Tuesday, 26 February 2013
စေတနာသာ အဓိက
တစ်ခါသော် ရသေ့နှစ်ပါး ကောင်းကင်ခရီးဖြင့် ဈာန်ကြွရင်း မြွေတစ်ကောင်က ဖားတစ်ကောင်ကို မျိုနေသည်ကို တွေ့မြင်ကြလေ၏။ ပထမရသေ့က ဒုက္ခာမုစ္စန္တု ဟု ရွတ်ဆိုပြီး ဖားလေး ဒုက္ခမှ လွတ်မြောက်ပါစေဟု စေတနာပြု၏။ ဒုတိယရသေ့က သဗ္ဗေသတ္တာ ကမ္မဿကာ ဟု ရွတ်ပြီး သတ္တ၀ါအားလုံး ကံတရားစီမံသည့်အတိုင်းဟု စေတနာပြု၏။ ပထမရသေ့ ဈာန်ပျံရာမှ အောက်သို့ ပြုတ်ကျလေ၏။ မြွေ၏ အစာကို ဟန့်ပြီး မြွေကို ဒုက္ခဖြစ်စေသလို ဖြစ်သောကြောင့် ဖြစ်၏။ ဒုတိယရသေ့ ဈာန်ပျံမြဲ ပျံလေ၏။ ဥပေက္ခာဗြဟ္မစိုရ်တရား ပွါးများသောကြောင့်တည်း။
ထို့နောက် နောက်ထပ်ရသေ့နှစ်ပါး ဈာန်ပျံရင်း ရောက်လာကြပြန်၏။ မြွေက ဖားကို မျိုနေသည်ကို မြင်ကြပြန်၏။ ပထမရဟန်းက ဒုက္ခာမုစ္စန္တု ဟု ရွတ်သော်ငြားလည်း စိတ်က သတ္တ၀ါအားလုံး ကံတရားစီမံသည့်အတိုင်းဖြစ်ပါစေဟု စေတနာပြု၏။ ဒုတိယရဟန်းက သဗ္ဗေသတ္တာ ကမ္မဿကာဟု ရွတ်သော်လည်း စိတ်ထဲက ဖားကလေး ဒုက္ခမှ လွတ်ပါစေဟု စေတနာ ပြု၏။ ဒုတိယရဟန်း ဈာန်လျောကျ၏။ ပထမရဟန်း ဈာန်ပျံမြဲပျံလေ၏။
စေတနာသာ အဓိက ဟု ဆိုလို၏။
ဗြိတိသျှစာကြည့်တိုက် ၊ ပါရမီတော်နိဿယ ပေမူမှ ကောက်နှုတ်ထားသည်။
.....
လူတစ်ယောက် နေပူတောထဲ လမ်းလျှောက်ရင်း ရုပ်ပွါးတော်လေး အမိုးအကာမရှိဘဲ နေပူနေသည်ကို မြင်၍ နေပူသက်သာစေရန် ကြည်ညိုသောစိတ်ဖြင့် ဖိနပ်ချွတ်ပြီး ထီးလုပ်ပူဇော်ထားခဲ့၏။
နောက်တစ်ယောက်လဲ ထိုနေရာသို့ ရောက်လာရာ ထို ဖိနပ်မိုးထားသော ရုပ်ပွါးတော်လေးကို မြင်လေ၏။ ဖိနပ်နှင့်ရုပ်ပွါးတော် မသင့်တော်ပါဘူး ဆိုပြီး ကြည်ညိုသောစိတ်ဖြင့် ဖိနပ်အား ဖယ်ရှားထားခဲ့လေ၏။ 
ဒုတိယလူ သက်တမ်းစေ့နေပြီး သေသွားသောအခါ တာဝတိံသာ နတ်ပြည်တွင် ဖြစ်လေ၏။ ထိုမှ သက်တမ်းစေ့ပြီး စုတေလေရာ လူ့ပြည်တွင် စကြာဝတေးမင်းဖြစ်လေ၏။
ပထမလူ သက်တမ်းစေ့နေပြီး သေလွန်သောအခါ တုသိတာ နတ်ပြည်တွင် ဖြစ်လေ၏။ ထိုမှ သက်တမ်းစေ့ပြီး စုတေလျှင် လူ့ပြည်တွင် စကြာဝတေးမင်း ဖြစ်လေ၏။ 
ပထမလူက ပိုသာလွန်၏။ (တုသိတာနတ်ပြည်သည် တာဝတိံသာနတ်ပြည်ထက် ကြီးကျယ်မြင့်မြတ်၏။ အသက်တမ်းလဲ ပိုရှည်၏)။
စေတနာသာ အဓိက ဖြစ်၏။
(ဤဒုတိယအကြောင်းအရာကို မည်သည့် ပေစာထဲက ထုတ်နှုတ်ယူထားသည်ဟု မမှတ်ထားမိလိုက်သည်ကို နောင်တရမိ၏။ ပေစာ တစ်ခုခုထဲကတော့ သေချာ၏။ အထက်က ပထမအကြောင်းအရာအတိုင်း ပါရမီတော်နိဿယ ပေမူထဲကများလား မသိ)။ 
.
Monday, 25 February 2013
မောရသုတ် နိဿယသစ် (သပြေကန်မူ)
(၆၆)
ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
(၆၇)
စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။
''ဗြဟ္မမန္တ''န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
 ဟေ၊ အို သူတော်ကောင်းတို့။ ဗောဓိသမ္ဘာရေ၊ သဗ္ဗညုတဥာဏ် ရရန်ထောက်ကူ ပါရမီအဆောက်အဦတို့ကို။ ပူရေန္တံ၊ ဖြည့်ကျင့်ဆည်းပူးတော်မူသော။ မောရယောနိယံ၊ ဥဒေါင်းမျိုး၌။ နိဗ္ဗတ္တံ၊ ဖြစ်တော်မူသော။ ယေန ပရိတ္တေန၊ အကြင် မောရသုတ် ပရိတ်တော်ဖြင့်။ သံဝိဟိတာရက္ခံ၊ ကောင်းစွာပြုစီရင်အပ်သည့် စောင့်ရှောက်ကာကွယ်မှုရှိသော။ မဟာသတ္တံ၊ ဘုရားအလောင်း ရွှေဥဒေါင်းမင်းကို။ ၀နေစရာ၊ ခုနစ်ဆက်သော မုဆိုးတို့သည်။ စိရဿံ၊ နှစ်ပေါင်းခုနစ်ရာ ရှည်မြင့်ကြာအောင်။ ၀ါယမန္တာပိ၊ ဖမ်းမိဖို့ရာ ကြိုးစားကြပါကုန်သော်လည်း။ ဂဏှိတုံ၊ လက်ရဖမ်းယူခြင်းငှာ၊ နေ၀သက္ခိံသု၊ မတတ်နိုင်ကြကုန်သည်သာတည်း။ ဗြဟ္မမန္တန္တိ၊ ဗြဟ္မမန္တန် (ထူးမြတ်သော မန္တန်) ဟူ၍။ အက္ခာတံ၊ ရှင်တော်ဘုရား ချီးကျူးမြွက်ကြားတော်မူအပ်သော။ တံ ပရိတ္တံ၊ ထို မောရသုတ် ပရိတ်တော်ကို။ (မယံ၊ ငါတို့သည်။) ဘဏာမ၊ ရွတ်ကြပါကုန်စို့။
(၆၈)
ဥဒေတ'ယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊
တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
စက္ခုမာ၊ ကမ္ဘာသူ ကမ္ဘာသားတို့အား ပေးအပ်သော မျက်စိ ရှိပေထသော။ ဧကရာဇာ၊ အရောင်များတွင် ပြိုင်ယှဉ်ဖွယ်ကင်း တဦးတည်းသော မင်းဖြစ်ပေထသော။ ဟရိဿဝဏ္ဏော၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိပေထသော။ ပထ၀ိပ္ပဘာသော၊ မြေပြင်၌ ပြန့်အနှံ့ပင် ထွန်းလင်းတတ်ပေထသော။ အယံ၊ ဤနေမင်းသည်။ ဥဒေတိ၊ တက်ထွန်းပေါ်ထွက်လာပေ၏။ တံ တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိပေထသော။ ပထ၀ိပ္ပဘာသံ၊ မြေပြင်၌ ပြန့်အနှံ့ပင် ထွန်းလင်းတတ်ပေထသော။ တံ၊ (ထို)အရှင်နေမင်းကို။ နမဿာမိ၊ ရှိခိုးပါ၏။ တယာ၊ (သင်) အရှင်နေမင်းသည်။ အဇ္ဇ၊ ယနေ့။ ဂုတ္တာ၊ စောင့်ရှောက်အပ်ကုန်သည်ဖြစ်၍။ မယံ၊ အကျွန်ုပ်တို့သည်။ ဒိဝသံ၊ တနေ့တာပတ်လုံး။ ၀ိဟရေမု၊ ချမ်းချမ်းသာသာ နေကြရပါကုန်အံ့။
(၆၉)
ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော' တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ' နမတ္ထု ဗောဓိယာ။
နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
ယေ ဗြဟ္မဏာ၊ ပယ်ရှားအပ်သည့် မကောင်းမှုရှိသော ၀ိသုဒ္ဓိဗြဟ္မဏ အကြင်ဗုဒ္ဓရှင်တော်မြတ်တို့သည်။ သဗ္ဗဓမ္မေ၊ အလုံးစုံသော တရားတို့ကို။ ဝေဒဂူ၊ ဥာဏ်အမြင်အား ထင်ရှားပြုတုံ သိတော်မူကြကုန်၏။ တေ ဗြဟ္မဏာ၊ ထို ဗုဒ္ဓရှင်တော်မြတ်တို့သည် မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းကို။ (ပဋိက္ကမန္တု၊ ခံယူတော်မူကြပါကုန်။) တေ၊ ထို ရှင်တော်မြတ်ဘုရားတို့သည်။ မံ စ၊ အကျွန်ုပ်ကိုလည်း။ ပါလယန္တု၊ စောင့်ရှောက်တော်မူကြပါကုန်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ဗောဓိယာ၊ ဘုရားရှင်တို့၏ မဂ်ဥာဏ်ဖိုလ်ဥာဏ်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ၀ိမုတ္တာနံ၊ အရဟတ္တဖိုလ် ၀ိမုတ္တိဖြင့် ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဗုဒ္ဓအရှင်မြတ်တို့အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ၀ိမုတ္တိယာ၊ ရှင်တော်မြတ်တို့၏ ၀ိမုတ္တိငါးပါးအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ (ဘိက္ခဝေ၊ ရဟန်းတို့။) သော မောရော၊ ထို ဥဒေါင်းမင်းသည်။ ဣမံ ပရိတ္တံ၊ ဤ ပရိတ်အရံအတားကို။ ကတွာ၊ ပြုလုပ်၍။ ဧသနာ ဧသနာယ၊ အစာရှာခြင်းငှာ။ စရတိ၊ လှည့်လည်၏။
(၇၀)
အပေတ'ယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊
တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
စက္ခုမာ၊ ကမ္ဘာသူ ကမ္ဘာသားတို့အား ပေးအပ်သော မျက်စိ ရှိပေထသော။ ဧကရာဇာ၊ အရောင်များတွင် ပြိုင်ယှဉ်ဖွယ်ကင်း တဦးတည်းသော မင်းဖြစ်ပေထသော။ ဟရိဿဝဏ္ဏော၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိပေထသော။ ပထ၀ိပ္ပဘာသော၊ မြေပြင်၌ ပြန့်အနှံ့ပင် ထွန်းလင်းတတ်ပေထသော။ အယံ၊ ဤနေမင်းသည်။ အပေတိ၊ အတ္တတောင်စွယ် ၀င်ပျောက်ကွယ်၏။ တံ တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိပေထသော။ ပထ၀ိပ္ပဘာသံ၊ မြေပြင်၌ ပြန့်အနှံ့ပင် ထွန်းလင်းတတ်ပေထသော။ တံ၊ (ထို)အရှင်နေမင်းကို။ နမဿာမိ၊ ရှိခိုးပါ၏။ တယာ၊ (သင်) အရှင်နေမင်းသည်။ အဇ္ဇ၊ ယနေ့။ ဂုတ္တာ၊ စောင့်ရှောက်အပ်ကုန်သည်ဖြစ်၍။ (မယံ၊ အကျွန်ုပ်တို့သည်။) ရတ္တိံ၊ တညတာပတ်လုံး။ ၀ိဟရေမု၊ ချမ်းချမ်းသာသာ နေကြရပါကုန်အံ့။
(၇၁)
ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသ' မကပ္ပယိ။
 ယေ ဗြဟ္မဏာ၊ ပယ်ရှားအပ်သည့် မကောင်းမှုရှိသော ၀ိသုဒ္ဓိဗြဟ္မဏ အကြင်ဗုဒ္ဓရှင်တော်မြတ်တို့သည်။ သဗ္ဗဓမ္မေ၊ အလုံးစုံသော တရားတို့ကို။ ဝေဒဂူ၊ ဥာဏ်အမြင်အား ထင်ရှားပြုတုံ သိတော်မူကြကုန်၏။ တေ ဗြဟ္မဏာ၊ ထို ဗုဒ္ဓရှင်တော်မြတ်တို့သည် မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းကို။ (ပဋိက္ကမန္တု၊ ခံယူတော်မူကြပါကုန်။) တေ၊ ထို ရှင်တော်မြတ်ဘုရားတို့သည်။ မံ စ၊ အကျွန်ုပ်ကိုလည်း။ ပါလယန္တု၊ စောင့်ရှောက်တော်မူကြပါကုန်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ဗောဓိယာ၊ ဘုရားရှင်တို့၏ မဂ်ဥာဏ်ဖိုလ်ဥာဏ်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ၀ိမုတ္တာနံ၊ အရဟတ္တဖိုလ် ၀ိမုတ္တိဖြင့် ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဗုဒ္ဓအရှင်မြတ်တို့အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ ၀ိမုတ္တိယာ၊ ရှင်တော်မြတ်တို့၏ ၀ိမုတ္တိငါးပါးအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေ။ (ဘိက္ခဝေ၊ ရဟန်းတို့။) သော မောရော၊ ထို ဥဒေါင်းမင်းသည်။ ဣမံ ပရိတ္တံ၊ ဤ ပရိတ်အရံအတားကို။ ကတွာ၊ ပြုလုပ်၍။ ၀ါသံ၊ အိပ်တန်းတက်လေ ညအိပ်နေခြင်းကို။ အကပ္ပယိ၊ ပြုလေပြီ။ ။
မောရသုတ္တံ နိဋ္ဌိတံ။
မောရသုတ္တံ၊ မောရသုတ်သည်။ နိဋ္ဌိတံ၊ ပြီးပြီ။ ။
.
Wednesday, 20 February 2013
သတ်ပုံ သတ်နည်းလေးတွေ
ဒီပို့စ်လေးက ဒကာတော်ဆရာဟန်ကြည်ရဲ့ ကျေးဇူးကြောင့် ဖြစ်ပေါ်လာတယ်ဆိုရင် မမှားပါဘူး။ သူရဲ့ ချစ်သောအညာ အပိုင်း ၅ မှာ ပါရှိတဲ့ အကြောင်းအရာတချို့ကို စာရေးသူက ကောန်မင့်တ်ပေးခဲ့လိုက်တယ်။ အဲဒီကောန်မင့်တ်ကို ထပ်ဆင့် ဖြေရှင်းရေးပေးခဲ့တဲ့ သူ့ရဲ့ ဖြေရှင်းချက်လေးကြောင့် အခုလို ရေးဖို့ အတွေး ပေါ်လာတာပါ။ ပြောရမယ်ဆိုရင်တော့ This post is dedicated to a Blogger, Mr. Han Kyi ဘဲပေါ့။ 
သူ့ရဲ့ ပွင့်လင်းမြင်သာတဲ့ အမှန်တရားကို မြတ်နိုးမှု၊ ပုထုဇဉ်ပီပီ အမှားမကင်းနိုင်မှုကြောင့် တခါတရံ ချွတ်ယွင်းမှုလေးတွေကို ထောက်ပြပေးတဲ့သူရှိရင် လိုလိုလားလား ပျော်ရွှင်စွာ လက်ခံတတ်မှု၊ အမှန်တရားလိုလားသူတို့အတွက် သူ့ရဲ့ အမှားပြင်ဆင်ပေးတတ်မှု စတဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ကို မြင်တွေ့လိုက်ရတာဟာ သူ့ရဲ့ ပို့စ်မှာ စာရေးသူပေးလိုက်မိတဲ့ ကောန်မန့်တ်လေးရဲ့ အကျိုးရလာဘ်တွေဘဲပေါ့။
ပြောမှာသာ ပြောရတယ်။ အဲဒီ ကောန်မန့်တ် ပေးလိုက်ပြီးနောက် သူ ကြိုက်ပါ့ ကြိုက်ပါ့မလား၊ ပြန်ဖျက်ပေးလိုက်ရင် ကောင်းမလား ဆိုပြီး စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်ခဲ့မိသေးတယ်။ လူတိုင်းက တဘက်လူ အမှား ထောက်ပြပေးတာကို ခံနိုင်ရည်ရှိနိုင်ဖို့ ခက်ခဲကြတယ် မဟုတ်လား။ ဒါကလဲ လူ့သဘာဝ လူ့မာန တစ်ခုပါဘဲ။ ရရစ်နဲ့ ကြောင်းကြောင်း၊ ယပင့်နဲ့ ကျောင်းကျောင်း ဘယ်သူမှ အိမ်လို့ မဖတ်ကြပါဘူး လို့ ဆိုတတ်ကြတယ် မဟုတ်လား။ ဒါပေမဲ့ သူ့ရဲ့  အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုက လေးစားစရာပါ။
အဓိက လိုရင်း ပြောရရင်တော့ သူ့ရဲ့ ပို့စ်ထဲမှာ ၀ိသုဒ္ဓာရုံ ရှင်ကျင့်ဝတ် ဆိုတဲ့ သတ်ပုံတစ်ခု၊ ကြက်သွန်ခွာလိုက် ဆိုတဲ့ သတ်ပုံတစ်ခု။ အဲဒီ နှစ်ခုကြောင့် မြန်မာအက္ခရာတွေကို ရေးချ (-ါ သို့မဟုတ် -ာ) ရေးတဲ့အခါမှာ ၀ိုက်ချ (-ာ) နဲ့ ရေးရမဲ့ အက္ခရာ၊ မောက်ချ (-ါ) နဲ့ ရေးရမဲ့ အက္ခရာတွေကို စာရေးသူက ကောန်မန့်တ် ပေးခဲ့မိပါတယ်။ ၀ိသုဒ္ဓာရုံလို့ မရေးသင့်ဘူး၊ ၀ိသုဒ္ဓါရုံ လို့ဘဲ ရေးသင့်တယ်၊ ကြက်သွန်ခွာလိုက်လို့ မရေးသင့်ဘူး၊ ကြက်သွန်ခွါလိုက် လို့ဘဲ ရေးသင့်တယ် စသဖြင့်ပေါ့။ စာရေးသူတို့ မြန်မာ ဗျည်း ၃၃ လုံးထဲမှာ မောက်ချ (-ါ) နဲ့ ရေးရမဲ့ ဗျည်းက (ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀) ဆိုပြီး ဗျည်း ၆ လုံးရှိပါတယ်။ ကျန်တဲ့ ဗျည်း ၂၇ လုံးကိုတော့ ၀ိုက်ချ (-ာ) နဲ့ဘဲ ရေးရမယ် မဟုတ်လား။ အဲဒီ မောက်ချ ချရမဲ့ ဗျည်း ၆ လုံးကို မှတ်ရလွယ်ကူအောင် (ခင် ဂု ငေါ ဒေါ ပုံ ၀၊ ခြောက်လုံး မောက်ချ ချ) ဆိုပြီး ဆိုရိုးလင်္ကာရှိခဲ့ပါတယ်။ ပြီးတော့ (ဒါ ငါ့ပါဝါ၊ ခါဂါ မှတ်ထား) ဆိုပြီးလဲ ဒီဘလော့ဂ်မှာ ဘလော့ဂါက သူ့ဆရာရဲ့ အာဘော်ကို ရေးထားတာ တွေ့လိုက်မိပါသေးတယ်။ ကောင်းပါတယ်။ မှတ်မိနေဖို့က အဓိက မဟုတ်လား။ ဒါပေမဲ့ (ခင် ဂု ငေါ ဒေါ ပုံ ၀) ဆိုတဲ့ လင်္ကာလေးကိုဘဲ စာရေးသူ ပိုနှစ်သက်မိပါတယ်။ ဗျည်းအက္ခရာအစဉ်အတိုင်းလေးဆိုတော့ မှတ်ရတာ ပိုလွယ်ကူလို့ပါ။
ဥပမာ။
ဝိုက်ချ (-ာ)ကို မောက်ချ (-ါ)ဖြင့် ရေးခြင်း
ပြည်ထောင်စု (ပြည်ထေါင်စု)
ဓာတ်တော် (ဓါတ်တော်)
သားကောင်းရတနာ (သားကေါင်းရတနာ)
မောက်ချ (-ါ)ကို ၀ိုက်ချ (-ာ)ဖြင့် ရေးခြင်း
ခါတော်မီ (ခာတော်မီ)
ဂါထာမန္တန် (ဂာထာမန္တန်)
ငါတို့ဌာနေ (ငာတို့ဌာနေ)
ဒါ တို့ပြည် (ဒာတို့ပြည်)
ပါပီလေး (ပာပီလေး)
ဝါမ၀င်ခင် (၀ာ မ၀င်ခင်)
ဒီဥပမာတွေထဲမှာ ၀ိုက်ချဗျည်းကို မောက်ချ(-ါ)နဲ့ ရေးတဲ့အခါ ဖတ်လို့ ကောင်းကောင်း ရနိုင်ပါတယ်။ ရှုပ်ထွေးမသွားပါဘူး။ ဒါပေမဲ့ မောက်ချဗျည်းကို ၀ိုက်ချ(-ာ)နဲ့ ရေးတဲ့အခါမှာတော့ ပြဿနာ တက်လာနိုင်ပါတယ်။ ဥပမာ......
ခါ = ခာ (ဆ) ဆလိမ်နဲ့ မှားသွားနိုင်ပါတယ်။
ဂါ = ဂာ (က) ကကြီးနဲ့ မှားသွားနိုင်ပါတယ်။
ငါ = ငာ (တ) တ၀မ်းပူနဲ့ မှားသွားနိုင်ပါတယ်။
ဒါ = ဒာ (အ) အ နဲ့ မှားသွားနိုင်ပါတယ်။
ပါ = ပာ (ဟ) ဟ နဲ့ မှားသွားနိုင်ပါတယ်။
ဝါ = ၀ာ (တ) တ၀မ်းပူနဲ့ မှားသွားနိုင်ပါတယ်။
ဒကာတော် ဆရာဟန်ကြည်ရဲ့ ၀ိသုဒ္ဓာရုံ၊ ကြက်သွန်ခွာ ဆိုတဲ့ စာလုံးတွေကို စာရေးသူက ၀ိုက်ချ (-ာ) အစား မောက်ချ(-ါ)နဲ့ ရေးသင့်တဲ့ အကြောင်းကို (ခင် ဂု ငေါ ဒေါ ပုံ ၀) လင်္ကာလေးနဲ့ ကောန်မန့်တ် ပေးခဲ့လိုက်တယ်။  အဲဒီ ကောန်မန့်တ်လေးကို သူပြန်လည် ဖြေရှင်းပေးခဲ့တာလေးက စိတ်ဝင်စားစရာပါ။  ခ ဂ င ဒ ပ ၀ စာလုံးသက်သက်ဆိုရင် မောက်ချ (-)နဲ့ ရေးရမှာ ဖြစ်ပေမဲ့ အဲဒီ ခ ဂ င ဒ ပ ၀ စာလုံးတွေကို လုံးထပ်နဲ့ ရေးမယ်ဆိုရင်တော့ ၀ိုက်ချ (-ာ)နဲ့ ရေးထုံးရှိပါတယ်တဲ့။ သိပ်ကောင်းတဲ့  ရှင်းပြချက်ကလေးပါ။ အဲဒီ ရှင်းပြချက်ကလေးကြောင့် စာရေးသူလဲ အဲဒီ သတ်ပုံနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ဂူးလ်ဂဲထဲ လိုက်မွှေဖြစ်ခဲ့တယ်။ ကျေးဇူးပါ ဒကာတော်။ အမှန်မှာလဲ သူပြောတဲ့အတိုင်း မြန်မာသတ်ပုံကျမ်းမှာ ပါရှိပါတယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ဇယားကွက် ဆယ်ကြောင်းမြောက်က ပထမဆုံးစာလုံးမှာ ခွာ လို့ ရေးထားပါတယ်။ ခခွေးနဲ့ ၀ ကို လုံးဆင့်ထားတဲ့အတွက်ကြောင့် ခွာ ဆိုပြီး ဖြစ်နေတာပါ။ ဒီတော့ သူရေးခဲ့တဲ့ ကြက်သွန်ခွာလိုက် ဆိုတဲ့ စာလုံးဟာ မြန်မာသတ်ပုံအရ မှန်ကန်ပါတယ်။ ၀ိသုဒ္ဓာရုံဆိုတဲ့ စာလုံးလဲ ထိုနည်း၎င်းဘဲပေါ့။ အဲဒီတော့ ( ခွာလှန်၊ ဂွာတီမာလာ၊ ငွားငွားစွင့်စွင့်၊ ဒွာရဂိုဏ်း၊ ပွားများ၊ ခပ်ခွာခွာ) အဲဒီအတိုင်းရေးရင်လဲ မှန်ကန်နိုင်ပါတယ်။
ဒါနဲ့ အဲဒီ ၀ိုက်ချ မောက်ချ အကြောင်းလေးကို စိတ်ဝင်စားသွားပြီး အင်တာနက်တခွင် လိုက်ရှာမိခဲ့တယ်။  စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်လေးတစ်ခု တွေ့ဖြစ်ခဲ့တယ်။ ကလိုစေးထူးရဲ့ စာကောင်းပေမွန်များကို ဖျက်ဆီးနေသော အရာများ ဆိုတဲ့ ပို့စ်လေးပါ။ အဲဒီပို့စ်ထဲမှာ မောက်ချ (-ါ)နဲ့ ရေးရမဲ့ မြန်မာဗျည်းတွေကို ၀ိုက်ချ (-)နဲ့ ရေးထုံးရှိတဲ့ ဥပဒေသ ငါးမျိုးကို ဖော်ပြပေးထားပါတယ်။ ယပင့် (-ျ)၊ ရရစ် (ြ---)၊ ၀ဆွဲ (--ွ)၊ ဟထိုး (--ှ) နှင့် ပါဌ်ဆင့် စာလုံးတွေမှာ မောက်ချအစား ၀ိုက်ချကို အသုံးပြုရပါမယ်တဲ့။ ဥပမာ... ချာ၊ ဂြာ၊ ခွာ၊ ငှာ၊ .......။ အသိဥာဏ်တိုးလိုက်ပါဘိ။ ဒီအတွက်လဲ ကျေးဇူးတင်ရပါတယ်။ နောက်ပြီး ဆိုရိုးလေးကိုလဲ ချပြသွားတယ်။ ပင့် ရစ် ဆွဲ ထိုး ဆင့် တဲ့။  ဆိုရိုးလေးက အရမ်းသာသွားပါတယ်။ ရွတ်ဆိုလို့ ကောင်းသလို မှတ်လို့လဲ ကောင်းပါတယ်။ အဲဒီ ၀ိုက်ချ မောက်ချနဲ့ ပတ်သက်ပြီး ကလိုစေးထူးရဲ့ ပို့စ်လေးက ကောင်းမွန်သလို အဲဒီပို့စ်အောက်မှာ ကောန်မင့်န်တ်ပေးထားတဲ့ ဒကာမလေး မေဓာဝီရဲ့ ကောန်မင့်န်တ်လေးကလဲ တမူထူးခြားစွာ မှတ်သားစရာကောင်းပါတယ်။ ကလိုစေးထူးရဲ့ ပို့စ်ကိုရော မေဓာဝီရဲ့ ကောန်မင့်န်တ်ကိုရော အချိန်ရရင် ဖတ်ကြဖို့ အကြံပြုပါတယ်။
ဖော်ပြခဲ့တဲ့ ဥပဒေသငါးမျိုးထဲက ပထမဥပဒေသလေးမျိုးကိုတော့ အကြွင်းမဲ့ ထောက်ခံပါတယ်။ ဒါပေမဲ့ ပဉ္စမဖြစ်တဲ့ ပါဌ်ဆင့်တွေမှာ မောက်ချအစား ၀ိုက်ချကို သုံးရမယ်ဆိုတဲ့ ဥပဒေသကိုတော့ နဲနဲ ပြောချင်ပါသေးတယ်။ ပါဠိပိဋကတ်တော်တွေထဲမှာ ပါဌ်ဆင့်တွေရေးတဲ့အခါ မောက်ချအစား ၀ိုက်ချတွေကို သုံးနှုန်းထားတာ တွေ့ဖူးခဲ့သလိုလို ရှိပေမဲ့ သေချာ ပြန်ရှာကြည့်လိုက်တော့ ပိဋကတ်တော်တွေထဲမှာ မတွေ့ရပါဘူး။ အားလုံး မောက်ချနဲ့ချည်း ရေးထားတာသာ တွေ့ရပါတယ်။ (တွေ့ဖူးမြင်ဖူးသူများ ထောက်ပြပေးကြဖို့ ဖိတ်ခေါ်ပါတယ်)။ ဒီတော့ ပါဌ်ဆင့်တွေကို မောက်ချအစား ၀ိုက်ချကို သုံးရမယ်ဆိုတဲ့ ဥပဒေသက မှေးမှိန်သွားသလိုမျိုး ဖြစ်နေလေရဲ့။
ဥပမာ..
ခ= အထခွေါဿ (အထခွောဿ ဟု မတွေ့) (အထခေါ+အဿ= ထိုအခါ၌ ဤသူအား)
ဂ= သမဂ္ဂါ (သမဂ္ဂာ ဟု မတွေ့) (အညီအညွတ်)
င= ဂင်္ဂါ နဒီ(ဂင်္ဂာ နဒီ ဟု မတွေ့) (ဂင်္ဂါမြစ်)
ဒ= သဒ္ဓါယ (သဒ္ဓာယ ဟု မတွေ့) (သဒ္ဓါတရားဖြင့်)
ပ= သိပ္ပါနိ (သိပ္ပာနိ ဟု မတွေ့) (အတတ်ပညာတို့သည်၊ တို့ကို)
ဝ= ဒွါရ (ဒွာရ ဟု မတွေ့) (တံခါးပေါက်)
ပထမကတော့..
ပုပ္ဖာနိ (ပန်းတို့သည်၊ တို့ကို)
သိပ္ပာနိ (အတတ်ပညာတို့သည်၊ တို့ကို)
သဒ္ဓာယ (သဒ္ဓါတရားဖြင့်)...........
စတဲ့ ပါဠိစာလုံးတွေကို တွေ့ဖူးမြင်ဖူးသလို ထင်မှတ်နေပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပိဋကတ်တော်ထဲ သေချာ လှန်လောရှာဖွေကြည့်လိုက်တဲ့ အခါမှာတော့ ပုပ္ဖါနိ၊ သိပ္ပါနိ၊ သဒ္ဓါယ စတာတွေကိုဘဲ တွေ့ရပါတယ်။
ဆိုတော့ကာ..
ပါဠိဘာသာက ဆင်းသက်လာသည်ဖြစ်စေ၊ အခြားမည်သည့် နိုင်ငံခြားသာသာစကားကနေ ဆင်းသက်လာသည်ဖြစ်စေ မြန်မာစာဝေါဟာရဖြစ်လာပြီဆိုရင် စာလုံးတိုင်းကို အထက်က ဖော်ပြခဲ့တဲ့ ဥပဒေသငါးခု (ပင့် ရစ် ဆွဲ ထိုး ဆင့်) အတိုင်း လိုက်နာကျင့်သုံးကြမယ်ဆိုရင်တော့ ဒကာတော် ဆရာဟန်ကြည်ရေးထားတဲ့ ၀ိသုဒ္ဓာရုံရှင်ကျင့်ဝတ်ဆိုတဲ့ အသုံးအနှုန်းဟာ မှန်ကန်ပါတယ်။ ဒါပေမဲ့ ပါဠိကဆင်းသက်လာတဲ့ ပါဠိသက်ဝေါဟာရပေမို့ ပါဠိဂတိအတိုင်းလိုက်ပြီး ပါဠိကျင့်စဉ်အတိုင်း ထားမယ်ဆိုရင်တော့ ၀ိသုဒ္ဓါရုံရှင်ကျင့်ဝတ်ဆိုတာက ပို သင့်လျော်မယ်ထင်ပါတယ်။ ၀ိသုဒ္ဓါရုံဆိုတာ ၀ိသုဒ္ဓါရာမ (၀ိသုဒ္ဓ+အာရာမ) ဆိုတဲ့ ပါဠိစကားလုံးက ဆင်းသက်လာတာပါ။ (၀ိသုဒ္ဓ=စင်ကြယ်သော။ အာရာမ=နေရာအရာမ်) ဆိုပြီး အဓိပ္ပါယ်ထွက်ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာနက ပဉ္စမအကြိမ်ထုတ်ဝေတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို လှန်ကြည့်လိုက်တဲ့ အခါမှာတော့ စာမျက်နှာ ၈၀ မှာ (ခ အတွက်) ခွာတိုင် ခွာနာလျှာနာ စသဖြင့် ၀ိုက်ချနဲ့ ရေးသားထားပါတယ်။ စာမျက်နှာ ၈၆ မှာတော့ (ဂ အတွက်) ဂင်္ဂါမြစ် ဆိုပြီး မောက်ချနဲ့ ရေးထားပါတယ်။ စာမျက်နှာ ၉၇ မှာတော့ (င အတွက်) ငွားငွားစွင့်စွင့် ဆိုပြီး ၀ိုက်ချနဲ့ ရေးထားပါတယ်။ စာမျက်နှာ ၂၁၆ မှာတော့ (ဒ အတွက်) ဒွါဒရာ ဒွါရ စသဖြင့် မောက်ချနဲ့ ရေးထားပါတယ်။ အဲဒီ (ဒ အတွက်ဘဲ) စာမျက်နှာ ၅၁၇ မှာ သဒ္ဒါနည်း... သဒ္ဓါကြေး စသဖြင့် မောက်ချနဲ့ဘဲ ရေးထားပါတယ်။ စာမျက်နှာ ၂၉၃ မှာ (ပ အတွက်) ပွားစီး ပွားများ စသဖြင့် ၀ိုက်ချနဲ့ ရေးထားပါတယ်။ စာမျက်နှာ ၅၂၈ မှာ (၀ အတွက်) ဟ၀ှာ ဆိုပြီး ၀ိုက်ချနဲ့ ရေးထားပေမဲ့ စာမျက်နှာ ၅၉၇ မှာတော့ အဲဒီ (၀) အတွက်ဘဲ အ၀ှါ ဆိုပြီး မောက်ချနဲ့ ရေးထားတာ တွေ့ရပါတယ်။ ဒီတော့ အားလုံးကို စုကြည့်လိုက်တဲ့အခါမှာတော့... ခွာတိုင်၊ ဂင်္ဂါ၊ ငွားငွားစွင့်စွင့်၊ ဒွါဒရာ၊ သဒ္ဒါ၊ သဒ္ဓါ၊ ပွားစီး၊ ဟ၀ှာ၊ အ၀ှါ ဆိုပြီး အဖြေထွက်လာပါတယ်။ အထက်ဝါကျက စကားကို ပြန်ယူပြောရရင်တော့ မြန်မာစာသက်သက်အတွက်ဆိုရင် လုံးထပ်တွေမှာ ၀ိုက်ချနဲ့ ရေးသင့်ပြီး ပါဠိစာပေက ဆင်းသက်လာတဲ့ ပါဠိသက်ဝေါဟာရနှင့်  ပါဠိနဲ့ ဆက်နွယ်နေတဲ့ ဝေါဟာရတွေဆိုရင်တော့ စာလုံးထပ်သည်ဖြစ်စေ မထပ်သည်ဖြစ်စေ  မောက်ချနဲ့ဘဲ ရေးသင့်တယ်လို့ ယူဆမိပါတယ်။ ဒါပေမဲ့ ဟ၀ှာ နှင့် အ၀ှါ ကတော့ မြန်မာဘန်းစကားဆန်ဆန် ဖြစ်နေတဲ့အတွက် ချွတ်ယွင်းချက်ပေါ့။
 နဲနဲ ဗဟုသုတဖြစ် ဆက်ပွားရရင်တော့ ခ ဂ င ဒ ပ ၀ ဆိုတဲ့ မောက်ချနဲ့ ရေးရမဲ့ စာလုံး ခြောက်လုံးတွေထဲက ဂ ဒ ပ ဆိုတဲ့ သုံးလုံးကို အသုံးပြုတော့မယ်ဆိုရင် အဲဒီ စာလုံးတွေဟာ တခါတရံ အပေါ်နေရာ (အဂ္ဃ၊ သဒ္ဓါ၊ ပုပ္ဖ) တခါတရံ အလယ်နေရာ (ဂတ၊ ဒဟရ၊ ပရမ)၊ တခါတရံ အောက်နေရာတွေ (အဂ္ဂ၊ သဒ္ဒါ၊ သပ္ပိ) မှာ နေလေ့ရှိပါတယ်။ ခ နှင့် ၀ ကတော့ အပေါ်နေရာများ နေရိုးမရှိပါဘူး။ အလယ်နေရာ (ခယ၊ ၀ယ)နှင့်အောက်နေရာ (ဒုက္ခ၊ ကွစိ)မှာသာ နေပါတယ်။ င ဆိုတဲ့ စာလုံးကတော့ အတော်လေး ထူးဆန်းတယ် ပြောရမယ်။ သူ့ဖာသာ တစ်လုံးထဲ မရပ်တည်နိုင်ဘူးထင်ပါရဲ့။ င တစ်လုံးထဲ သတ်သတ် ပါဠိစာပေထဲမှာ မတွေ့ဖူးသလိုဘဲ။ ပြီးတော့ သူများတွေရဲ့ အောက်မှာလဲ မနေဘူး။ အလယ်မှာလဲ မနေဘူး။ ဦးခေါင်းပေါ် တက်စီးနေတာချည်းဘဲ။ (သင်္ဂဟ၊ သင်္ခါရ၊ သင်္ခတ စသဖြင့်ပေါ့)။ (စာရေးသူရဲ့ အယူအဆမှားရင်လဲ ထောက်ပြပေးကြဖို့ တောင်းဆိုပါတယ်)။
မြန်မာသတ်ပုံနဲ့ ပတ်သက်ပြီး ထပ်ပြောရရင်တော့ အင်တာနက်ကြီးပေါ်ပေါက်လာတာ မြန်မာသတ်ပုံတွေ မှားယွင်းခြင်းရဲ့ အကြောင်းတစ်ခုလို့ ပြောရင် ရမယ်ထင်တယ်။ အင်တာနက်ထဲမှာ မြန်မာသတ်ပုံတွေ အတော်များများ မှားယွင်းနေတာ တွေ့ရတယ်။  မြန်မာဗျည်း အတော်များများကိုလဲ မောက်ချနဲ့ရော ၀ိုက်ချနဲ့ပါ ရေးထားတာ အများကြီး တွေ့ရတယ်။ ဥပမာ...နည်းလမ်းကောင်း (နည်းလမ်းကေါင်း) စသဖြင့်ပေါ့။  အထူးသဖြင့် ပါဠိစာလုံးကို ယူသုံးတဲ့အခါမှာ မှားယွင်းတတ်ကြတာပါ။ ကြားဖူးနားဝနဲ့ ရမ်းဖမ်းရေးလိုက်တာဆိုတော့ မှားကြရောပေါ့။ ပါဠိက ဆင်းသက်လာတဲ့ စာလုံးကို ရေးတဲ့အခါ နာမည်ကြီးစာရေးဆရာကြီးတွေတောင် မှားတတ်ကြပါသေးတယ်။ အဆိုးဆုံးကတော့ ယုံကြည်မှု သဒ္ဓါ (faith) ကို သဒ္ဒါ(grammar) ဆိုပြီး ရေးတတ်ကြတာဘဲ။ နောက် ရှိသေးတယ်။ လူတွေ အတော်များများ မှားတတ်ကြတဲ့ စကားလုံး။ စလုံးနဲ့ ဆလိမ်ပါ။ ဆလိမ်နဲ့ ရေးရမဲ့ စာလုံးကို စာရေးဆရာတွေ အတော်များများ စလုံးနဲ့ ရေးတတ်ကြတယ်။ ဥပမာအားဖြင့်... သူ့ဆီ သွားမယ် (သူ့စီ သွားမယ်) စသဖြင့်ပေါ့။ နောက်ပြီးတော့ ရဟန်းရှင်လူ အမှတ်မထင် မှားတတ်ကြတဲ့ အမှားလေး တစ်ခုရှိသေးတယ်။ အဲဒါကတော့ ဝေယျာဝစ္စ ဆိုတဲ့ ပါဠိစာလုံးကို ဝေယျာဝေစ္စဆိုပြီး ရေးလေ့ရှိကြတာပါဘဲ။
ဒီတော့ သတ်ပုံအမှားအမှန်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မွေးဖွားပြီး မြန်မာနိုင်ငံမှာဘဲ အခြေချနေထိုင်ကြတဲ့ ကလေးတွေအတွက်ကတော့ ပြဿနာမရှိနိုင်ဘူး။ မြန်မာဖတ်စာအုပ်တွေ အမျာကြီး ရနိုင်သေးတယ်။ သတ်ပုံအမှန်တွေကိုလဲ လက်လှမ်းမီနိုင်သေးတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာနေထိုင်ကြတဲ့ မြန်မာကလေးတွေ အနေနဲ့ကတော့ ပထမကထဲက မြန်မာစကားကို သိပ်မတတ်ကြပါဘူး။ ပြီးတော့ မိဘတွေရဲ့ ဘာသာစကားဖြစ်တဲ့ မြန်မာစကားသင်ကြားတဲ့ အခါမှာလဲ အင်တာနက်က မြန်မာစာတွေကို ဖတ်နေကြရတာဆိုတော့ သူတို့ ပထမဆုံး မြင်ဖူးတဲ့ မြန်မာစာလုံးကိုဘဲ မှားမှားမှန်မှန် အမှန်အနေနဲ့ ယူဆကြမှာ သေချာပါတယ်။ မိဘတွေက မြန်မာသတ်ညွှန်းအတိုင်း သေချာမသင်ပေးရင်ပေါ့။
ချုပ်ပြောရရင်တော့ အခုလို မောက်ချရေးနည်း ၀ိုက်ချရေးနည်းကို ပိုသိခွင့်ရအောင် လှုံ့ဆော်မှု ဖြစ်စေခဲ့တဲ့ ဒကာတော်ဆရာဟန်ကြည်ကို ကျေးဇူးတင်ပါတယ်။ ရတဲ့အချိန်လေးမှာ ၀ိုက်ချ မောက်ချ အကြောင်းလေး ပြန်လှန်ရှာဖွေရတာကိုလဲ ကိုယ့်ကိုကိုယ် ကျေနပ်နေမိပါတယ်။ စာရေးသူတွေအားလုံးလဲ ကိုယ်ရေးတဲ့ စာတွေအနေနဲ့ အကြောင်းအရာကအစ သတ်ပုံအဆုံး အမှားတွေ့လို့ တစ်စုံတစ်ယောက်က ထောက်ပြတည့်မတ်ပေးရင် လိုချင်စွာ လက်ခံမှု ပြုနိုင်ရင် သိပ်ကောင်းမှာဘဲလို့လဲ ဆန္ဒဖြစ်မိပါတယ်။ (စာရေးသူမှားရင်လဲ အချိန်မရွေး ထောက်ပြ ပြင်ဆင်ပေးစေလိုပါတယ်၊ စိတ်မဆိုးတဲ့အပြင် ကျေးဇူးတောင် တင်ဦးမှာပါ)။ အားလုံး အမှားကင်းကွာတဲ့ ကမ္ဘာမှာ အမှန်တရားတွေနဲ့ ကြည်နူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
...............................................................................(အရှင်ဇနက၊ အင်္ဂါမောင်။ ၂၀၊၀၂၊၂၀၁၃။ ၁၅း၄၀ နာရီ)
***Photo
From here by courtesy of Google search
.
Monday, 18 February 2013
ခန္ဓသုတ်နိဿယသစ် (သပြေကန်မူ)
(၅၈)
သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
(၅၉)
အာဏာခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
ဟေ၊ အို သူတော်ကောင်းတို့။ ဒိဗ္ဗမန္တာဂဒံ၊ နတ်မန္တန် နတ်ဆေးဝါးသည်။ သဗ္ဗာသီဝိသဇာတီနံ၊ လျင်သော အဆိပ်ရှိသော မြွေမျိုးမှန်သမျှတို့၏။ ဃောရံ၊ ပြင်းထန်လှစွာသော။ ၀ိသံ၊ အဆိပ်ကို။ နာသေတိ ၀ိယ၊ အရှင်းပျောက်ပြေ ပျက်စီးစေတတ်သကဲ့သို့။ တထာ၊ ထို့အတူ။ ယံ ပရိတ္တံ၊ အကြင်ခန္ဓသုတ်ပရိတ်တော်သည်။ သဗ္ဗတ္ထ၊ အလုံးစုံသော။ အာဏာခေတ္တမှိ၊ အာဏာခေတ်အတွင်း၌။ သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တ၀ါတို့၏။ ဃောရံ၊ ပြင်းထန်လှစွာသော။ ၀ိသံ စ၊ အဆိပ်ကို၎င်း။ သေသံ၊ အဆိပ်မှ ကြွင်းသော။ ပရိဿယဉ္စာပိ၊ ဘေးရန်အမျိုးမျိုးကို၎င်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သဗ္ဗသောပိ၊ အကြွင်းမထင် အကုန်ပင်။ နိဝါရေတိ၊ မြစ်တားဖယ်ရှားနိုင်ပေ၏။ တံ ပရိတ္တံ၊ ထိုခန္ဓသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်စို့။
(၆၀)
ဝိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတံ္တ၊ မေတံ္တ ကဏှာဂေါတမကေဟိ စ။
ဝိရူပက္ခေဟိ၊ ၀ိရူပက္ခနဂါးမျိုးတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေဖြစ်ကြောင်း ကောင်းမြတ်သော မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ ဧရာပထေဟိ၊ ဧရာပထနဂါးမျိုးတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေဖြစ်ကြောင်း ကောင်းမြတ်သော မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ ဆဗျာပုတ္တေဟိ၊ ဆဗျာပုတ္တနဂါးမျိုးတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေဖြစ်ကြောင်း ကောင်းမြတ်သော မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ ကဏှာဂေါတမကေဟိ စ၊ ကဏှာဂေါတမနဂါးမျိုးတို့နှင့်လည်း။ သဒ္ဓိံ၊ အတူတကွ။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေဖြစ်ကြောင်း ကောင်းမြတ်သော မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
(၆၁)
အပါဒကေဟိ မေ မေတံ္တ၊ မေတံ္တ ဒွိပါဒကေဟိမေ။
စတုပ္ပဒေဟိ မေ မေတံ္တ၊ မေတံ္တ ဗဟုပ္ပဒေဟိ မေ။
အပါဒကေဟိ၊ အခြေမရှိသော သတ္တ၀ါတို့နှင့်။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေအဖြစ် ချစ်မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ ဒွိပါဒကေဟိ၊ အခြေနှစ်ချောင်းရှိသော သတ္တ၀ါတို့နှင့်။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေအဖြစ် ချစ်မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ စတုပ္ပဒေဟိ၊ အခြေလေးချောင်းရှိသော သတ္တ၀ါတို့နှင့်။ မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေအဖြစ် ချစ်မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ ဗဟုပ္ပဒေဟိ၊ များသော အခြေရှိသော သတ္တ၀ါတို့နှင့်။
မေ၊ ငါ၏။ မေတ္တံ၊ မိတ်ဆွေအဖြစ် ချစ်မေတ္တာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
(၆၂)
မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။
အပါဒကော၊ အခြေမရှိသော သတ္တ၀ါမျိုးသည်။  မံ၊ ငါ့ကို။ မာဟိံသိ၊ မညှင်းဆဲပါစေလင့်။ ဒွိပါဒကော၊ အခြေနှစ်ချောင်းရှိသော သတ္တ၀ါမျိုးသည်။ မံ၊ ငါ့ကို။ မာဟိံသိ၊ မညှင်းဆဲပါစေလင့်။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော သတ္တ၀ါမျိုးသည်။ မံ၊ ငါ့ကို။ မာဟိံသိ၊ မညှင်းဆဲပါစေလင့်။ ဗဟုပ္ပဒေါ၊ များသော အခြေရှိသော သတ္တ၀ါမျိုးသည်။ မံ၊ ငါ့ကို။ မာဟိံသိ၊ မညှင်းဆဲပါစေလင့်။
(၆၃)
သဗ္ဗေ သတ္တာ သဗ္ဗေပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကဥ္စိ ပါပ'မာဂမာ။
သဗ္ဗေ၊ အလုံးစုံကုန်သော။ သတ္တာ၊ ငါးခန္ဓာဝယ် တွယ်တာတတ်စွာ သတ္တ၀ါတို့သည်၎င်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ပါဏာ၊ အသက်ရှူတတ်သော သတ္တ၀ါတို့သည်၎င်း။ ကေ၀လာ၊ အကြွင်းမရှိကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဘူတာ၊ ဖြစ်ပေါ်လာသော သတ္တ၀ါတို့သည်၎င်း။ သဗ္ဗေ၊ သတ္တ၀ါအကုန် အလုံးစုံတို့သည်။ ဘဒြာနိ၊ ကောင်းမြတ်သော ဣဋ္ဌာရုံတို့ကို။ ပဿန္တု၊ တွေ့ကြုံကြရပါစေကုန်သတည်း။ ကဉ္စိ၊ ဘယ်သူတစ်ဦးတစ်ယောက်သို့သော်မျှ။ ပါပံ၊ ဆင်းရဲဒုက္ခသည်။ မာ အဂမာ၊ မကျမလာ မရောက်ပါစေလင့်။
(၆၄)
အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ ပမာဏဝန္တာနိ သရီသပါနိ။
အဟိ ဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အပ္ပမာဏော၊ ဂုဏ်တော်အားဖြင့် ချင့်နှိုင်းတိုင်းတာမရ ပမာဏမရှိပါပေ။ ဓမ္မော၊ လောကုတ္တရာတရား ကိုးပါးသည်။ အပ္ပမာဏော၊ ဂုဏ်အရဖြင့် ဤမျှသာပြ တိုင်းတာမရ၍ ပမာဏမရှိပါပေ။ သံဃော၊ အရိယာသံဃာတော်သည်။ အပ္ပမာဏော၊ လောကုတ္တရာတရား ကိုးပါးစုံညီ ဂုဏ်ရည်အရ တာမရ၍ ပမာဏမရှိပါပေ။ အဟိ၊ မြွေ၎င်း။ ၀ိစ္ဆိကာ၊ ကင်းမြီးကောက်၎င်း။ သတပဒီ၊ ကင်းခြေများ၎င်း။ ဥဏ္ဏနာဘီ၊ ပင့်ကူ၎င်း။ သရဗူ၊ အိမ်မြှောင်၎င်း။ မူသိကာ၊ ကြွက်၎င်း။ (ဣတိ ဣမာနိ) သရီသပါနိ၊ ရင်ဖြင့်တွား၍ သွားတတ်သော ဤသတ္တ၀ါတို့ကား။ ပမာဏ၀န္တာနိ၊ ကိလေသာဟု တိုင်းတာဖွယ်ရာ ပမာဏရှိကြပေကုန်၏။
(၆၅)
ကတာ မေ ရက္ခာ, ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
မေ၊ ငါသည်။ ရက္ခာ၊ အကာအကွယ် အစောင့်အရှောက်ကို။ ကတာ၊ ပြုအပ်ပြီးပေပြီ။ မေ၊ ငါသည်။ ပရိတ္တံ၊ အရံအတားကို။ ကတံ၊ ပြုခဲ့ပြီးပေပြီ။ ဘူတာနိ၊ အန္တရာယ်ပြုတတ်သော သတ္တ၀ါတို့သည်။ ပဋိက္ကမန္တု၊ ဖဲခွါရှောင်ရှားကြကုန်လော့။ သောဟံ၊ ထိုငါသည်။ ဘဂ၀တော၊ ပရိနိဗ္ဗာန် ၀င်စံခဲ့ကြ ရှေးဘုရားရှင် မှန်သမျှအား။ နမော၊ ရှိခိုးခြင်းကို။ (ကရောမိ၊ ပြုလုပ်ပါ၏။) သတ္တန္နံ၊ ခုနစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါနံ၊ ၀ိပဿီအစရှိသော ဘုရားရှင်တို့အား။ နမော၊ ရှိခိုးခြင်းကို။ (ကရောမိ၊ ပြုလုပ်ပါ၏။)
ခန္ဓသုတ္တံ နိဋ္ဌိတံ။
ခန္ဓသုတ္တံ၊ ခန္ဓသုတ်သည်။ နိဋ္ဌိတံ၊ ပြီးပြီ။ ။
.
Thursday, 14 February 2013
မေတ္တသုတ် နိဿယသစ် (သပြေကန်မူ)
(၄၆)
ယဿာနုဘာဝတော ယက္ခာ၊
 နေဝ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိ္တန္ဒိဝ' မတန္ဒိတော။
ဟေ၊ အို..သူတော်ကောင်းတို့။ ယဿ ပရိတ္တဿ၊ အကြင်မေတ္တသုတ် ပရိတ်တော်၏။ အာနုဘာဝတော၊ အစွမ်းရှိန်စော် အာနုဘော်တော်ကြောင့်။ ယက္ခာ၊ နတ်အများတို့သည်။ ဘီသနံ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို။ နေ၀ ဒေဿန္တိ၊ မပြနိုင်ကြကုန်။  ယမှိစေ၀၊ အကြင်မေတ္တသုတ် ပရိတ်တော်၌သာလျှင်။ ရတ္တိံဒိဝံ၊ နေ့ညမပြတ် အခါခပ်သိမ်း။ အတန္ဒိတော၊ ပျင်းရိခြင်းမရှိဘဲ။ အနုယုဉ္ဖန္တော၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွါး အားထုတ်သူသည်။
(၄၇)
သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊
ပရိတ္တံ တံ ဘဏာမဟေ။  
သုခံ၊ ချမ်းချမ်းသာသာ။ သုပတိ၊ အိပ်စက်ရ၏။ သုတ္တော၊ အိပ်ပျော်သည်ရှိသော်။ ကိဉ္စိ၊ တစုံတခုသော။ ပါပံ စ၊ အိပ်မက်ဆိုးကိုလည်း။ န ပဿတိ၊ မမြင်မက်ရ။ ဧ၀မာဒိ ဂုဏူပေတံ၊ ဤသို့အစရှိသော အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော။ တံ ပရိတ္တံ၊ ထိုမေတ္တသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်စို့။
(၄၈)
ကရဏီယ' မတ္ထကုသလေန၊ 
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ 
သက္ကော ဥဇူ စ သုဟုဇူ စ၊ 
သူဝစော စဿ မုဒု အနတိမာနီ။ 
သန္တံ၊ ငြိမ်သက်အေးချမ်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ အဘိသမေစ္စ၊ အာရုံယူဘိ ထွင်းဖောက်မြင်သိ၍။ (၀ိဟရိတုကာမေန၊ နေခြင်းငှာ အလိုရှိသော။) အတ္ထကုသလေန၊ အကျင့်အမျိုးမျိုး အကျိုးစီးပွါး၌ လိမ်မာသူသည်။ ယံ ကရဏီယံ၊ အကြင် ပြုကျင့်ရမည့် သိက္ခာသုံးရပ် အကျင့်မြတ်သည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထို သိက္ခာသုံးရပ် အကျင့်မြတ်ကို။ ကရဏီယံ၊ ပြုကျင့်ထိုက်ပေ၏။ သက္ကော စ၊ စွမ်းနိုင်သူလည်း။ အဿ၊ ဖြစ်ရာ၏။ ဥဇု စ၊ ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဝစော စ၊ ဆိုဆုံးမ လွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ မုဒု စ၊ နူးညံ့ပျော့ပျောင်းသူလည်း။ အဿ၊ ဖြစ်ရာ၏။ အနတိမာနီ စ၊ မာန်ထောင်လွှားခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။
(၄၉)
သန္တုဿကော စ သုဘရော စ၊ 
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ 
သန္တိန္ဒြိယော စ နိပကော စ၊ 
အပ္ပဂဗ္ဘော ကုလေသွ' နနုဂိဒ္ဓေါ။ 
သန္တုဿကော စ၊ တင်းတိမ်ရောင့်ရဲ လွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဘရော စ၊ အမွေးမြူလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပကိစ္စော စ၊ နည်းပါးသော ကိစ္စရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ သလ္လဟုက၀ုတ္တိ စ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယော စ၊ ငြိမ်သက်သော ဣနြေ္ဒရှိသူသည်လည်း။ အဿ၊ ဖြစ်ရာ၏။ နိပကော စ၊ ရင့်ကျက်သော ပညာရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပဂဗ္ဘော စ၊ ကြမ်းတမ်းရိုင်းပျခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ ကုလေသု၊ အိမ်သားအိမ်သူ လူတို့၌။ အနနုဂိဒ္ဓေါ စ၊ တွယ်တာမက်မောခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ 
(၅၀)
 န စ ခုဒ္ဒ' မာစရေ ကိဉ္စိ၊
 ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ 
သုခိနော ဝ ခေမိနော ဟောန္တု၊ 
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ 
ယေန၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့်။ ၀ိညူ၊ ပညာရှိဖြစ်ကုန်သော။ ပရေ၊ သူတပါးတို့သည်။ ဥပ၀ဒေယျုံ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏။ ခုဒ္ဒံ၊ ယုတ်ညံ့သော။ တံ၊ ထိုဒုစရိုက်မျိုးကို။ ကိဉ္စိ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင်န အာစရေ၊ မပြုကျင့်ရာ။ သဗ္ဗသတ္တာ၊ သတ္တ၀ါမှန်သမျှတို့သည်။ သုခိနော ၀ါ၊ ကိုယ်၏ချမ်းသာခြင်း ရှိကုန်သည်၎င်း။ ခေမိနော ၀ါ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်၎င်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ သုခိတတ္တာ၊ ချမ်းသာရွှင်ပျ စိတ်ရှိကြကုန်သည်လည်း။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။
(၅၁)
 ယေ ကေစိ ပါဏဘူတတ္ထိ၊ 
တသာ ဝါ ထာဝရာ ဝ' နဝသေသာ။ 
ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ 
မဇ္ဈိမာ ရဿကာ အဏုကထူလာ။ 
အန၀သေသာ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ ယေ တသာ ၀ါ၊ အကြင် ထိတ်လန့်တတ်သော ပုထုဇဉ် သေက္ခတို့သည်၎င်း။ ယေ ထာဝရာ ၀ါ၊ အကြင် မထိတ်မလန့် တည်တံ့ခိုင်မြဲသော ရဟန္တာတို့သည်၎င်း။ ယေ ဒီဃာ ၀ါ၊ အကြင်ခန္ဓာရှည်လျား သတ္တ၀ါများတို့သည်၎င်း။ ယေ မဟန္တာ ၀ါ၊ အကြင်ခန္ဓာကိုယ်ကြီးမား သတ္တ၀ါများတို့သည်၎င်း။ ယေ မဇ္ဈိမာ ၀ါ၊ အကြင် မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါများတို့သည်၎င်း။ ယေ ရဿကာ ၀ါ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ်ရှိသော သတ္တ၀ါများတို့သည်၎င်း။ ယေ အဏုကာ ၀ါ၊ အကြင် သေးငယ်မှုံမွှား သတ္တ၀ါများတို့သည်၎င်း။ ယေ ထူလာ ၀ါ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်၎င်း။ 
(၅၂)
ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊
 ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။ 
ဘူတာ ဝ သမ္ဘဝေသီ ဝ၊ 
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ 
ယေ ဒိဋ္ဌာ ၀ါ၊ အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်၎င်း။ ယေ အဒိဋ္ဌာ ၀ါ၊ အကြင်မမြင်ဘူးသော သတ္တ၀ါတို့သည်၎င်း။ ယေ ဒူရေ ၀သန္တိ၊ အကြင် အဝေးအရပ်၌ နေကြသာ သတ္တ၀ါတို့သည်၎င်း။ ယေ အ၀ိဒူရေ ၀သန္တိ၊ အကြင် အနီးအရပ်၌ နေကြသော သတ္တ၀ါတို့သည်၎င်း။ ယေ ဘူတာ ၀ါ၊ အကြင် နောင်မဖြစ်ရ ဖြစ်ပြီးသား ဖြစ်ကြသော ရဟန္တာတို့သည်၎င်း။ ယေ သမ္ဘဝေသီ ၀ါ၊ နောင်ဖြစ်ရမည့် ဘ၀ကိုရှာ အကြင် ပုထုဇဉ် သေက္ခ သတ္တ၀ါတို့သည်၎င်း။ ယေ ကေစိ၊ အလုံးစုံကုန်သော။ ပါဏဘူတာ၊ သတ္တ၀ါတို့သည်။ အတ္ထိ၊ ရှိကုန်၏။ ဣမေပိ သဗ္ဗသတ္တာ၊ ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်၎င်း။ သုခိတတ္တာ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။
(၅၃)
န ပရော ပရံ နိကုဗ္ဗေထ၊ 
နာတိမညေထ ကတ္ထစိ န ကဉ္စိ။ 
ဗျာရောသနာ ပဋိဃသည၊ 
နာညမညဿ ဒုက္ခမိစ္ဆေယျ။ 
ပရော၊ တပါးသူတစ်ယောက်သည်။ ပရံ၊ သူတပါူး အခြားသူတယောက်ကို။ န နိကုဗ္ဗေထ၊ စဉ်းလဲသမှု လှည့်ပတ်ခြင်း မပြုပါစေလင့်။ ကတ္ထစိ၊ တစုံခုသော အရပ်၌။ ကဉ္စိ၊ တစုံတယောက်သော။ နံ၊ ထိုသူတပါးကို။ နာတိမညေထ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့်။ ဗျာရောသနာယ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါး နှိပ်စက်ခြင်းဖြင့်၎င်း။ ပဋိဃသညာယ၊ ဒေါသစိတ်ဖြင့်၎င်း။ အညမညဿ၊ အချင်းချင်း၏။ ဒုက္ခံ၊ ဆင်းရဲခြင်းကို။ န ဣစ္ဆေယျ၊ အလိုမရှိပါစေလင့်။
(၅၄)
မာတာ ယထာ နိယံပုတ္တ၊ 
မာယုသာ ဧကပုတ္တ မနုရက္ခေ။
 ဧဝမ္ပိ သဗ္ဗဘူတေသု၊ 
မာနသံ ဘာဝယေ အပရိမာဏံ။ 
မာတာ၊ မွေးသည့်မိခင် ကျေးဇူးရှင်သည်။ နိယံပုတ္တံ၊ မိမိရင်နှစ် သားရင်းဖြစ်သော။ ဧကပုတ္တံ၊ တဦးတည်းသော သားကို။ အာယုသာ၊ မိမိအသက်ဖြင့်သော်ပင်။ အနုရက္ခေ ယထာ၊ အစဉ်မကွာ ကွယ်ကာစောင့်ရှောက်ဘိသကဲ့သို့။ ဧ၀မ္ပိ၊ ဤအတူလည်း။ သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တ၀ါတို့၌။ အပရိမာဏံ၊ အတိုင်းအတာ ပမာဏမရှိသော။ မာနသံ၊ မေတ္တာစိတ်ကို။ ဘာဝယေ၊ အကြိမ်ကြိမ်အခါခါ ပွါးများရာ၏။
(၅၅)
 မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ 
မာနသံ ဘာဝယေ အပရိမာဏံ။ 
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ 
အသမ္ဗာဓံ အဝေရ မသပတ္တံ။ 
ဥဒ္ဓံ၊ အထက်လောက အရူပဘ၀၌၄င်း။ အဓော၊ အောက်ပြည်လောက ကာမဘ၀၌၄င်း။ တိရိယံ၊ အလယ်လောက ရူပဘ၀၌၄င်း။ သဗ္ဗလောကသ္မိံ၊ အလုံးစုံသော လောက၌။ အပရိမာဏံ၊ အတိုင်းအတာ ပမာဏမရှိသော။ မေတ္တံ၊ မေတ္တာနှင့်ယှဉ်သော။ မာနသံ၊ စိတ်ကို။ အသမ္ဗာဓံ၊ အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်းမရှိသည်ကို။ အဝေရံ၊ ဒေါသဟူဘိ အတွင်းရန်လည်း မရှိသည်ကို။ အသပတ္တံ၊ နှိပ်စက်ရန်မူ အပရန်သူလည်း မရှိသည်ကို။ (ကတွာ၊ ပြု၍။) ဘာဝယေ၊ ပွါးများရာ၏။
(၅၆)
တိဋ္ဌံ စရံ နိသိန္နော ဝ၊ 
သယာနော ယာဝတာ'ဿ ဝိတမိဒ္ဓေါ။ 
ဧတံ သတႎ အဓိေ႒ယ်၊
 ဗြဟ္မ'မေတံ ဝိဟာရ' မိဓ' မာဟု။ 
တိဋ္ဌံ ၀ါ၊ ရပ်လျှက်သော်၎င်း။ စရံ ၀ါ၊ သွားလျှက်သော်၎င်း။ နိသိန္နော ၀ါ၊ ထိုင်လျှက်သော်၎င်း။ သယာနော ၀ါ၊ အိပ်လျှက်သော်၎င်း။ ယာဝတာ၊ အကြင်မျှလောက်။ ၀ိတမိဒ္ဓေါ၊ ကင်းသော အိပ်ချင်ငိုက်မျဉ်းခြင်းရှိသည်။ အဿ၊ ဖြစ်ရာ၏။ အထ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌။ ဧတံ သတိံ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို။ အဓိဋ္ဌေယျ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏။ ဣဓ၊ ဤဘုရားသာသနာတော်၌။ ဧတံ၊ ဤမေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို။ ဗြဟ္မံ၊ ထူးမြတ်သော။ ၀ိဟာရံ၊ နေခြင်းမျိုးဟူ၍။ အာု၊ မြတ်ဘုရားတို့ ဟောကြားတော်မူကုန်ပြီ။
(၅၇)
ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ 
သီလဝါ ဒဿနေန သမ္ပန္နော။ 
ကာမေသု ဝိနေယျ ဂေဓံ၊
 န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
သော၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပ္ဂိုလ်သည်။ ဒိဋ္ဌိဉ္စ၊ အတ္တဒိဋ္ဌိသို့လည်း။ အနုပဂ္ဂမ္မ၊ မစွဲယူ မကပ်ရောက်မူ၍။ သီလ၀ါ၊ လောကုတ္တရာ သီလရှိသူသည်။ ဒဿနေန၊ သောတာပတ္တိမဂ်ဥာဏ်နှင့်။ သမ္ပန္နော၊ ပြည့်စုံသူသည်။ (သမာနော၊ ဖြစ်လျှက်။) ကာမေသု၊ ၀တ္ထုအာရုံ ကာမဂုဏ်တို့၌။ ဓေံ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို။ ၀ိနေယျ၊ တစမကြွင်း အရှင်းပယ်ရှားပြီးသော်။ ဇာတု၊ စင်စစ်ဧကန် အမှန်ပင်။ ပုန၊ နောက်ထပ်တဖန်။ ဂဗ္ဘသေယျံ၊ ပဋိသန္ဓေ တည်နေခြင်းသို့။ န ဧတိ၊ မရောက်ရတော့ပေ။
 မေတ္တသုတ္တံ နိဋ္ဌိတံ။
မတ္တသုတ္တံ၊ မေတ္တသုတ်သည်။ နိဋ္ဌိတံ၊ ပြီးပြီ။
Thursday, 7 February 2013
စေတီပုထိုး ရောင်ခြည်တော် လွှတ်ခြင်း မလွှတ်ခြင်း
 ဗုဒ္ဓဘာသာမြန်မာလူမျိုးမှန်ရင် ကြားဖူးကြပါလိမ့်မယ်။ ဘယ်ရွာက စေတီပုထိုး ရောင်ခြည်တော် လွှတ်တာတဲ့။ ဘယ်ကျောင်းက စေတီတော်ကြီးကတော့ ရောင်ခြည်တော်လွှတ်တာ ထိန်လင်းနေတာဘဲ။ စသဖြင့်ပေါ့။ 
အဲဒီလို ရောင်ခြည်တော်လွှတ်တဲ့ စေတီပုထိုးဆို လူတွေရဲ့ ယူဆချက် (Concept) အရ တန်ခိုးကြီးဘုရားလို့ သတ်မှတ်လိုက်ကြတာ မဟုတ်လား။ လူတွေ အများအပြား သွားရောက်ပြီး ဘုရားဆွမ်းတင်လေ့ရှိကြတယ်။ ပန်းတွေ သောက်ရေတွေ ကပ်လှူလေ့ရှိကြတယ်။ ပြီးတော့ ထုံးစံအတိုင်း ဆုတောင်းကြတာပေါ့။ တန်ခိုးကြီးတဲ့ နာမည်ကြီးတဲ့ ဘုရားကိုမှ ကိုးကွယ်ချင်ကြတာ ဖက်ရှင်တစ်ခုတောင် ဖြစ်နေကြပြီ မဟုတ်လား။ ရောင်ခြည်တော်လွှတ်တဲ့ ဘုရားဆိုရင်တော့ ကြိတ်ကြိတ်တိုးပေါ့။
ဒီလို ရောင်ခြည်တော် လွှတ်တယ်ဆိုတဲ့ နေရာမှာ စေတီပုထိုးတိုင်း ရောင်ခြည်တော် လွှတ်တတ်ပါသလား။ ဒါမှမဟုတ် ဘယ်လိုစေတီပုထိုးတွေမှာမှ ရောင်ခြည်တော် လွှတ်လေ့ ရှိပါသလဲ။ ပြီးတော့ ဘယ်လို အခါမျိုးမှာ လွှတ်လေ့ရှိပါသလဲ။ ဒီအကြောင်းတွေကို မိလိန္ဒပဥှာမှာ အတိအလင်း ဖော်ပြထားပါတယ်။ မိလိန္ဒမင်းကြီးက မေး၊ ရှင်နာဂသေနက ဖြေပေါ့။ ဗဟုသုတဖြစ်ဖွယ် အများအပြား အဲဒီ ကျမ်းဂန်ထဲမှာ ပါရှိတယ်။ အထူးသဖြင့် ဘုရားဟောနဲ့ ပတ်သက်ပြီး လူအတော်များများ မရှင်းလင်းတဲ့ ပြဿနာတွေကို အဲဒီ မိလိန္ဒပဥှာထဲမှာ ဖြေရှင်းပြထားတယ်။
စေတီပုထိုး ရောင်ခြည်လွှတ်တာနဲ့ ပတ်သက်ပြီး အဲဒီမိလိန္ဒပဥှာအထဲမှာ ရှင်းပြထားတာကတော့  စေတီပုထိုးတွေ ရောင်ခြည်တော် လွှတ်တာဟာ အကြောင်း သုံးမျိုးဘဲ ရှိတယ်တဲ့။
၁။ ရဟန္တာပုဂ္ဂိုလ်များက လူတွေ နတ်တွေကို အစဉ်သနားတဲ့အတွက် လူနတ်တွေ ကုသိုလ်တရား တိုးပွါးစေဖို့ ဤမည်သော စေတီပုထိုးမှာ ဤမည်ဤမည်သော ရောင်ခြည်တော် (တန်ခိုးပြာဋိဟာ) ဖြစ်ပေါ်စေသတည်း ဆိုပြီး အဓိဋ္ဌာန်လိုက်ရင်လဲ အဲဒီ ရဟန္တာအရှင်သူမြတ် အဓိဋ္ဌာန်ထားတဲ့ စေတီပုထိုးမှာ ရောင်ခြည်တော် လွှတ်လေ့ ရှိသတဲ့။
၂။ နတ်တို့က လူတွေကို အစဉ်သနားတဲ့အတွက် လူအများ ကုသိုလ်တိုးပွါးစေဖို့ ဤမည်သော စေတီပုထိုးမှာ ဤမည်ဤမည်သော ရောင်ခြည်တော် (တန်ခိုးပြာဋိဟာ) ဖြစ်ပေါ်စေသတည်း ဆိုပြီး အဓိဋ္ဌာန်လိုက်ရင်လဲ အဲဒီ နတ် အဓိဋ္ဌာန်ထားတဲ့ စေတီပုထိုးမှာ ရောင်ခြည်တော် လွှတ်လေ့ရှိသတဲ့။
၃။ ရတနာသုံးပါး၌ ယုံကြည်မှုသဒ္ဓါ အားကောင်းသော၊ ပညာရှိသော၊ လိမ်မာသော၊ အသိဥာဏ်နဲ့ ပြည့်စုံသော ယောက်ျား ဖြစ်စေ မိန်းမ ဖြစ်စေ သင့်တင့်စွာ ကြံစည်၍ နံ့သာ ပန်း အ၀တ် စသည် တစ်ခုခုသော လှူဖွယ်ဝတ္ထုကို ဘုရားစေတီ၌ ကပ်လှူပြီး ဤမည် ဤမည်သော ရောင်ခြည်တော် (တန်ခိုးပြာဋိဟာ)သည် ဖြစ်ပေါ်စေသတည်းဟု အဓိဋ္ဌာန်ပြီး ထို လှူဖွယ်ပစ္စည်းတစ်ခုခုကို စေတီပုထိုး၌ တင်လိုက်ရင်လဲ အဲဒီ အဓိဋ္ဌာန်ကြောင့် စေတီပုထိုးမှာ ရောင်ခြည်တော် လွှတ်လေ့ရှိသတဲ့။
အဲဒီ သုံးချက်ကြောင့်ဘဲ စေတီပုထိုးတွေမှာ ရောင်ခြည်တော် လွှတ်လေ့ရှိသတဲ့။ ကျန်တဲ့ ဘယ်လို အကြောင်းအရာကြောင့်မှ ရောင်ခြည်တော် လွှတ်လေ့မရှိဘူးတဲ့။ ဒီတော့ တကယ့်နာမည်ကြီး တန်ခိုးကြီးတဲ့ ရဟန္တာ အရှင်သူမြတ်တို့ရဲ့ စေတီပုထိုးပင်ဖြစ်ပစေဦး။ အထက်ပါ အဓိဋ္ဌာန်သုံးခုထဲက တစ်ခုမှ မရှိရင်တော့ ဘယ်ပုထိုးစေတီမှာမှ ရောင်ခြည်တော် လွှတ်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ရောင်ခြည်တော် မလွှတ်တဲ့ ဘုရားတွေကိုလဲ တန်ခိုးမကြီးဘူးလို့ ယူဆလို့ ရမှာ မဟုတ်ပါဘူး။ 
ချုပ်ပြောရရင်တော့  နာမည်ကြီးစေတီပုထိုးဖြစ်စေ နာမည်မကြီးတဲ့ စေတီပုထိုးဖြစ်စေ၊ ရောင်ခြည်တော်လွှတ်တဲ့ စေတီပုထိုးဖြစ်စေ၊ ရောင်ခြည်တော် မလွှတ်တဲ့ စေတီပုထိုးဖြစ်စေ ပုထိုးစေတီမှန်သမျှကို  စစ်မှန်တဲ့ သဒ္ဓါတရားနဲ့ ချီးမြှောက်ပူဇော်ကြမယ်ဆိုရင်တော့ အကျိုးကျေးဇူးကတော့ အတူတူဘဲ ဖြစ်မှာ သေချာပါတယ်။ ကုသိုလ်ရတာ မရတာက တန်ခိုးကြီးဘုရား ရောင်ခြည်တော်လွှတ်တဲ့ဘုရား စတာတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ မိမိစိတ်ထဲက ရတနာသုံးပါးကို ယုံကြည်မှု အပြည့်ရှိနေတဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကသာ ကုသိုလ်တရားတွေကို တိုးပွါးစေပါလိမ့်မယ်ဆိုတဲ့ အကြောင်း မိလိန္ဒပဥှာထဲက ဖတ်ဖူးသမျှလေးကို တစ်ဆင့် ဖောက်သည်ချလိုက်ပါတယ်။ ။
ကိုးကား။
စေတိယပါဋိဟာရိယပဥှာ (မိလိန္ဒပဥှာ၊ စာ၊ ၂၉၈ )
Photo..
From here by courtesy of Google search
.
Wednesday, 6 February 2013
ရတနသုတ် နိဿယသစ် (သပြေကန်မူ)
(၂၅)
ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော ဒသ ဥပပါရမိယော ဒသ ပရမတ္ထပါရမိယောတိ သမတိံသ ပါရမိယော ပဉ္စ မဟာပရိစ္စာဂေ လောကတ္ထစရိယံ ဥာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ တိေဿာ စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ ဇာတိံ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရ၀ိဇယံ သဗ္ဗညုတညာဏပဋိဝေဓံ ဓမ္မစက္ကပ၀တ္တနံ န၀ လောကုတ္တရဓမ္မေတိ သဗ္ဗေပိ မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယံ တီသု ပါကာရန္တရေသု တိယာမရတ္တိံ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒထေရော ၀ိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ....
ဟေ၊ အို သူတော်ကောင်းတို့။ ပဏိဓာနတော၊ ဒီပင်္ကရာဘုရားမြတ်ထံ ဘုရားဆုပန်သည်မှ။ ပဋ္ဌာယ၊ အစပြု၍။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဒသ ပါရမိယော၊ ဆယ်ပါးသော ပါရမီတို့၎င်း။ ဒသ ဥပပါရိမိယော၊ ဆယ်ပါးသော ဥပပါရမီတို့၎င်း။ ဒသ ပရမတ္ထပါရမိယော၊ ဆယ်ပါးသော ပရမတ္ထပါရမီတို့၎င်း။ ဣတိ၊ ဤသို့။ သမတ္တိံသ ပါရမိယော၊ အမျှသုံးဆယ်သော ပါရမီတို့ကို၎င်း။ ပဉ္စမဟာပရိစ္စာဂေ၊ ငါးပါးသော စွန့်ခြင်းကြီးတို့ကို၎င်း။ လောကတ္ထစရိယံ၊ သတ္တ၀ါများအကျိုးငှာ ကျင့်တော်မူခြင်း၎င်း။ ဥာတတ္ထစရိယံ၊ အဆွေမျိုးများအကျိုးငှာ ကျင့်တော်မူခြင်း၎င်း။ ဗုဒ္ဓတ္ထစရိယံ၊ ဘုရားဖြစ်ရန်အကျိုးငှါ ကျင့်တော်မူခြင်း၎င်း။ ဣတိ၊ ဤသို့။ တိေဿာ၊ သုံးပါးကုန်သော။ စရိယာယော၊ အကျင့်တို့ကို၎င်း။ ပစ္ဆိမဘဝေ၊ ဘုရားဖြစ်မည့် နောက်ဆုံးဘ၀၌။ ဂဗ္ဘဝေါက္ကန္တိံ၊ မယ်တော်ဝမ်းတိုက် သက်ဆိုက်စံနေ သန္ဓေယူတော်မူခြင်းကို၎င်း။ ဇာတိံ၊ ဖွားမြင်တော်မူခြင်းကို၎င်း။ အဘိက္ခမနံ၊ မြတ်သော တောထွက်တော်မူခြင်းကို၎င်း။ ပဓာစရိယံ၊ ဒုက္ကရစရိယာကျင့်တော်မူခြင်းကို၎င်း။ ဗောဓိပလ္လင်္ကေ၊ ဗောဓိပင်ခြေ ပလ္လင်ဗွေ၌။ မာရ၀ိဇယံ၊ မာရ်ငါးပါးအောင်မြင်တော်မူခြင်းကို၎င်း။ သဗ္ဗညုတညာဏပဋိဝေဓံ၊ သဗ္ဗညုတဥာဏ်ကို ထိုးထွင်း သိတော်မူခြင်းကို၎င်း။ ဓမ္မစက္ကပ၀တ္တနံ၊ ဓမ္မစကြာတရား ဟောကြားတော်မူခြင်းကို၎င်း။ န၀၊ ကိုးပါးကုန်သော။ လောကုတ္တရဓမ္မေ၊ လောကုတ္တရာတရားတော်တို့ကို၎င်း။ ဣတိ၊ ဤသို့။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ဣမေ ဗုဒ္ဓဂုဏေ၊ ဤမြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို။ အာဝဇ္ဇေတွာ၊ ဆင်ခြင်တော်မူ၍။ ဝေသာလိယာ၊ ဝေသာလီပြည်၏။ တီသု ပါကာရန္တရေသု၊ တံတိုင်းသုံးထပ် ကြားအရပ်တို့၌။ တိယာမရတ္တိံ၊ ညဥ့်သုံးယာမ်ပတ်လုံး။ ပရိတ္တံ၊ ရတနသုတ် ပရိတ်အရံအတားကို။ ကရောန္တော၊ ပြုတော်မူသော။ အာယသ္မာ အာနန္ဒထေရော ၀ိယ၊ အရှင်အာနန္ဒာမထေရ်ကဲ့သို့။ ကာရုညစိတ္တံ၊ ကရုဏာစိတ်ကို။ ဥပဋ္ဌပေတွာ၊ ဖြစ်စေကြကုန်၍။
(၂၆)
ကောဋိသတသဟေဿသု၊ စက္က၀ါဠေသု ဒေ၀တာ
ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။
(၂၇)
ရောဂါ မနုဿ ဒုဗ္ဘိက္ခ၊ သမ္ဘူတံ တိဝိဓံ ဘယံ
ခိပ္ပမန္တရဓာပေသိ၊  ပရိတ္တံ၊ တံ ဘဏာမ ဟေ။
ကောဋိသတသဟေဿသု၊ ကုဋေ တသိန်းကုန်သော။ စက္က၀ါဠေသု၊ စကြာဝဠာတို့၌။ ဒေ၀တာ၊ နတ်ဗြဟ္မာတို့သည်။ ယဿ၊ အကြင်ရတနသုတ် ပရိတ်တော်၏။ အာဏံ၊ တန်ခိုးအာဏာ အရှိန်အ၀ါကို။ ပဋိဂ္ဂဏှန္တိ၊ ခံယူကြကုန်၏။ ယံ၊ အကြင်ရတနသုတ် ပရိတ်တော်သည်။ ဝေသာလိယာ၊ ဝေသာလီမည်သော။ ပုရေ၊ ပြည်၌။ ရောဂါ မနုဿ ဒုဗ္ဘိက္ခသမ္ဘူတံ၊ ရောဂါထူးခြား ဘီလူးများနှင့် အစာရှားခြင်းကြောင့် ဖြစ်ပေါ်လာသော။ တိဝိဓံ၊ သုံးပါးအပြားရှိသော။ ဘယံ စ၊ ဘေးကိုလည်း။ ခိပ္ပံ၊ လျင်မြန်စွာ။ အန္တရဓာပေသိ၊ ကွယ်ပျောက်စေခဲ့ပြီ။ တံ ပရိတ္တံ၊ ထိုရတနသုတ် ပရိတ်တော်ကို။ (မယံ၊ ငါတို့သည်)။ ဘဏာမ၊ ရွတ်ကြကုန်စို့။
(၂၈) ယာနီဓ ဘူတာနိ သမာဂတာနိ
ဘုမ္မာနိ ၀ါ ယာနိ ၀ါ အန္တလိက္ခေ
သဗ္ဗေ၀ ဘူတာ သုမနာ ဘ၀န္တု
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
ဣဓ၊ ဤအရပ်၌။ ဘုမ္မာနိ၊ မြေ၌ဖြစ်ကုန်သော။ ယာနိ ဘူတာနိ ၀ါ၊ အကြင်နတ်တို့သည်၎င်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ ယာနိ ဘူတာနိ ၀ါ၊ အကြင် နတ်တို့သည်၎င်း။ သမာဂတာနိ၊ စည်းဝေးရောက်လာကြကုန်၏။ သဗ္ဗေ၀၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။ တေ ဘူတာ၊ ထိုနတ်အများတို့သည်။ သုမနာ၊ နှစ်သက်ရွှင်လန်း ၀မ်းမြောက်ကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြကုန်လော့။ အထောပိ၊ ထိုမှတပါးလည်း။ ဘာသိတံ၊ ငါဘုရား တရားတော်ကို။ သက္ကစ္စ၊ အရိုအသေပြု၍။ သုဏန္တု၊ နာယူကြကုန်လော့။
(၂၉)
တသ္မာဟိ ဘူတာ နိသာမေထ သဗ္ဗေ
မေတ္တံ ကရောထ မာနုသိယာ ပဇာယ
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
ဘူတာ၊ နတ်အများတို့။ တသ္မာ ဟိ၊ ထိုသို့ တရားနာရန် ငါ ဘုရား တိုက်တော်တွန်းခဲ့သည်၏မူခဲ့သည်၏ အဖြစ်ကြောင့်သာလျှင်။ (တုမှေ၊ သင်တို့သည်)။ နိသာမေထ၊ နားစိုက်ကြကုန်လော့။ သဗ္ဗေ၊ အလုံးစုံကုန်သော။ (တုမှေ၊ သင်တို့သည်)။ မာနုသိယာ ပဇာယ၊ လူသားများ အပေါ်၌။ မေတ္တံ၊ ချစ်မြတ်နိုးခြင်းကို။ ကရောထ၊ ပြုကြကုန်လော့။ ယေ၊ အကြင်သူတို့သည်။ ဒိဝါ စ၊ နေ့အခါ၌၄င်း။ ရတ္တော စ၊ ညဥ့်အခါ၌၄င်း။ ဗလိံ၊ ပူဇော်ဖွယ်ရာကို။ ဟရန္တိ၊ ဆောင်ယူပူဇော်ကြကုန်၏။ တသ္မာ ဟိ၊ ထို့ကြောင့်ပင်လျှင်။ နေ၊ ထိုသူတို့ကို။ အပ္ပမတ္တာ၊ မမေ့မလျော့ကြကုန်ပဲ။ ရက္ခထ၊ စောင့်ရှောက်ကြကုန်လော့။
(၃၀) ယံ ကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ
န နော သမံ အတ္ထိ တထာဂတေန
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဣဓ ၀ါ၊ ဤလူ့ပြည်၌၄င်း။ ဟုရံ ၀ါ၊ နဂါး ဂဠုန်စသည် ပြည်တပါး၌၄င်း။ ယံကိဉ္စိ၊ အလုံးစုံသော။ ၀ိတ္တံ၊ ဥစ္စာရတနာသည်။ အတ္ထိ၊ ရှိ၏။ သဂ္ဂေသု ၀ါ၊ နတ်ပြည် ဗြဟ္မာ့ပြည်တို့၌လည်း။ ပဏီတံ၊ ကောင်းမြတ်သော။ ယံ ရတနံ၊ အကြင်ရတနာသည်။ အတ္ထိ၊ ရှိပေ၏။ (ဧတ္ထ၊ ဤရတနာတို့တွင်)။ တထာဂတေန၊ မြတ်စွာဘုရားနှင့်။ သမံ၊ တူညီသော ရတနာကား။ န နော အတ္ထိ၊ မရှိသည်သာတည်း။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။ 
 (၃၁)
ခယံ ၀ိရာဂံ အမတံ ပဏီတံ
ယဒဇ္ဈဂါ သကျမုနိ သမာဟိတော
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
သမာဟိတော၊ အရိယမဂ်သမာဓိဖြင့် တည်ကြည်သောစိတ် ရှိတော်မူသော။ သကျမုနီ၊ သာကီနွယ်ဖွား ဘုရားမြတ်သည်။ ခယံ၊ ကိလေသာစုံ ကုန်ပျောက်ရာဖြစ်သော။ ၀ိရာဂံ၊ ရာဂအတွယ် ပျောက်ပြယ် ကင်းရှင်းရာ ဖြစ်ပေထသော။ အမတံ၊ သေခြင်းမရှိသော။ ပဏီတံ၊ မရောင့်ရဲစေတတ် ကောင်းမြတ်လှသော။ ယံ၊ အကြင်နိဗ္ဗာနဓါတ် တရားမြတ်ကို။ အဇ္ဈဂါ၊ ရတော်မူခဲ့ပြီ။ တေန ဓမ္မေန၊ ထိုနိဗ္ဗာနဓါတ် တရားမြတ်နှင့်။ သမံ၊ တူသော။ ကိဉ္စိ၊ တစုံတခုသော တရားမျိုးသည်။ န အတ္ထိ၊ မရှိတော့ပေ။ ဓမ္မေ၊ နိဗ္ဗာန်တရားတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာဟု သိသာဖွယ်ကြောင်း ဂုဏ်အပေါင်းသည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။
 (၃၂)
ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ
သမာဓိ မာနန္တရိကည မာဟု
သမာဓိနာ တေန သမော န ၀ိဇ္ဇတိ
ဣဓမ္ပိ ဓမ္မေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဗုဒ္ဓသေဋ္ဌော၊ ဘုရားမြတ်သည်။ သုစိံ၊ ကိလေသာကင်း အလွန်သန့်ရှင်း စင်ကြယ်သော။ ယံ သမာဓိံ။ အကြင်အရိယမဂ် သမာဓိကို။ ပရိဝဏ္ဏယီ၊ အနည်းနည်းထုတ်ဖော် ချီးကျူးတော်မူခဲ့ပြီ။ ယံ သမာဓိံ၊ အကြင် အရိယာမဂ် သမာဓိကိုပင်။ အာနန္တရိကံ၊ မိမိ၏ အခြားမဲ့၌ အကျိုးပေးတတ်သည့် အာနန္တိရိကသမာဓိဟူ၍လည်း။ အာဟု၊ ဘုရားအဆူဆူ မိန့်တော်မူကုန်ပြီ။ တေန သမာဓိနာ၊ ထိုအရိယမဂ် သမာဓိနှင့်။ သမော၊ တူညီသော သမာဓိမျိုးကား။ န၀ိဇ္ဇတိ။ မရှိတော့ပေ။ ဓမ္မေ၊ အရိယမဂ်တရားတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာဟု သိသာဖွယ်ကြောင်း ဂုဏ်အပေါင်းသည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။
(၃၃)
 ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊
စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
ဧတေသု ဒိန္နာနိ မဟပ္မလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္တိ ဟောတု။
သတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ ပသတ္ထာ၊ ချီးမွမ်းအပ်ကုန်သော။ ယေ ပုဂ္ဂလာ၊ အကြင် အရိယာပုဂ္ဂိုလ်တို့သည်။ အဋ္ဌ၊ ရှစ်ယောက်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧတာနိ၊ ဤအရိယာပုဂ္ဂိုလ်တို့သည်။ စတ္တာရိ ယုဂါနိ၊ မဂ်ဖိုလ်နှစ်လီ အညီတွဲကုန် လေးစုံတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သုဂတဿ၊ မြတ်စွာဘုရား၏။ သာဝကာ၊ တပည့်သာဝကဖြစ်ကြကုန်သော။ တေ ပုဂ္ဂလာ၊ ထိုအရိယာပုဂ္ဂိုလ်တို့သည်။ ဒက္ခိဏေယျာ၊ ကံနှင့်အကျိုး မြော်ကိုးရည်သန် အလှူကောင်း အလှူမှန်ကို ခံတော်မူထိုက်ကြပေကုန်၏။ ဧတေသု၊ ဤအရိယာပုဂ္ဂိုလ်တို့၌။ ဒိန္နာနိ၊ လှူအပ်သမျှ အလှူဒါနတို့သည်။ မဟပ္ဖလာနိ၊ ကြီးကျယ်ဖွံ့ဖြိုးသည့် အကျိုးရှိကြကုန်၏။ သံဃေ၊ အရိယာသံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်တော်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။
 (၃၄)
 ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ၀ိဂယှ၊
လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ယေ၊ အကြင်ရဟန္တာအရှင်မြတ်တို့သည်။ ဒဠှေန၊ မြဲမြံတည်တံ့သော။ မနသာ၊ သမာဓိနှင့်ယှဉ်သော စိတ်ဓါတ်ဖြင့်။ သုပ္ပယုတ္တာ၊ လွန်စွာကြိုးစား အားထုတ်ကြကုန်သည်ဖြစ်၍။ ဂေါတမသာသနမှိ၊ ဂေါတမဘုရားရှင်၏ သာသနာတော်၌။ နိက္ကာမိနော၊ ကိလေသာတို့မှ ကင်းကွာထွက်မြောက်တော်မူကြကုန်၏။ တေ၊ ထိုအရိယာအရှင်သူမြတ်တို့သည်။ အမတံ၊ နိဗ္ဗာနဓါတ်သို့။ ၀ိဂ္ဂယှ၊ အာရုံယူလျှက် သက်ရောက်ကြကုန်၍။ မုဓာ၊ တရွေးသားမျှ ပစ္စည်းမကုန်ကျရပဲ။ လဒ္ဓါ၊ လိုရာခဏ အလွယ်ပင် ရတော်မူကြကုန်၍။ နိဗ္ဗုတိံ၊ ဖလသမာပတ် အငြိမ်းဓါတ်အရသာကို။ ဘုဉ္ဇမာနာ၊ ခံစားကြကုန်လျှက်။ ပတ္တိပတ္တာ၊ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြကုန်၏။ သံဃေ၊ ရဟန္တာသံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။
  (၃၅)
ယထိန္ဒခီလော ပထ၀ိဿိတော သိယာ၊
စတုဗ္ဘိ ၀ါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ၀ဒါမိ၊
ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
  ပထ၀ိဿိတော၊ မြေ၌၀င်မှီ တည်နေသော။ ဣန္ဒခီလော၊ လွန်စွာမြဲခိုင် တံခါးတိုင်သည် (၀ါ )တံခါးတိုင်ကို။ စတုဗ္ဘိ၊ အရပ်လေးမျက်နှာတို့မှ။ ၀ါတေဟိ၊ လေပြင်းမုန်တိုင်းတို့သည်။ အသမ္ပကမ္ပိယော၊ မလှုပ်ရှားစေနိုင်သည်။ သိယာ ယထာ၊ ဖြစ်ရာဘိသကဲ့သို့။ ယော သပ္ပုရိသော၊ အကြင်သောတာပန် ပုဂ္ဂိုလ်မြတ်သည်။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ အဝေစ္စ၊ မဂ်ဥာဏ်ဖြင့် သက်ဝင်၍။ ပဿတိ၊ သိမြင်၏။ တံ သပ္ပုရိသံ၊ ထိုသောတာပန် ပုဂ္ဂိုလ်မြတ်ကို။ တထူပမံ၊ ထိုတံခါးတိုင်ကြီးပမာ နှိုင်းခိုင်းစရာ ရှိသူဟူ၍။ (အဟံ၊ ငါဘုရားသည်။) ၀ဒါမိ၊ ဟောတော်မူ၏။ သံဃေ၊ သောတာပန်သံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။
 (၃၆)
 ယေ အရိယသစ္စာနိ ၀ိဘာဝယန္တိ၊
ဂမ္ဘီရပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
န တေ ဘ၀ံ အဋ္ဌမ မာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ယေ၊ အကြင်သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်တို့သည်။ ဂမ္ဘီရပညေန၊ နက်နဲသော ဥာဏ်တော်ရှင် သဗ္ဗညုမြတ်စွာဘုရားသည်။ သုဒေသိတာနိ၊ ကောင်းစွာ ဟောကြားတော်မူအပ်ကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ ၀ိဘာဝယန္တိ၊ ကိုယ့်သန္တာန်တွင် မဂ်ဥာဏ်ဖြစ်ပွါး ထင်ရှားအောင် ပြုတော်မူကြကုန်၏။ တေ၊ ထိုသတ္တက္ခတ္တုပရမသောတာပန် ပုဂ္ဂိုလ်တို့သည်။ ဘုသံ၊ အလွန်အကဲ။ ပမတ္တာ၊ စည်းစိမ်ယစ်၍ မေ့လျော့ကြကုန်သည်။ ကိဉ္စာပိ ဟောန္တိ၊ အကယ်၍ကား ဖြစ်တတ်ကုန်သေး၏။ တထာပိ၊ ထိုသို့ပင် မေ့လျော့ကြကုန်သော်လည်း။ တေ၊ ထိုသတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်တို့သည်။ အဋ္ဌမံ၊ ရှစ်ကြိမ်မြောက်သော။ ဘ၀ံ၊ ဘ၀ခန္ဓာကို။ န အာဒိယန္တိ၊ ယူရိုးမရှိကြကုန်။ သံဃေ၊ သောတာပန်သံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ရတနာဟု သိသာရတုံ ဤဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။  
(၃၇)
သဟာဝဿ ဒဿနသမ္ပဒါယ၊
တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။
သက္ကာယဒိဋ္ဌိ ၀ိကိစ္ဆိ္ဆတဉ္စ၊
သီလဗ္ဗတံ ၀ါပိ ယဒတ္ထိ ကိဉ္စိ။
 အဿ၊ ထိုသောတာပန်ပုဂ္ဂိုလ်မြတ်သည်။ ဒဿနသမ္ပဒါယ၊ သောတာပတ္တိမဂ်ဥာဏ်၏ ပြည့်စုံခြင်းနှင့်။ သဟာဝ၊ အတူမကွာ တပြိုင်နက်သာလျှင်။ သက္ကာယဒိဋ္ဌိ စ၊ သက္ကာယဒိဋ္ဌိ၎င်း။ ၀ိစိကိစ္ဆိတဉ္စ၊ ၀ိစိကိစ္ဆာ၎င်း။ သီလဗ္ဗတံ ၀ါ ပိ၊ သီလဗ္ဗတ၄င်း။ ဣတိ၊ ဤသို့။ တယော၊ သုံးပါးကုန်သော။ ဓမ္မာ၊ တရားတို့သည်။ ဇဟိတာ၊ အရှင်းမပြတ် ပယ်ရှားအပ်ကုန်သည်။ ဘ၀န္တိ၊ ဖြစ်ကုန်၏။ ကိဉ္စိ၊ အချို့သော။ ယံ၊ အကြင်ကိလေသာသည်။ အတ္ထိ၊ ရှိ၏။ (တမ္ပိ၊ ထိုကိလေသာအချို့ကိုလည်း။ ဇဟိတံ၊ ပယ်အပ်ပေပြီ။)
  (၃၈)
စတူဟပါယေဟိစ ၀ိပ္ပမုတ္ထော၊
ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧနေတ သစ္စေန သုဝတ္ထိ ဟောတု။
သော၊ ထိုသောတာပန်ပုဂ္ဂိုလ်မြတ်သည်။ စတုဟပါယေဟိ စ၊ အပါယ်လေးဘုံတို့မှလည်း။ ၀ိပ္ပမုတ္တော၊ လွတ်မြောက်ရပေပြီ။ ဆ၊ ခြောက်ပါးကုန်သော။ အဘိဌာနာနိ စ၊ ရုန့်ရင်းသော အကြောင်းစု အမှုအပြစ်တို့ကိုလည်း။ ကာတုံ၊ ပြုခြင်းငှါ။ အဘဗ္ဗော၊ မထိုက်တော့ပေ။ သံဃေ၊ သောတာပန်သံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။ 
(၃၉)
ကိဉ္စာပိ သော ကမံ္မ ကရောတိ ပါပကံ၊
ကာယေန ၀ါစာ ဥဒ စေတသာ ၀ါ။
အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊
အဘဗ္ဗတာ ဒိဋ္ဌပဒဿ ၀ုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
သော၊ ထိုသောတာပန်ပုဂ္ဂိုလ်မြတ်သည်။ ကာယေန ၀ါ၊ ကိုယ်ဖြင့်သော်၎င်း။ ၀ါစာယ ၀ါ၊ နှုတ်ဖြင့်သော်၎င်း။ ဥဒ၊ ထို့ပြင်။ စေတသာ ၀ါ၊ စိတ်ဖြင့်သော်၎င်း။ ပါပကံ ကမ္မံ၊ မကောင်းသော ပြစ်မှုကို။ ကိဉ္စာပိ ကရောတိ၊ မသိခဲ့၍ မေ့လျော့သမှု ပြုမိစေကာမူ။ သော၊ ထို သောတာပန်ပုဂ္ဂိုလ်မြတ်သည်။ တဿ၊ ထိုပြုမိသော ပြစ်မှုကို။ ပဋိစ္ဆဒါယ၊ ဖုံးကွယ်ထိန်ဝှက်ခြင်းငှါ။ အဘဗ္ဗော၊ မထိုက်တော့ပေ။ ဒိဋ္ဌပဒဿ၊ မဂ်ဖြင့်မြင်သိ နိဗ္ဗာန်ရှိသော အရိယာ သောတာပန်ပုဂ္ဂိုလ်၏။ အဘဗ္ဗတာ၊ မကောင်းအမှု ပြုမိသောအခါ ကွယ်ကာဖုံးမှု မပြုထိုက်သူ၏ အဖြစ်ကို။ ၀ုတ္တာ၊ ရှင်တော်ဘုရား ဟောကြားတော်မူအပ်၏။ သံဃေ၊ သောတာပန်သံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ရတနာဟု သိသာရတုံ ဤဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။   
  (၄၀)
ဝနပ္ပဂုမ္ဗေ ယထာ ဖုဿိတဂ္ဂေ၊
ဂိမှာန မာသေ ပဌမသ္မိံဂိမှေ။
တထူပမံ ဓမ္မ၀ရံ အဒေသယိ၊
နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဂိမှာနံ၊ နွေလတို့တွင်။ ပဌမသ္မိံ ဂိမှေ၊ နွေဦးအစ ဖြစ်သော။ မာသေ၊ တန်ခူးလ၌။ ဖုဿိတဂ္ဂေ၊ ကောင်းစွာပွင့်သည့် ခက်ဖျားစုံရှိသော။ ၀နပ္ပဂုမ္ဗေ၊ တောအုပ်သည်။ (သသိရီကော ယထာ၊ အသရေရှိသကဲ့သို့။) တထူပမံ၊ သဒ္ဒါအနက် နှစ်ချက်စုံကာ ထိုတောအုပ်လျှင် ပုံပမာရှိသော။ နိဗ္ဗာနဂါမိံ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။ ဓမ္မ၀ရံ၊ သုံးပုံပိဋကတ် တရားတော်မြတ်ကို။ ပရမံဟိတာယ၊ နိဗ္ဗာနဓါတ် အမြတ်ဆုံး အကျိုးစီးပွါး အလို့ငှာ။ အဒေသယိ၊ ဟောကြားတော်မူခဲ့ပြီ။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဣဒမ္ပိ ရတနံ၊ ရတနာဟု သိသာရတုံ ဤဂုဏ်တော်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။
(၄၁)
ဝရော ၀ရညူ ၀ရဒေါ ၀ရာဟရော၊
အနုတ္တရော ဓမ္မ၀ရံ အဒေသယိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဝရော၊ စိတ်ထားမြတ်သူ လူနတ်အများ လိုလားတောင့်တအပ် မြတ်တော်မူထသော။ ၀ရညူ၊ အမြတ်ဆုံးမှန် နိဗ္ဗာန်ကိုလည်း သိတော်မူထသော။ ၀ရဒေါ၊ အမြတ်တရားကို ပေးသနားတော်မူတတ်ထသော။ ၀ရာဟရော၊ ကျင့်စဉ်အကောင်း ရှေးဟောင်းလမ်းမြတ်ကို ယူဆောင်တော်မူတတ်ထသော။ အနုတ္တရော၊ သာလွန်သည်မထင် အမြတ်ဆုံး ဘုရားရှင်သည်။ ဓမ္မ၀ရံ၊ တရားတော်မြတ်ကို။ အဒေသယိ၊ ဟောကြားတော်မူပေပြီ။ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။
(၄၂)
 ခီဏံ ပုရာဏံ န၀ နတၳိ သမ ၻ၀ံ၊
ဝိရတ္တစိတ္တာယတိကေ ဘ၀သ္မိံ။
တေ ခီဏဗီဇာ အ၀ိရုဠှိဆန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(ယေသံ ခီဏာသ၀ါနံ၊ အကြင်ရဟန္တာ အရှင်သူမြတ်တို့အား။) ပုရာဏံ၊ ရှေးကံဟောင်းစု ကုသိုလ် အကုသိုလ်သည်။ ခီဏံ၊ သတ္တိကင်းချေ ကုန်ပျောက်ခဲ့ရပေပြီ။ န၀ံ၊ အသစ်ဖြစ်သော ကံသည်လည်း။ နတ္ထိသမ္ဘ၀ံ၊ ထင်ရှားဖြစ်ပေါ်ခြင်း အလျင်းမရှိတော့ပေ။ အာယတိကေ ဘ၀သ္မိံ၊ နောင်ဖြစ်ရမည့် ဘ၀သစ်၌။ ၀ိရတ္တစိတ္တာ၊ တွယ်တာမက်မောခြင်း ကင်းသောစိတ် ရှိတော်မူကြကုန်၏။ တေ ခီဏာသ၀ါ၊ ထိုရဟန္တာ အရှင်သူမြတ်တို့သည်။ ခီဏဗီဇာ၊ ကုန်ပြီးသော ပဋိသန္ဓေမျိုးစေ့ ရှိတော်မူကြကုန်၏။ အ၀ိရုဠှီဆန္ဒာ၊ ဘ၀ဆက်တည် စည်ပင်ရေးဝယ် တွယ်တာသော ဆန္ဒ ရှိတော်မမူကြကုန်။ အယံ ပဒီပေါ၊ ဤဆီမီးသည်။ နိဗ္ဗာတိ ယထာ၊ ငြိမ်းလေဘိသကဲ့သို့။ ဓီရာ၊ ပညာရှိအစစ် ဖြစ်တော်မူကြကုန်သော။ တေ ခီဏာသ၀ါ၊ ထိုရဟန္တာ အရှင်သူမြတ်တို့သည်။ နိဗ္ဗန္တိ၊ သံသရာစက်ရဟတ် အဆက်ပြတ်၍ ဇာတ်စုံရုပ်သိမ်း ချုပ်ငြိမ်းတော်မူကြလေကုန်၏။ သံဃေ၊ ရဟန္တာသံဃာတော်၌။ ဣဒမ္ပိ ရတနံ၊ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း။ ပဏီတံ၊ ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။
  (၄၃)
ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊
ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။
ဣဓ၊ ဤအရပ်၌။ ဘုမ္မာနိ၊ မြေ၌ဖြစ်ကုန်သော။ ယာနိ ဘူတာနိ ၀ါ၊ အကြင်နတ်တို့သည်၎င်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ ယာနိ ဘူတာန ၀ါ၊ အကြင်နတ်တို့သည်၎င်း။ သမာဂတာနိ၊ စုဝေးရောက်လာကြကုန်၏။ (တေ မယံ၊ ထိုငါတို့သည်။) ဒေ၀မနုဿပူဇိတံ၊ နတ်လူအများ လေးစားပူဇော်အပ်သော။ တထာဂတံ၊ တထာဂတမည်တော်မူသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ နမဿာမ၊ ရှိခိုးကြပါကုန်၏။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။ 
(၄၄)
ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊
ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။
ဣဓ၊ ဤအရပ်၌။ ဘုမ္မာနိ၊ မြေ၌ဖြစ်ကုန်သော။ ယာနိ ဘူတာနိ ၀ါ၊ အကြင်နတ်တို့သည်၎င်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ ယာနိ ဘူတာန ၀ါ၊ အကြင်နတ်တို့သည်၎င်း။ သမာဂတာနိ၊ စုဝေးရောက်လာကြကုန်၏။ (တေ မယံ၊ ထိုငါတို့သည်။) ဒေ၀မနုဿပူဇိတံ၊ နတ်လူအများ လေးစားပူဇော်အပ်သော။ တထာဂတံ၊ တထာဂတမည်တော်မူသော။ ဓမ္မံ၊ တရားတော်ကို။ နမဿာမ၊ ရှိခိုးကြပါကုန်၏။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။ 
 (၄၅)
ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊
သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
ဣဓ၊ ဤအရပ်၌။ ဘုမ္မာနိ၊ မြေ၌ဖြစ်ကုန်သော။ ယာနိ ဘူတာနိ ၀ါ၊ အကြင်နတ်တို့သည်၎င်း။ အန္တလိက္ခေ၊ ကောင်းကင်၌။ ယာနိ ဘူတာန ၀ါ၊ အကြင်နတ်တို့သည်၎င်း။ သမာဂတာနိ၊ စုဝေးရောက်လာကြကုန်၏။ (တေ မယံ၊ ထိုငါတို့သည်။) ဒေ၀မနုဿပူဇိတံ၊ နတ်လူအများ လေးစားပူဇော်အပ်သော။ တထာဂတံ၊ တထာဂတမည်တော်မူသော။ သံဃံ၊ သံဃာတော်ကို။ နမဿာမ၊ ရှိခိုးကြပါကုန်၏။ သုဝတ္ထိ ဟောတု၊ သတ္တ၀ါတွေ ချမ်းသာပါစေသတည်း။ 
ရတနသုတ္တံ နိဌိတံ။
ရတနသုတ္တံ၊ ရတနသုတ်သည်။ နိဋ္ဌိတံ၊ ပြီးပြီ။ ။
.
Saturday, 2 February 2013
ကိုယ့်ဇနီးနဲ့ကိုယ် ကာမေသုမိစ္ဆာစာရကံ ထိုက်ခြင်း
 နဲနဲ မသင့်တော်သလို ဖြစ်နေပေမဲ့ ဗဟုသုတဖြစ်စေဖို့ မ၀ံ့မရဲနဲ့ တင်ပေးလိုက်ပါတယ်။ အထူးသဖြင့် အိမ်ထောင်ရှင်အမျိုးသားများ မှတ်သားနိုင်ဖို့ပါ။
ပိုင်ဆိုင်ပြီးသား ပစ္စည်းတောင် အသုံးမတတ်ရင် သို့မဟုတ် မတော်မတရား အသုံးပြုရင် ပစ္စည်းပိုင်ရှင်မှာ အပြစ် ဖြစ်တတ်ပါတယ်။ ဥပမာ ကားတစ်စီးပိုင်ဆိုင်ထားတယ် ဆိုကြပါစို့။ အဲဒီကား တာယာကျွတ်ပေါက်ပြဲနေရင် ဒါမှမဟုတ် ဘရိတ်ပျက်နေရင် ဒါမှမဟုတ် ဆီလိုက်မမှန်ရင် ဒါမှမဟုတ် လေးကျိုးနေရင် ဒါမှမဟုတ် ရှေ့မီးနောက်မီးပျက်စီးနေရင် ကားမောင်းတဲ့သူမှာ အပြစ်ဒဏ်ထိတတ်ပါတယ်။
အဲဒီ ဥပမာလိုပါဘဲ။ အိမ်ထောင်ရှင်ယောက်ျားတစ်ယောက်ဟာ ကိုယ်ပိုင် တရားဝင် လက်ထပ်ယူထားတဲ့ အမျိုးသမီး (ကိုယ့်ရဲ့ဇနီးမယား)ပင် ဖြစ်ပစေ၊ အခါမသင့်ရင် ဒါမှမဟုတ် သဘာဝထက်ပိုလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်တဲ့။ စွယ်စုံကျော်ထင်ကျမ်းက ဆိုထားတာပါ။ မူရင်းအတိုင်း ကူးယူဖော်ပြပေးလိုက်ပါတယ်။
.......
၁း၂း၇၅။ ။ "မိစ္ဆာဖြစ်ဖွယ်၊ အိမ်ရှင်ဝယ်၊ လေးသွယ်ရှိ၏ အဘယ်နည်း" ၏ အဖြေ ကား-
အကာလ၊ အဒေသ၊ အနင်္ဂမနိယ၊ အဓမ္မ ဟူ၍ လေးပါး တည်း။ 
ထိုလေးပါးတို့တွင်...
အကာလ ဟူသည်ကား.... 
ဥတုလာသောအခါ၊ ဖျားနာသောအခါ၊ အလိုမရှိသောခါ၊ သားငယ်နို့စို့သောအခါ၊ ရက်ကန်း ဗိုင်းဝါ အစရှိသော အလုပ်အကိုင်ကို ပြုသောအခါ။ ဤကား အကာလ အခါတည်း။
အဒေသ ဟူသည်ကား....
 စေတီ ပုထိုး ရှိခိုးဝတ်တက်သော နေရာ၊ အမိ အဖတို့နှင့် စကားပြောဆိုသောနေရာ၊ ဆရာသမားနီးသောနေရာ။ ဤကား အ ဒေသ အခါတည်း။
အနင်္ဂမနိယဟူသည်ကား...... 
ပဿာဝမဂ်မှတစ်ပါး ဝစ္စမဂ် စသည်ကို ကျင့်ခြင်းသည် အနင်္ဂမနိယ မည် ၏။ 
အဓမ္မဟူသည်ကား...... 
ကျင့်ရိုးမဟုတ်သော အရာ၌ကျင့် ခြင်းသည် အဓမ္မမည်၏။ 
ထို့ကြောင့် ဆဂတိဒီပနီ၌-
အကာလေ အဒေသေ အဓမ္မေန အနင်္ဂေန သေဝန္တဿသ ကဒါရေပိ မိစ္ဆာစာရော ဟောတိ ဟု မိန့်အပ်၏။
အနက်ကား........
အကာလေ၊ ရောဂါကိုယ်ဝန် အလွန်ရင့်၍ မပြုသင့်သောအခါ၌ လည်းကောင်း။ 
အဒေသေ၊ မိဘဆရာ သူတကာတို့  မြင်သာသဖြင့် မသင့်သောနေရာ၌ လည်းကောင်း။ 
အဓမ္မေန၊ ကျင့်ရိုးမဟုတ် သဖြင့်လည်းကောင်း။ 
အနင်္ဂေနေ၊ ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သဖြင့် လည်းကောင်း။ 
 သေဝန္တဿ၊ မှီဝဲသောသူအား။ သကဒါရေပိ၊ မိမိ မယား၌လည်း။ 
မိစ္ဆာစာရေ၊ မှားသောအကျင့်သည်။ ဟောတိ၊ ဖြစ်၏။ 
ကာမသျှတ်၌လည်း လပြည့် လကွယ် ရှစ်ရက် သတင်းကြီး။ ဤနေ့တို့၌ မမှီဝဲအပ် ဟု ဆိုသည်။
ဤသို့ မိမိမယား၌ မိစ္ဆာစာရကံထိုက်သည်၏အဖြစ်ကို သိအပ်မှတ်အပ်သည်။
၎င်းပုစ္ဆာ၏ ဝိသဇ္ဇနာကားပြီး၏။
စွယ်စုံကျော်ထင် အဖြေကျမ်း
http://www.zaygwet.com/literature.php?id=139 
 ..
ဒီစာစုလေးတွေ ဖတ်ပြီး နဲနဲတော့ အတွေးပွါးနေမိတယ်။ လင်ယောက်ျားက ကိုယ့်ဇနီးမယားကို အချိန်အခါမဟုတ်ဘဲ ကျူးလွန်မှုပြုရင် ကာမေသုမိစ္ဆာစာရကံ ထိုက်တယ်ဆိုရင် ဇနီးမယားက ကိုယ့်လင်ယောက်ျားကို အချိန်အခါမဟုတ်ဘဲ အတင်းဆက်ဆံခိုင်းရင်ကော ကာမေသုမိစ္ဆာစာရကံ မထိုက်ဖူးလားပေါ့။ လွန်ခဲ့တဲ့ သုံးလေးလက အင်တာနက်မှာ သတင်းတစ်ပုဒ် ဖတ်မိလိုက်တယ်။ ဇနီးမယားငါးယောက်က (အချို့နိုင်ငံ၌ တရားဝင် မိန်းမများစွာ ယူလို့ရ၏) သူတို့လင်ယောက်ျားကို အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ကြလို့ လင်ယောက်ျား ဆုံးပါးသွားရရှာတယ် ဆိုတဲ့သတင်းပါ။ အဲဒါကို သေချာ ဆန်းစစ်ကြည့်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်သလိုလိုများ ဖြစ်နေမလားလို့ပါ။ ကာမေသု မိစ္ဆာစာရဆိုတဲ့ အဓိပ္ပါယ်ကတောင်မှ... ကာမေသု၊ ကာမဂုဏ်တို့၌။ မိစ္ဆာစာရ၊ မှားယွင်းစွာကျင့်ခြင်း အလွန်အကျူးကျင့်ခြင်းလို့ ဆိုထားတာမဟုတ်လား။
ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့လေ။ ဘယ်အရာမဆို လွန်လွန်ကဲကဲ ဖြစ်ရင် မကောင်းပါဘူး။ အတိုင်းအတာတော့ ရှိသင့်ပါတယ်။ အစားအစာတောင်မှ နင်းကန်ပိတ်စားရင် ဘေးဖြစ်တတ်သေးတာ မဟုတ်လား။ လောဘကြီးတာတို့ ဒေါသကြီးတာတို့ အတ္တကြီးတာတို့ မာနကြီးတာတို့ မနာလိုဝန်တိုမှု အားကြီးတာတို့ဟာလဲ အတိုင်းအတာတစ်ခုထက် ပိုလာရင် ကာယကံရှင်ကိုဘဲ ပြန်လာထိခိုက်တတ်တာ ဓမ္မတာပါဘဲ။ ဒီတော့ လူသားအားလုံး ဘယ်အရာကိုမှ လိုအပ်တာထက် ပို မဖြစ်ချင်ကြပါနဲ့လို့ ဆန္ဒပြုလိုက်ပါရစေ။ ။
Photo
From here by courtesy of Google search