Sunday 6 March 2011

တစ်နိုင် တစ်ပိုင် အတ္တ

 မျက်လုံးတွေ အများအပြား  ကြားထဲမှာ နေထိုင်ရတဲ့အတွက် အသက်ရှူရ ကြပ်စေတယ်။ နားတွေရဲ့ နံရံပေါက်တွေက ကြောက်စိတ်ကို ပိုတိုးစေတယ်။ ပါးစပ်တွေရဲ့ အချက်အလက်မှား ယိုဖိတ်မှုတွေက ထိတ်လန့်မှုကို ပိုဖြစ်စေတယ်။ ဒါပေမဲ့ ဒီ မျက်လုံး ဒီနား ဒီပါးစပ်တွေကို ဘယ်သူမှ ရှောင်လို့ မလွတ်နိုင်ကြဘူး။ အဲဒါကိုဘဲ လောကလို့ ခေါ်လေရော့သလား။ လောကမှာ ပတ်ဝန်းကျင်တွေရှိတယ်။ လောကမှာ မမြင်နိုင်တဲ့ မြင်ကွင်းတွေ ရှိတယ်။ မကြားနိုင်တဲ့ သံစဉ်တွေ ရှိတယ်။ အနံ့မရနိုင်တဲ့ ရနံ့တွေ ရှိတယ်။ မြည်းစမ်းမရနိုင်တဲ့ အစားအစာတွေ ရှိတယ်။ မတွေ့ထိကောင်းတဲ့ အတွေ့အထိတွေ ရှိတယ်။ မကြံစည်နိုင်တဲ့ အတွေးအမြင်တွေရှိတယ်။ အဲဒီ အာရုံတွေရဲ့ ညှို့ယူမှုတွေက  အတ္တကိုဘဲ မြိမြိထက်အောင် သွေးနေတတ်ကြတယ်။ အတ္တမြိမြိထက်လေ ပကတိ မြင်အား ယုတ်လျော့လေ ဆိုတာကိုတော့ အတ္တပိုင်ရှင် ကိုယ်တိုင် မသိမြင်နိုင်ကြရှာဘူး။

လူတိုင်းက ကိုယ့်အတ္တဘဲ ကိုယ်ကြည့်ကြတော့ ပတ်ဝန်းကျင်ကို အမှန်အတိုင်း မမြင်နိုင်တော့ဘူးပေါ့။ အတ္တက အမှန်တရားတွေကို ဖုံးလွှမ်းထားတယ်။ ငါပြောတာမှ အဟုတ်၊ သူပြောတာ အမှား၊ ငါ လုပ်တာက အမှန်၊ သူလုပ်တာက အမှား။ အဲဒီလို မညီမျှတဲ့ အတွေးလေးတွေကို အတ္တက တွန်းထုတ်ပေးတတ်တယ်။ အဲဒီ အတ္တရဲ့ တွန်းထုတ်အားတွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး နစ်နာရတယ်။ အချင်းချင်း မသင့်မမြတ် ဖြစ်ရတယ်။ ယုတ်စွအဆုံး အဖွဲ့အစည်းတွေမှာ အက်ကွဲရာတွေ ထင်လာတတ်တယ်။ အတ္တ လွန်ကဲ ပြင်းထန်လာရင် ကိုယ့်အတ္တကို ကိုယ် မနိုင်တော့ဘဲ ဖြစ်တတ်ပါတယ်။ ကိုယ့်အတ္တ ကိုယ်မသယ်ဆောင်နိုင်တော့ရင် အတ္တပိပြီး အတ္တသမားကိုယ်တိုင် အတ္တရဲ့ ဒဏ်ခတ်ခြင်းကို ခံရတတ်တယ်။

မလိုလားအပ်တဲ့ အတ္တတွေ လိုလားအပ်တဲ့ အဖွဲ့အစည်းထဲ ၀င်ရောက်လာပြီဆိုရင် ကိုယ်ပိုင်အတ္တတွေမှာလဲ ဒဏ်ရာကိုယ်စီရတတ်ကြပါတယ်။ အဖွဲ့အစည်းမှာလဲ အကွဲကွဲ အပြားပြား ဖြစ်သွားတတ်ပါတယ်။ ဒီလောက်ဆိုးဝါးတဲ့ အတွက်ကြောင့်လဲ ဘုရားရှင်က အတ္တ၀ါဒကို တော်လှန်ခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့လဲ ပုထုဇဉ်မှန်သမျှတော့ အတ္တဥခွံထဲမှာ ခြေကုတ်ယူထားကြတဲ့ သူတွေ ချည်းပါဘဲ။

အတ္တဆိုတဲ့ စကားလုံးက လူတွေရဲ့ ဘ၀ကို ပြောင်းလွဲပစ်စေနိုင်တယ်။ လမ်းမှားကို ပို့စေနိုင်တယ်။ မမှန်စကားကို ဆိုစေနိုင်တယ်။ ကုန်ကုန်ပြောရရင် အရာအားလုံးကို ပြောင်းပြန်ဖြစ်စေနိုင်တယ်။  အတ္တရဲ့ ဒီဂရီ ကြီးမားလာလေ လောကကြီး တစ်ခုလုံး ဒုက္ခရောက်လေပါဘဲ။ ဒါဖြင့် အတ္တကို လူတိုင်း ကင်းနိုင်ကြရဲ့လား။ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အတ္တကို လျော့ချလို့တော့ ရနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ လျော့ချပစ်မလဲ။ စာနာနားလည်ပေးခြင်းနဲ့ လျော့ချရမှာပေါ့။ ဘယ်လို စာနာ နားလည်ပေးမလဲ။ လွယ်လွယ်လေးပါဘဲ။ မိမိရဲ့ အတ္တနှင့် အခြားသူရဲ့ အတ္တကို နေရာချင်း လဲကြည့်လိုက်ရုံပါဘဲ။ 

သူ့အတ္တက ကိုယ့်ဆီရောက် ကိုယ့်အတ္တက သူ့ဆီရောက် အဲဒီလိုလေး နေကြည့်လိုက်ရင် နားလည်မှုလေးတွေ ရှိလာနိုင်ပါတယ်။ ကိုယ့်အတ္တရဲ့ တောင်းဆိုမှု သူ့အတ္တရဲ့ လိုချင်မှုတွေကို ချိန်ထိုးကြည့်ပြီး အတ္တချင်း တူညီမှု ညီမျှခြင်းတွေ ချရပါမယ်။ ဥပမာ သွားကိုက် သွားနာ ဖြစ်ဖူးတဲ့ သူဟာ အခြားသူ သွားကိုက် သွားနာ ဖြစ်နေတာကို တွေ့မြင်ရတဲ့အခါ ကိုယ်ချင်းစာနာပြီး သူလဲ ငါ သွားနာနေတုန်းကလို အရမ်း နာနေရှာမှာဘဲ ဆိုတဲ့ နားလည်စာနာ ပေးနိုင်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာသလိုပေါ့။ ကိုယ့်မှာ ရှိတဲ့ အတ္တကို ကြည့်ပြီး သူ့မှာ ရှိတဲ့ အတ္တကို နားလည်ပေးနိုင်လာပါမယ်။ အဲဒီလို နားလည်ပေးလိုက်ရင် အတ္တရဲ့ ဒီဂရီကို အတိုင်းအတာ တစ်ခုအထိ လျော့ချပစ်လို့ ရနိုင်ပါတယ်။

ဒါကြောင့် ဒီလိုလေး ပြောချင်ပါတယ်။ အတ္တရှိပါ။ ဒါပေမဲ့ တစ်နိုင်တစ်ပိုင်အတ္တဘဲ ဖြစ်ပါစေလို့။ 

.***Picture from Google search.

1 comment:

မေဓာဝီ said...

ငါပြောတာ အဟုတ်
ငါလုပ်တာ အမှန်
ငါကြံတာ အကောင်း
ငါထဲမှာ ငါပေါင်းလို့
ငါထောင်သောင်းမက
ငါ့အတ္တများ
ငါဆောင်ထားသည်
ငါနှင့် ငါသာ ရှိပါတကား ... ။

အတ္တကြီးလွန်းရင် အထီးကျန်တတ်တယ်လို့ ထင်တာပဲ ဦးဇင်း။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်လွန်းတော့ နောက်ဆုံး လူတွေနဲ့ ကင်းကွာ ပတ်ဝန်းကျင်နဲ့ ကင်းကွာရင်း နောက်ဆုံး အဖော်မဲ့ အထီးကျန်ဘ၀ ရောက်သွားနိုင်တယ်လို့ တပည့်တော်ကတော့ ထင်တာပါပဲ ဘုရား။