အချက်ကျတော့ ချက်ရပေတော့မည်။ ချက်ဖို့ စောင့်ခဲ့ရတဲ့ ရက်တွေကလဲ မနဲတော့။ ချက်ရဖို့ ရက်တွေကို ဆယ်မိုး ဆယ်နွေ စောင့်မျှော်ခဲ့ရတာ မဟုတ်ပေမဲ့ ပြက္ခဒိန် စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက် အမှိုက်ပုံးထဲ ရောက်ခဲ့တဲ့ အထိတော့ စောင့်ခဲ့ရလေသည်။ သို့သော် ချက်ခွင့် မကြုံခဲ့။ ဟော အခုတော့ ကြုံရပါလေပြီ။ ဒါဖြင့် ဘာကို ချက်မှာလဲ။ မျှစ်ချဉ်တဲ့။ ဘယ်နေ့ ဘယ်ရက်က ဘယ်သူက ဘယ်သူနဲ့ လူကြုံပါးပြီး ဘယ်လိုက ဘယ်လို ရေခဲသေတ္တာထဲ ရောက်နေမှန်း မသိတဲ့ ပျဉ်းမနား မျှစ်ချဉ် ထုပ်ကလေး။
ချက်ခြင်းပြုတ်ခြင်းသည် သူနှင့် စိမ်းလှသည်တော့ မဟုတ်။ နယ်မြို့လေး တစ်မြို့က စာသင်သား ၃၀၀ လောက်ရှိတဲ့ စာသင်တိုက် ကလေးမှာ နေစဉ်ကစပြီး သူ ချက်ဖူးပြုတ်ဖူးခဲ့သည်။ အဲဒီ စာသင်တိုက်ကလေးကို သူ ကိုရင်ပိစိနိ ဘ၀လေးထဲက ရောက်ခဲ့သည်။ ကိုရင်ပိစိနိ ဘ၀မှ ရဟန်း တစ်ဝါထိ သူ ကျင်လည် ကျက်စားခဲ့လေသည်။ ရာထူးတွေကလဲ အဆင့်ဆင့် တက်ခဲ့သည်။ မီးဖိုဖို့ မီးမွေးစာ ပြုလုပ်ရခြင်း၊ ကြက်သွန်လှီးပေးရခြင်း၊ ဆန်ရေဆေးပေးရခြင်း၊ ရေနွေးကျိုပေးရခြင်း၊ ထမင်းဟင်း ချက်ပေးရခြင်း၊ လက်ထောက်ဘ၀ဖြင့် ချက်ရေးပြုတ်ရေးကို ဦးဆောင်ရခြင်း၊ ခေါင်းဆောင်ချုပ်ကြီး အနေနဲ့ ချက်ပြုတ် ကျွေးမွေးရေးကို ဦးဆောင်ခဲ့ရခြင်း အစရှိတဲ့ ငယ်သားဘ၀မှ စပြီး ၀ိုင်းခေါင်ဆောင်ဘ၀ အထိ သူ အတွေ့အကြုံ ရရှိခဲ့ဖူးလေသည်။ သံဃာ ၃၀၀ အင်အားကို ချက်ပြုတ် ကျွေးမွေးရေး တာဝန်ယူရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်။
လက်ထောက်ဘ၀ဖြင့် ၂ နှစ် ခေါင်းဆောင်ချုပ်ကြီး ဘ၀ဖြင့် ၂ နှစ်၊ စုစုပေါင်း ၄ နှစ်တိတိ သူ ခေါင်းဆောင်ပေးခဲ့ရသည်။ ညနေပိုင်း၌ ဆန်ရေဆေးထားရခြင်း၊ သုံးရေ ဖြည့်ထားရခြင်း၊ ထင်းပေါက်ကွဲထားရခြင်း စသည်တို့ကို ပြုလုပ်ရပြီး မနက်ခင်း ၃ နာရီဝန်းကျင်လောက် အိပ်ရာမှ ထပြီး ထမင်းချက် ဟင်းချက် လုပ်ငန်းများကို ဇယ်တောက်သလို ပြုလုပ်စီမံရသည်။ တိုက်အုပ် စာချ စာသင် သံဃာတော် အပါး ၃၀၀ လုံးအတွက် မနက် ၆ နာရီ အရုဏ်ဆွမ်းအမီ ချက်ပြုတ်ပေးရသည်မှာ ခေါင်းဆောင် လုပ်တဲ့ သူ့အဖို့ ဦးဏှောက် အတော်လေး စားခဲ့ရသည်။
ထမင်းနှပ်ခြင်း၊ မနှပ်ခြင်း၊ မီးတူးခြင်း၊ မာခြင်း၊ ပျော့ဖတ်ဖတ်ဖြစ်ခြင်းတို့ဖြင့် ကြုံတွေ့ရလျှင် တာဝန်အားလုံးတို့သည် သူ့ခေါင်းပေါ်သို့ ကျရောက်မြဲ ဖြစ်သည်။ ထို့ကြောင့် ဧရာမထမင်းအိုးကြီးကို ချက်ပြီး ပတ်ရည်မိအောင် နှပ်ပေးရသည်။ ဧရာမ ဟင်းအိုးကြီးကို ချိုချဉ်ငန်ပေါ့ သူ မကြာခဏ ဆားမြည်းပေးရသည်။ သူ ချက်ပြုတ်တာဝန်ယူစဉ်မှာ သံဃာတော်တို့ ကျေနပ်မှု ရရှိလျှင် သူဝမ်းသာသည်။ သံဃာတော်တို့ သူ့ချက်ပြုတ်စာကြောင့် ၀မ်းလျော ၀မ်းပျက် ဖြစ်ကြလျှင် သူ အလွန်ဝမ်းနည်းရသည်။
သူ ဦးဆောင်သည့် ချက်ပြုတ်ရေးအဖွဲ့တွင် တပ်သား ၇ ယောက်ပါဝင်ခဲ့သည်။ ကိုရင်ငယ်ကလေးနှစ်ပါး၊ ကိုရင်လတ်သုံးပါး၊ ကိုရင်ကြီး နှစ်ပါး ဖြစ်သည်။ ကိုရင်ငယ်ကလေး နှစ်ပါးမှာ မီးမွေးစာ လုပ်ဖို့၊ တိုက်အုပ် စာချဆရာတော်များ ဆွမ်းပေးလျှင် အနားမှာ နေပြီး သောက်ရေသုံးရေ လက်သုတ်ပုဝါ ကပ်လှူဖို့ ဖြစ်သည်။ ကိုရင်လတ် သုံးပါးမှာ ရေထမ်းခြင်း၊ ဆန်ဂိုထောင်မှ ဆန်ထုတ်ခြင်း၊ ဆန်ရေဆေးခြင်း စသည်တို့ကို ပြုလုပ်ဖို့ ဖြစ်သည်။ ကိုရင်ကြီး နှစ်ပါးမှာ လက်ထောက်နဲ့ ခေါင်းဆောင် တာဝန်ဖြစ်သည်။ နေရာတိုင်း သူတို့ ပါဝင်ရသည်။
ခေါင်းဆောင်ဆိုပေမဲ့ စာသင်သား ဘ၀ပေမို့ နိုးစက်ပေးဖို့ နာရီလေး တစ်လုံးမျှပင် သူမရှိခဲ့။ သူဦးဆောင်သည့် အဖွဲ့သည် နှစ်လခွဲလောက်ဆိုလျှင် တစ်ကြိမ် တာဝန်ကျသည်။ ထိုသို့ တာဝန်ကျသည့်အခါ မနက်စောစောထဖို့ နိုးစက်လိုသည်။ သို့သော် သူ့မှာ နိုးစက်မရှိ။ စာကျက်စာအံ ပြုလုပ်ထားခဲ့ရသည့် ပင်ပန်းမှုကြောင့် ကြက်ဘယ်နှစ်သားတွန်တွန် သူမနိုးနိုင်။ ထို့ကြောင့် သူ နိုးစက် လိုသည်။ ထို့ကြောင့်ပင် နိုးစက်နာရီရှိသည့် ကိုရင် ဦးဇင်းများထံ အသနားခံပြီး နိုးစက် ငှားရသည်။
ထိုစာသင်တိုက်တွင် ထိုအချိန်က ဦးဇင်းအပါး ၁၀၀၊ ကိုရင်အပါး ၂၀၀ ခန့်ရှိသည်။ ကိုရင်များက ချက်ပြုတ်ရေး တာဝန်ယူရသည်။ ဦးဇင်းများက ပြင်ဆင်ရေး တာဝန်ယူရသည်။ အလှည့်အတူ တာဝန်ကျကြသည့် ကိုရင်အဖွဲ့နှင့်ဦးဇင်းအဖွဲ့သည် ဟာမိုနီ ဖြစ်ဖို့လိုသည်။ ဟာမိုနီ မဖြစ်လျှင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပညာပြပြီး နောက်ဆုံးတော့ သံဃာတော်တွေ ဆွမ်းဘုဉ်းပေးရ အဆင်မပြေ ဖြစ်တတ်သည်။
ထိုဖြစ်စဉ် အားလုံးတို့သည် သူကြီးပြင်းလာခဲ့ရာ စာသင်တိုက်တစ်ခုမှ သူ၏ ချက်ပြုတ်စီမံရေး အတွေ့အကြုံများပင် ဖြစ်သည်။
အဲဒီလို ချက်ပြုတ်ရေး အတွေ့အကြုံအပြည့်အ၀ ရှိခဲ့ပေမဲ့လဲ သူသည် မျှစ်ချဉ်ဟင်းကို ဘယ်သောအခါကမှ ချက်ပြုတ်ဖူးခြင်း မရှိခဲ့ပေ။ ထို့ကြောင့် မျှစ်ချဉ်ဟင်းတစ်ခွက် ဖြစ်ဖို့ အကြံပေး အရာရှိ တစ်ယောက် သူ လိုအပ်နေသည်။ သူ လန်ဒန် ရောက်ပြီး အခန့်သင့်တဲ့အခါ စီမံ ချက်ပြုတ်တတ်ပေမဲ့ စားဝတ်နေရေး အားလုံး ပြည့်စုံအောင် ထားပေးသည့် ကျောင်းဒကာ၏ ကျေးဇူးကြောင့် မချက်ပြုတ်ခဲ့သည်မှာ အတော်လေး ကြာသွားလေပြီ။ ကျောင်းဒကာကြီးက တရုတ်စားသောက်ဆိုင် ပိုင်ရှင်ဖြစ်တဲ့အတွက် တရုတ်အစားအစာများကို နေ့တိုင်းနီးပါး စားသုံးနေရလေသည်။ နီးစပ်ရာ မြန်မာ ဒကာဒကာမများကလဲ မြန်မာအစားအစာများဖြင့် မကြာခဏ လာရောက် လှူဒါန်းကြလေသည်။ ရံဖန်ရံခါ အိန္ဒိယကုလား၊ သီဟိုဠ်ကုလားများကလဲ သူတို့ အစားအစာများကို လာရောက် ကပ်လှူတတ်ကြလေသည်။ ထို့ကြောင့် သူ ချက်ပြုတ်ခွင့် မရခဲ့သည်မှာ ရာသီတွေ အတော်ပင် နှောင်းခဲ့လေပြီ။
ဒီနေ့တော့ ဆွမ်းလာကပ်တဲ့သူလဲ မရှိ။ ရေခဲသေတ္တာထဲမှာလဲ ဆွမ်းဟင်း များများစားစားမရှိ။ မျက်စိ ကစားကြည့်လိုက်တော့ ရေခဲသေတ္တာ အောက်ဆင့်မှာ မျှစ်ချဉ်ထုပ်တစ်ထုပ် တွေ့ရသည်။ ထိုသည်ပင်လျှင် သူ၏ ချက်ပြုတ်ရေး ပြုလုပ်မှုအတွက် နိဒါန်းပင် ဖြစ်ပေတော့သည်။ မျှစ်ချဉ်ကို စားချင့်စဖွယ်ဖြစ်အောင် ဘယ်လို ချက်ရမလဲ။ သူ စဉ်းစားသည်။ ထပ်ကာ ထပ်ကာ စဉ်းစားသည်။ သို့သော် အဖြေကား နတ္ထိ။ ထို့ကြောင့် ဂျပန်က အကြံပေးအရာရှိတစ်ယောက်ထံ သူ အကြံတောင်းလေသည်။ မျှစ်ချဉ်ကို သက်သတ်လွတ် ချက်ချင်တယ်၊ အဲဒါ ဘယ်လို ချက်မလဲ လို့ သူလှမ်းမေးဖြစ်သည်။ မျှစ်ချဉ်ကို သက်သတ်လွတ် ချက်လေ့မရှိဟု သူဖြေသည်။ ဗုဒ္ဓေါ။ ဒုက္ခော။
သက်သတ်လွတ် ချက်ချင်သည့် သူသည် သတ်သက်လွတ် စားသူ မဟုတ်ပေ။ အသားကို ဆိုင်တွင် ၀ယ်ရမှာ ရှက်ရွံ့သောကြောင့် သက်သတ်လွတ် ချက်ဖို့ ဆုံးဖြတ်ခြင်းပင်ဖြစ်သည်။ မျှစ်ချဉ်ချက်လျှင် အနဲဆုံးတော့ ပုဇွန်ခြောက်လောက် ထည့်ချက်မှ ပိုကောင်းတယ် ဟု ဂျပန်က အသိမိတ်ဆွေရဲ့ အကြံပေးချက်အရ မြန်မာနိုင်ငံဖြစ် ပုဇွန်ခြောက် စစ်စစ်ဖြင့် မျှစ်ချဉ်ချက်ခြင်း အမှုကို သူ စတင်ပြုလုပ်လေသည်။ ထိုမျှစ်ချဉ်ဟင်းသည် ကျောင်းတိုက်ရှိ သံဃာကုန် ဆက်ကပ် လှူဒါန်းဖို့ ဖြစ်သည်။ ဟင်းကောင်း မကောင်းခြင်းကို သူ ဆုံးဖြတ်မည်မဟုတ်၊ ကျောင်းရှိ သံဃာများက ဆုံးဖြစ်ပေးလိမ့်မည်။ ဒါဖြင့် ကျောင်းမှာ သံဃာ ဘယ်နှစ်ပါးလောက် ရှိသလဲဟု မေးကောင်း မေးကြပါလိမ့်မည်။ ဟုတ်ကဲ့ပါ။ အခုလက်ရှိ ကျောင်းမှာ သူအပါအ၀င် သံဃာ နှစ်ပါး တိတိ ရှိနေပါသည်။း)))
ဂျပန်က အကြံပေးအရာရှိ ပြောပြသည့်အတိုင်း နေ့ဆွမ်းအတွက် မျှစ်ချဉ်ချက်ခြင်းကို သူ စတင်ပြုလုပ်လေသည်။ ရှေးဦးစွာ ကြက်သွန် ဖြူနီ ဂျင်း ငရုပ်သီးစိမ်းတို့ကို စီမံထားသည်။ ထို့နောက် ဆီအိုးတည်ပြီး ဆီကျက်သည့်အခါ အရောင်တင်မှုန့် ထည့်သည်။ ထို့နောက် ကြက်သွန်ဖြူနီ ငရုပ်သီးစိမ်း ဂျင်းတို့ကို ဆီသပ်သည်။ ထို့နောက် အသင့် လှီးဖြတ်ထားသည့် မျှစ်ချဉ်ဖတ်တို့ကို အိုးထဲ ပစ်ထည့်လိုက်သည်။ အဲ... ပုဇွန်ခြောက် ခပ်များများလဲ သူ ပစ်ထည့်လိုက်သေးသည်။ အနည်းငယ် ကြာသည့်အခါ အရည်များများရဖို့ ရေတစ်လီတာလောက် သူ လောင်းထည့်လိုက်သည်။
တစ်ဗွက်ဗွက်ဆူပွက်လာပြီး အနှံ့ထွက်လာသည်။ သို့သော် ဆားမြည်းကြည့်လိုက်တော့ ပေါ့ရွှတ်ရွတ်။ အဲဒီတော့မှ သူ သတိရသွားသည်။ ဆားနှင့် အချိုမှုန့် သူထည့်ဖို့ မေ့ခဲ့သည်။ အဲဒီတော့မှ ဆား ငန်ပြာရည် နှင့် အချိုမှုန့်တို့ကို သူ ထပ်ထည့်လိုက်သည်။ ဆားထပ်မြည်းကြည့်လိုက်တော့ တစ်ခုခုတော့ တစ်ခုခု လိုနေမှန်း သူသိသည်။ သို့သော် ဘာလိုနေမှန်း သူ မသိတော့။ သို့သော် နဲနဲတော့ အရသာ ရှိသယောင်ယောင်။
မျှစ်ချဉ်ချက်ခြင်းကို သူ ကျောင်းအောက်ထပ် မီးဖိုခန်းထဲ၌ ပြုလုပ်သည်။ မနက် ၁၁ နာရီ ထိုးတော့ အပေါ်ထပ်က သံဃာတစ်ပါး ဆွမ်းစားဖို့ ဆင်းလာသည်။ သူ၏ မျှစ်ချဉ်ဟင်းကား ကျက်ပြီလော မကျက်သေးလော သူကိုယ်တိုင် မသိ။ မျှစ်ချဉ်ချက်ခြင်းကို အချိန်ဘယ်လောက် ယူရသလဲ လို့ သူ မမေးခဲ့မိသည်ကို နောင်တ ရနေမိသည်။ ဦးဇင်းရေ... မျှစ်ချဉ်တော့ ဂျပန်က အသိမိတ်ဆွေ အကူအညီနဲ့ ချက်လိုက်ပြီ၊ ကောင်းမကောင်းတော့ စားကြည့်မှဘဲ သိတော့မယ် ဟု သူပြောလိုက်တဲ့အခါ အဲဒီ ဦးဇင်းက အပေါ်ထပ်ကနေပြီး အနံ့တွေ မွှေးတက်လာတာ သတိထားမိတယ်။ စားကောင်းလောက်ပါတယ်။ ဘာမှ မပူပါနဲ့။ ဆား ငံပြာရည် အချိုမှုန့် ထည့်လိုက်တယ် မဟုတ်လား။ အဲဒါတွေ ပါရင် စားလို့ ဖြစ်ပါတယ် ဟု ပြန်ပြောသည်။
မျှစ်ချဉ်ဟင်း ပူပူနွေးနွေးလေးကို သူအပါအ၀င် သံဃာနှစ်ပါး စတင်သုံးဆောင်သည်။ သူချက်တဲ့ ဟင်းမို့ သူကတော့ သုံးလေးဇွန်း ဆက်သောက်လိုက်သည်။ ကျန်တဲ့ ဦးဇင်းကလဲ စမ်းသောက်ကြည့်သည်။ ကောင်း မကောင်း ဘာမှ မပြော။ ပုဇွန်ခြောက် အရှိန်နဲ့မို့ အရည်ကတော့ သောက်လို့ကောင်းသည်။ အဖတ်ကို မြည်းကြည့်လိုက်တော့ မျက်နှာရှုံ့မတတ် ချဉ်တူးတူး ဖြစ်နေသည်။ ထို့ကြောင့် နှစ်ပါးလုံး အဖတ်မစားဘဲ အရည်ကိုသာ နင်းကန်လှိမ့်သောက်ကြလေသည်။ အဲဒီ ဦးဇင်းတစ်ပါးရဲ့ နောက်ဆုံး မှတ်ချက်ကတော့ ကိုယ့်တော့် မျှစ်ချဉ်ဟင်းက စွန်တန်ခြောက် ဟင်းရည်သောက်ရသလိုပါဘဲ။ အဖတ်မစားရဘဲ အရည်ချည်း သောက်နေရတယ် ဟူ၍ ဖြစ်သည်။
ထို့ကြောင့် နေ့ဆွမ်းစားပြီးသွားတဲ့အခါ အဲဒီ မျှစ်ချဉ်ဟင်းကို သူ ပြန်ပြီး မော်ဒီဖိုင်း လုပ်သည်။ ရေခဲသေတ္တာထဲက ကြက်သားဟင်းတစ်ခွက်ကို ယူပြီး မျှစ်ချဉ်အိုးထဲ သူပစ်ထည့်လိုက်သည်။ ထို့နောက် သူထည့်ဖို့ မေ့နေသည့် ငရုပ်သီး(ဟင်းချက်)မှုန့်ကို ထပ်ထည့်လိုက်သည်။ ထို ငရုပ်သီးမှုန့်ထည့်ဖို့ ဂျပန်က အကြံပေးအရာရှိက ပြောခဲ့ပြီး ဖြစ်သည်။ သို့သော် သူ၏ ပမာဒလေခကြောင့် ထည့်ဖို့ မေ့ခဲ့သည်။ ကြက်သားဟင်းနဲ့ ငရုပ်သီးမှုန့်ကို ထည့်ပြီး မီးမျှင်းမျှင်းလေးဖြင့် ခပ်ကြာကြာလေး နှပ်လိုက်တဲ့အခါ အဆင်း အနံ့ အရသာ လုံးဝ ပြည့်စုံသွားတဲ့ မျှစ်ချဉ်ဟင်း ကောင်းကောင်းတစ်ခွက် ဖြစ်သွားလေသည်။ ထို့နောက် မနက်ဖန် နေ့ဆွမ်းစားချိန်ရောက်စေချင်လှပြီဟု သူ စဉ်းစားနေမိလေတော့သည်။
စားသောက်လို့ ပြီးသွားပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဘာ ဖြစ်လာနိုင်သလဲတော့ စောင့်ကြည့်ရပေဦးမည်။ ၀မ်းလျော ၀မ်းပျက် ဗိုက်နာ ပျို့အန် ညောင်းညာ၊ ဘာတွေ ဖြစ်လာလိမ့်ဦးမလဲ။ သူ စောင့်ကြည့်ရပေဦးမည်။ ဘာမှ မဖြစ်ဖူးဆိုရင် သူနှင့် သူ၏ မျှစ်ချဉ်ချက်ခြင်း အောင်မြင်ပြီဟု ပြောရပေမည်။ စမ်းသပ်ကာလမို့ မျှစ်ချဉ် ချက်ခြင်းလုပ်ငန်း၌ တာဝန် အပြည့်အ၀ကား သူ မယူနိုင်သေးချေ။ ပုံပြင်လေး တစ်ပုဒ် သူ ကြားဖူးသည်။
စစ်ကိုင်းတောင်ရိုး၌ နေထိုင်ကြသည့် သီလရှင်လေးများသည် ဆွမ်းဟင်း အစားအသောက် ခက်ခဲလှသည့် အတွက် အနီးဝန်းကျင်ရှိ ဘောစကိုင်း အဝေရာ တရုတ်စကားပွင့် စတဲ့ ဟင်းသီးဟင်းရွက်များကိုသာ ရှာကြံ ချက်ပြုတ် စားသောက်ရလေသည်တဲ့။ သို့သော် ဘယ်အသီးအရွက်သည် အဆိပ်အတောက် ဖြစ်သည်၊ ဘယ်အသီးအရွက်သည် အဆိပ်အတောက် မဖြစ်ဟူ၍ သူတို့ မသိရှာကြပေ။ ထို့ကြောင့် အသီးအရွက် အထူးအဆန်း တစ်ခုခု ချက်ပြုတ်ပြီးသည့် အခါတိုင်း အနီးအနားရှိ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းသို့ အရင်သွားပြီး ဆက်ကပ်လှူဒါန်းလေ့ ရှိကြသည်တဲ့။ သူတို့ဟင်းကို ဘုန်းပေးပြီး ဘယ်ဘုန်းကြီးတွေ ဘာဖြစ်သွားကြသလဲ၊ အဆိပ်သင့် သွားကြသလား၊ ၀မ်းလျော ၀မ်းပျက် ဖြစ်သွားကြသလား၊ အော့ အန်ကြသလားဆိုတာကို တစ်ရက်လုံး နားစွင့်နေကြသည်တဲ့။ နောက်တစ်နေ့ ရောက်လို့ ဘာသတင်းမှ မကြားရတော့တဲ့ အခါမှ သူတို့ဟင်းကို စားလို့သောက်လို့ ရတဲ့ ဟင်းစာရင်းထဲ ထည့်သွင်းပြီး ချက်ပြုတ် စားသောက်ကြသည်တဲ့။ ဘုန်းကြီးပေမဲ့ သီလရှင်တွေရဲ့ အစမ်းသပ်ခံ ဖြစ်ကြရရှာလေသည်။ (ဤကား သူငယ်ချင်း တစ်ပါးထံမှ ရယ်စရာအဖြစ် ကြားဖူးခြင်းပင်ဖြစ်သည်။)။
သူ ချက်ပြုတ်သည့် မျှစ်ချဉ်ကို သူနှင့် အခြားဦးဇင်းတစ်ပါး စားသုံးပြီးလေပြီ။ အခုထက်ထိတော့ ဗိုက်အောင့် ဗိုက်နာ သူ မဖြစ်သေး။ အပေါ်ထပ်က ဦးဇင်းထံမှလဲ ငြီးငြူသံ၊ အိမ်သာ ခဏခဏ တက်သံ အော့အန်သံ ဘာမှမကြားရသေး။ အောင်မြင်ခါတော့ နီးပေပြီ။ သို့သော် ပိုသေချာအောင်တော့ နောက်တစ်နေ့ မနက်ခင်းထိ စောင့်ကြည့်ရပေဦးတော့မည်။ ၀မ်းလျော ၀မ်းနာ အော့အန် မူးဝေ ဘာမှမဖြစ်ဖူးဆိုရင်တော့ သူနှင့် သူ၏ မျှစ်ချဉ်ချက်ခြင်း လုံးဝ အောင်မြင်ပြီဟု မှတ်ယူရမည်။ အကယ်၍ တစ်ခုခု ဖြစ်ခဲ့ရင်တော့ ဦးပုညရဲ့ "အစွယ်ကို လိုသူက မိဖုရား၊ အသွား စေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်" ဟူသည့် ဆဒ္ဒန်ဆင်မင်း ဇာတ်ပန်းကုံးအလိုက်လေးဖြင့်....
"စားသုံးလိုသူက ဘုန်းကြီး၊ သုံးနည်းပေးသူ ဂျပန်လင်းလက်၊ ဟင်းချက်သူ ဘုရားကျနော်"
ဟူ၍ စားသုံးသူကော၊ အကြံပေးသူကော၊ မျှစ်ချဉ်ချက်သူကော အပြစ်မလွတ်တဲ့ အကြောင်း သူ ပြောကောင်း ပြောပေတော့မည်။ :D :D :D ။ သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ။ သတ္တ၀ါတိုင်း အာဟာရလျှင် မှီခိုရာ ရှိပေတော့သတည်း။
မပြည့်စုံခင် စားခဲ့သည့် ပုံ
ပြည့်စုံပြီး မစားရသေးသည့် ပုံများ
2 comments:
မျှစ်ချဉ်ချက်နည်း နိသျည်းများ
မျှစ်ချဉ်ကို အသား/ငါးမပါဘဲ အောက်ပါအတိုင်း ချက်ပြုတ် စားသောက်နိုင်ပါသည်။
(၁) မျှစ်ချဉ်များကို မချက်ခင် ရေဖြင့်နိုင်နိုင်ဆေးပြီး စား၍အဆင်ပြေနိုင်မည့် အနေတော်အရွယ်လှီးဖြတ်ပါ။
(၂) ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ (ထောင်းချင်ထောင်း လှီးချင်လှီး) ဆီအနည်းငယ်ဖြင့် ဆီသတ်ပါ။
(၃) ဂျင်းကြက်သွန်များ နွမ်းပြီး ရွှေရောင်သန်းလာလျှင် နနွင်းမှုန့်၊ ငရုတ်သီးဟင်းချက်မှုန့် ထည့်၍ မွှေပါ။
(၄) ငရုတ်သီး ကျက်လောက်လျှင် ငပိစိမ်းစား (မရှိလျှင် ငပိထောင်း) လက်ဖက်ရည်ဇွန်း တဇွန်း သို့ မဟုတ် အငန်ကြိုက်လျှင် ၂ ဇွန်း ထည့်ပြီး မွှေပါ။ ပုဇွန်ခြောက်မှုန့် (ရှိလျှင်) ၂ ဇွန်းခန့် ထည့်ပြီး မွှေပါ။
(၅) ငပိနံ့မွှေးလာလျှင် မျှစ်ချဉ်များထည့်ပြီး နာနာလုံးပါ။
(၆) အပေါ့အငန်မြည်းပြီး လိုအပ်လျှင် ငံပြာရည်ထည့်ပါ၊ ဆားထည့်လျှင် မျှစ်ချဉ်ပိုချဉ်တတ်ပါသည်။ သကြားအနည်းငယ် (ဆီးချိုမရှိလျှင်) ထည့်နိုင်ပါသည်။
(၇) မျှစ်ချဉ်ထဲ အရသာဝင်လောက်မှ ရေအနည်းငယ် ထည့်ပြီးတည်ပါ။ အရည်များများကြိုက်လျှင် ရေများများထည့်ပါ။
(၈) မီးမျှဉ်းမျှဉ်းဖြင့် မျှစ်ချဉ်များ နူးသည်ထိ တည်ပါ။ မျှစ်ချဉ်များနူးလျှင် သုံးဆောင်နိုင်ပါပြီ။
------------
ထို့ပြင်တ၀ ...
မျှစ်ချဉ်ကို ရိတ်ရိတ်လှီး၊ ကြက်သွန်နီ၊ ဖြူ၊၊ ငရုတ်သီးအကြမ်းမှုန့်၊ ပုဇွန်ခြောက်၊ ငပိတို့ဖြင့် ကြော်သည့် မျှစ်ချဉ်ခြောက်စပ်ကြော် ပြုလုပ်၍လည်းကောင်း၊
မျှစ်ချဉ်ကို အဖတ်ကြီးကြီးလှီး၊ ဆီအနည်းငယ်၊ ကြက်သွန်နီ (ခပ်ကြမ်းကြမ်းလှီး)၊ ကြက်သွန်ဖြူ (ဓါးပြားရိုက်)၊ ဂျင်း (အပြားလေးတွေလှီး) နနွင်း၊ အရောင်တင်မှုန့် အနည်းငယ်ဖြင့် လုံး၍ အရည်များများထည့်တည်၊ ဟင်းရည်ဆူလျှင် မုန်လာဥနီ၊ ဖြူ၊ ဂေါ်ဖီပန်းပွင့်၊ (ရှိတဲ့အသီးအနှံ) ပစ်ထည့်၊ ကြက်ဥတလုံး ဖောက်ထည့်၊ ငံပြာရည်၊ အချိုမှုန့် (သို့မဟုတ် သကြား) ထည့်၊ ဟင်းအိုးမချခင် တရုတ်နံနံ (မရှိလျှင် ဗမာနံနံ) ငရုတ်သီးစိမ်းအုပ်ကာ ချက်သည့် မျှစ်ချဉ် ၁၂ မျိုး ဟင်းရည် ချက်၍ လည်းကောင်း၊
မျှစ်ချဉ်ကို ပြုတ်ကာ ပါးပါးလှီးပြီး သုတ်၍ လည်းကောင်း၊
မျှစ်ချဉ်ကို ကြက်ဥဖြင့် မွှေကြော်၍ လည်းကောင်း၊
စိတ်ကူးတည့်ရာ ချက်စားနိုင်သည့် မျှစ်ချဉ် အသားလွတ် (ငပိ-ငံပြာရည် မလွတ်) သည့် ချက်နည်းများ ဘုန်းကြီးအတွက် လက်ဆောင်ပါး လိုက်ပါသည်။ ၀မ်းလျှော ၀မ်းကိုက် ဗိုက်အောင့် လေနာပါက မိမိတာဝန်သာ ဖြစ်ပါကြောင်း။
ပုံ
မျှစ်ချဉ်ကြိုက်သူ
အင်း...
ထွက်ပြီးမှ တွက်နည်းပေါ်ဆိုသလိုပါဘဲလား။ မျှစ်ချဉ်ချက်နည်းတွေက အများသား။ မှတ်ထားလိုက်ဦးမှ။ နောက်တစ်ခါ ချက်ခွင့်ကြုံရင် သက်သတ်လွတ် မျှစ်ချဉ် ချက်စားရအောင်။ ကျေးဇူးပါ အမည်မသိသူရေ...အခုလို တကူးတက လာပြီး နည်းပေးတာကို...။
Post a Comment