ်းရိုက်ထားတာပါ။
ဓါတ်ပုံ ထပ်ရိုက်ဦးမလို့ဘဲ။ ဒါပေမဲ့ ဒီနေရာမှာဘဲ ဘက်ထရီအားကုန်သွားတယ်။
၁၇ ရက်နေ့မှာ လန်ဒန်ကို ပြန်ခဲ့တယ်။ အထူးအဆန်းမဟုတ်ပေမဲ့ ဓါတ်ပုံလေးတွေ မှတ်တမ်းအဖြစ် သိမ်းထားချင်လို့ ဘလော့ပေါ် တင်လိုက်တာပါ။
ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့သာယာ ရှိကြပါစေ။
.
No comments:
Post a Comment