Monday, 3 October 2011

အမြင်လိမ်ခြင်း

တစ်နေ့၌ မောင်ဖြူနှင့် မောင်မဲ ဘုရားဖူး ခရီးထွက်ကြ၏။ ဘုရားဖူးရင်း မိုးချုပ်သွား၍ အနီးရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၌ လျှောက်ထားတောင်းပန်ပြီး တစ်ည အိပ်စက်ကြ၏။ ထိုကျောင်းရှိ ဦးဇင်းလေး တစ်ပါးသည် ပိဋကစာပေများကို တစ်ညလုံး အာဂုံပြန်ဆိုနေလေ၏။ ကျောင်းထိုင် ဆရာတော်ကို မေးကြည့်ရာ ထိုဦးဇင်းလေးမှာ တိပိဋက စာမေးပွဲ ၀င်ရောက်ဖြေဆိုဖို့ နေ့စဉ် နေ့ဘက်ကို စာကျက် ညဘက်ကို စာပြန် လုပ်နေသည်တဲ့။ ထိုဦးဇင်းလေးအတွက် အားလပ်ချိန်ဟူ၍ မရှိသလောက် ဖြစ်၏တဲ့။

တစ်ညတည်းခိုပြီး ပြန်လာကြရာ အပြန်လမ်း၌--
"ဦးဇင်းလေးက ကြည်ညိုစရာကောင်းလိုက်တာ။ "နေ့ကိုကျက်၍၊ ညကိုပြန်၊ သင်အံလေ့လေ့၊ ပညာဖြည့်၊ က၀ိတစ်ဆူ၊ ပါရဂူတည့်" ဆိုတဲ့အတိုင်းဘဲ။ မနားတမ်း စာကျက်စာအံ လုပ်နေတာ သာသနာအတွက် အားရလိုက်တာ" ဟု မောင်ဖြူက ပြောလေ၏။

မောင်ဖြူစကားကို ကြားရသည့်အခါ မောင်မဲက မျက်နှာရွဲ့ပြီး နှာခေါင်းတွန့်သွား၏။ ထို့နောက် သူ့ရင်ထဲ ရှိသည့် စကားတို့ကို ပြောလေတော့၏။

"အမှန်က အဲဒီဦးဇင်းလေး အချိန်ဖြုန်းနေတာ။ အခုလို တိုးတက်တဲ့ ခေတ်ကြီးမှာ စာကျက်စာအံ လုပ်စရာ မလိုတော့ဘူး။ ကွန်ပျူတာ တစ်ချက်ခေါက်လိုက်ရင် ဘာသိချင်သလဲ အကုန် သိနိုင်တယ်။ ဒါကြောင့် သူ့ရဲ့ စာကျက်စာပြန် အချိန်တွေကို လူတွေ အကျိုးရှိမဲ့ ပရဟိတ လုပ်ငန်းတစ်ခုခုမှာ အသုံးချလိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ငါကတော့ အခုလို စာကျက်နေတာကို သဘောမကျဘူး။ အလဟဿ အချိန်ဖြုန်းနေတာလို့ မြင်မိတယ်"
'

***အမြင်မကောင်းသူတို့ အကောင်းမမြင်တတ်ကြချေ။

'

No comments: