Thursday 21 April 2011

မျှော်လေတိုင်း


 ပြောမယ်သူငယ်ချင်း
ဘာဝရုပ်ကလေး ကွဲပြားရုံနဲ့
ဒီရူပက္ခန္ဓာကြီးအတွက်
တတြတတြဘိနန္ဒိနီ ဖြစ်ရရောလား။


ငါတို့ရဲ့ ဘဂ၀ါကောလိပ်မှာ
နေ့မအား ည မနား
သုစိပုဘာ ၀ိလိသိဓာ လုပ်ခဲ့တဲ့
မူလမူလီတွေ
အနက်သမ္ဗန်တွေ
ဓါတ်ပစ္စည်းခွဲတွေ
ဝိဂြိုဟ်ဗျုပ္ပတ်တွေ
အတွက် အချက်တွေ
အတက် အထွက်တွေ...
အဲဒါတွေ.. အဲဒါတွေက
ငါတို့အတွက်
ထွန်းတုံးပေါ် ခြေတင်ဖို့  သဘင်ပညာ မဟုတ်ဘူးလေ။


ဒီဓါတ်ပုံလေးကို ကြည့်စမ်း သူငယ်ချင်း
တမျှော်တခေါ် သဲကန္တာရ ရှုခင်းတွေ
ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်တွေ
အလွန်မတ်စောက်တဲ့ ချောက်ကမ်းပါးတွေ
ဆူးချင်းလိမ်ယှက်နေတဲ့ ပန်းရိုင်းပင်တွေ
သဘာဝ ကျားရဲ တိရစ္ဆာန်တွေ...
ဓါတ်ပုံထဲမှာတော့ မျက်စိပသာဒ ဖြစ်သား
ဒါပေမဲ့
အဲဒီလို အလှတရားတွေရဲ့နောက်ကွယ်မှာ
ဘ၀ပါ ပါသွားနိုင်တဲ့ အန္တရာယ်တွေရှိတယ်ဆိုတာ
ငါတို့ မနုဿတွေ မျက်စိ ကန်းနေကြတယ်။


ကျွတ်တမ်း ၀င်သွားတာလား
မကျွတ်တမ်း ခင်သွားတာလား
ဘာလား ညာလား မပြောတတ်ပေမဲ့
အာရုံငါးပါးလေးအတွက်
နားရက်တောင် မရှိရှာတဲ့ မင့်ကို
ငါ တကယ် ကရုဏာ သက်မိတယ်။


အတိတ်မှာလဲ မွေ့လျော်
အနာဂါတ်မှာလဲ တွေ့ပျော်ရဦးမဲ့
ဒီ ဘာဝရုပ်ကလေးကို
အခုပစ္စုပ္ပန်မှာတော့
သက်သတ်လွတ်ကလေး စဉ်းစားဖို့ ကောင်းတာပေါ့။


တကယ်ဆို
ကမ်းနေတဲ့ လက်တွေ အများကြီးပါ
ခေါ်နေတဲ့ သူတွေ အများကြီးပါ
မျှော်နေတဲ့လူတွေ အများကြီးပါ
ဒါပေမဲ့
ဘာဖြစ်လို့ သူ့လက်ကိုမှ ချန်ပီယံ ပေးအပ်လိုက်ရတာလဲ။


ငါတို့ရဲ့ တပ်ဦးမှာ
တပ်မှူးတစ်ယောက် လျော့သွားတဲ့အတွက်
ရှေ့တမ်းထွက်ဖို့
အချိန်တွေ ၀ယ်ယူရဦးမယ် သူငယ်ချင်း။


ဒါပေမဲ့..
ငါပြောရဲတယ် သူငယ်ချင်း။


ဖရင့်ဒ်လီ ဖိုင်းယားကြောင့်
ဒဏ်ရာတွေ ဗလဗွရခဲ့ပေမဲ့
ဒဏ်ရာတွေနဲ့ ပျော်
တိုက်ပွဲတွေကို မျှော်ပြီး
ပြည်တော်ပြန်ခရီးမှာ
အချည်းနှီး မဖြစ်စေရပါဘူး သူငယ်ချင်း။
အချည်းနှီး မဖြစ်စေရပါဘူး သူငယ်ချင်း။
အချည်းနှီး မဖြစ်စေရပါဘူး သူငယ်ချင်း။


*** Picture from Google Search

.

1 comment:

မြစ်ကျိုးအင်း said...

ကဗျာလေးက ကောင်းလွန်းတယ်။
ပါဠိစာသားတွေနဲ့ ခပ်သွက်သွက်ရေးထားတာ ဒီတခါပဲ ဖတ်ဖူးသေးပါတယ်။

“အတိတ်မှာလဲ မွေ့လျော်
အနာဂါတ်မှာလဲ တွေ့ပျော်ရဦးမဲ့
ဒီ ဘာဝရုပ်ကလေးကို
အခုပစ္စုပ္ပန်မှာတော့
သက်သတ်လွတ်ကလေး စဉ်းစားဖို့ ကောင်းတာပေါ့။”

ထိထိမိမိပါပဲဘုရား။