Tuesday 17 May 2011

ဆာနာမံတော်နှင့် သူ၏ ၀က်စ်မင်စတာ ပုံပြင် (၄)

နှစ်လဆိုတဲ့ အချိန်အခါက ဘာမှ မကြာလိုက်။ ခေါင်း ခြောက်ခါရိတ်၊ ၀တ်ရုံတော်သင်္ကန်း ရှစ်ခေါက် လျှော်ပြီးနောက် စာရင်းပေးသွင်းထားတဲ့ IELTS စာမေးပွဲကြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလေတော့သည်။ ရင်မတုန်ပေမဲ့ ပြည်ပမှာ ပထမဆုံး ဖြေရတဲ့ အရည်အချင်းစစ် စာမေးပွဲမို့ ရင်တော့ ခုန်ချင်သလိုလို။ ဒီ အသက်အရွယ် ရောက်နေတာတောင် ရင်ခုန်သံတွေ မရပ်သေးတာ သူ့ကိုယ်သူ အံ့သြနေမိသည်။ ဘာတွေမေးလို့ ဘာတွေ ဖြေဆိုရမည်ကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ ဟူးးးးးးးးးးးးးးးးးးးးး (လေမှုတ်ထုတ်သံ)။ ဥပမာ။ နေကောင်းလား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ ဘယ်မှာ နေတာလဲ။ အဲဒီလို မေးခွန်းမျိုး ဆိုရင်တော့ သူ ဒိုးကလဲ ဒေါက်ကနဲ ဖြေဆိုနိုင်မှာ သေချာသည်။း)) အင်း... ဒီလို မေးခွန်းမျိုးတော့ စိတ်မှန်တဲ့ သူတိုင်း ဖြေဆို နိုင်သည်ဘဲလေ။

မေလထဲပေမဲ့ မနက်ခင်း ခပ်စောစောမို့ အအေးဓါတ်က သိသိသာသာ ရှိနေသေးသည်။ စာမေးပွဲက မနက် ကိုးနာရီ စမှာ ဖြစ်တဲ့အတွက် သူတို့နေထိုင်တဲ့ ကျောင်းမှ ၇ နာရီလောက် စထွက်ဖြစ်သည်။ စာမေးပွဲ မဖြေခင် နာရီဝက် တစ်နာရီ (သို့) လေးဆယ့်ငါးမိနစ် ကြိုရောက်မှ တော်ကာ ကျမည်။ တိုးတက်တဲ့ နိုင်ငံတွေရဲ့ ထုံးစံအတိုင်း တန်းစီပြီး ခုံနံပါတ် ထုတ်ယူရဦးမည်။ အမိမြန်မာနိုင်ငံမှာတုန်းကတော့ သူ စည်းကမ်းပျက်စွာ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို ကျော်တက်ပြီး ရထားလက်မှတ် ၀ယ်ခဲ့ဖူးသည်။ ဘုန်းကြီးချစ်တဲ့ နိုင်ငံပီပီ ဘယ်သူမှ အပြစ်မပြောကြ။ ဒီဘက်နိုင်ငံမှာ အဲဒီလို ကျော်တက်ရင်တော့ အက်ဖ်သံတွေ ပျံ့ထွက်လာလောက်သည်။

သူတို့အုပ်စု ၀က်စ်မင်စတာ ယူနီဗာစီတီ အနီးက အောက်စ်ဖို့ဒ်ဆားကပ် ဘူတာရုံသို့ မနက် ရှစ်နာရီခွဲခန့် ရောက်ရှိကြလေသည်။ အောက်စ်ဖို့ဒ်ဆားကပ် ဘူတာရုံက နာမည်ကြီး အောက်စ်ဖို့ဒ်စထရိ လမ်းပေါ်မှာ တည်ရှိလေသည်။ ထိုလမ်းကို တစ်ရက်မှာ လူပေါင်း သိန်းချီသန်းချီ ဖြတ်သန်းကြသည်တဲ့။ မြို့လယ်ဆိုတော့လဲ ဒီလောက်တော့ စည်ကားပေမပေါ့။ (စရောက်ဖူးခါစက အဲဒီ အောက်စ်ဖို့ဒ် စထရိကို  အောက်စ်ဖို့ဒ်မြို့ဟု သူ ထင်ခဲ့ဖူးသေးသည်။ ညံ့ချက်)။ သူတို့အုပ်စု အဲဒီဘူတာရုံနေ ရှစ်မိနစ်လောက် လမ်းလျောက်သွားကြလေသည်။ မြန်မာနိုင်ငံမှာရှိစဉ်က ဆွမ်းခံကြွခဲ့တဲ့ အထုံက ပါနေသေးတော့ ကြီးစဉ်ငယ်လိုက် လေးပါးလုံး တန်းစီပြီး စက္ခုနြေ္ဒချကာ မနှေးမမြန် ရီဂျင်စထရိပေါ် လျောက်နေကြသည်။ ၀တ်လာတဲ့ အ၀တ်အစားက လောင်းကုတ်၊ ခေါင်းစွပ် ခြေစွပ် ခြေအိတ်၊  ယူနီဖောင်း အပြည့်ဝတ်ဆင်ထားတာက တစ်ကြောင်း၊ တန်းစီပြီး မနှေးမမြန် လမ်းလျောက်နေကြတာက တစ်ကြောင်းတို့ကြောင့် ပတ်ဝန်းကျင်လူတွေအမြင်မှာတော့ အန္တာတိကတိုက်က ပင်ဂွင်းငှက်တွေ လန်ဒန်မြို့ထဲ နယ်ကျွံလာတယ်လို့ ထင်ကောင်း ထင်နိုင်လေသည်။ အမှန်ပင် ပင်ဂွင်းငှက်တို့နဲ့ တူလေစွတကား။

စက္ခုနြေ္ဒချသွားတယ်ဆိုတာ မျက်လွှာချပြီး သွားသည်ကို ဆိုလိုသည်။ မျက်လွှာချပြီး သွားတယ် ဆိုသည်မှာ ဗုဒ္ဓဥပဒေအရ ပတ်ဝန်းကျင် ရှေ့တူရူသို့ လေးတောင်ခန့်မျှသာ ကြည့်ပြီး သွားသည်ကို ဆိုလိုသည်။ သို့သော် မြို့နေ ဘုန်းကြီးတွေအဖို့ လေးတောင်ခန့်မျှသာ ကြည့်ပြီး သွားလျှင် မစားသာလှပေ။ နေ့စဉ် သံဃာဦးရေ လျော့လောက်သည်။ မြန်မာပြည်မှာဆို ပို မလွယ်သေး။ ကိုရွှေဒရိုင်ဘာတို့က မျဉ်းကြားရောက်ရင် လီဗာပိုတင်ပြီး မောင်းရမယ်လို့ အထက်က အမိန့် ထုတ်ပြန်ထားသည့်အလား ဇွတ် ဖြစ်နေကြလေသည်။ လန်ဒန်မှာတော့ မျဉ်းကြားက ကူးရင် စိတ်အေးရသည်။ သို့သော် တစ်ချို့နေရာတွေမှာ လေးတောင်ခန့်မျှသာ ကြည့်သွားလျှင်တော့ ကားတိုက်မခံရဘဲ လူကတော့ မကြာမကြာ အတိုက်ခံရလောက်သည်။ အောက်စ်ဖို့ဒ် စထရိမှာ လူတွေ များလှသည့် ဖြစ်ခြင်း။

မန္တလေးက ဆရာတော်တစ်ပါး အမိန့်ရှိတာ ကြားဖူးသည်။ ဒို့ မန္တလေးက ကိုယ်တော်တွေလဲ လမ်းလျောက်ရင် လေးတောင်ခန့်မျှသာ ကြည့်ပြီး သွားကြလေ့ရှိပါတယ်။ အရှေ့ဘက်ဆို ရန်ကင်းတောင်၊ အနောက်ဘက်ဆို ရွှေမင်းဝံတောင်၊ တောင်ဘက်ဆို ကျွဲနဖားတောင်၊ မြောက်ဘက်ဆို မန္တလေးတောင်။ အဲဒီ လေးတောင်လောက် အကွာအဝေးကိုသာ ကြည့်ပြီး လမ်းလျှောက်ကြပါတယ်တဲ့။ ဟုတ်ပေစွ။ ဟုတ်ပေစွ။ အဲဒီလို လေးတောင် အတိုင်းအရှည်လောက် ကြည့်ပါမှ အန္တရာယ် ကင်းနိုင်မည်လေ။ 

သူ ရန်ကုန်မှာ နေစဉ်တုန်းက ၀မ်းနည်းဖွယ် အဖြစ်အပျက် တစ်ခု ကြုံခဲ့ဖူးသည်။ မြို့တွင်းရွာတွင်းသို့ သွားတဲ့အခါ ဘုရားဥပဒေ သေခိယ သိက္ခာပုဒ်မှာ သြက္ခိတ္တစက္ခု= လေးတောင်ခန့်မျှသာ ကြည့်ပြီး (မျက်လွှာချပြီး) သွားရမယ်လို့ ဆိုထားသည်။ သူ နေထိုင်ရာ ကျောင်းတိုက်မှာ ကိုရီးယားဘုန်းကြီး တစ်ပါးရှိသည်။ ဒုလ္လဘ၀တ်ရင်းနဲ့ တရားဘက် ၀ါသနာ ပါသွားတဲ့အတွက် ရဟန်းဘ၀ဖြင့်ပင် အေးအေးဆေးဆေး နေထိုင်နေသည်။ တစ်နေ့ သင်္ကန်းလှန်းရန်အတွက် ကြိုးတန်းရိုက်ဖို့ ဈေးသို့ သံချောင်းဝယ် အသွား လမ်းဖြတ်အကူးမှာ ကားတိုက်ခံရပြီး ပျံလွန်သွားခဲ့လေသည်။ ကိုရီးယားဘုန်းကြီးက တကယ့် လေးတောင်ခန့်မျှသာ ကြည့်ပြီး လမ်းလျှောက်သွားသောကြောင့် အဖြစ်ဆိုးနဲ့ ကြုံတွေ့ပြီး ဘ၀ပါ ပေးဆပ်ရလေသည်။ အိမ်းးးး  ခေတ်ကာလအရဆိုရင်တော့ မန္တလေးက ဆရာတော်တစ်ပါးရဲ့ လေးတောင်(တောင်လေးလုံး) အကွာအဝေးလောက် ကြည့်ပြီး သွားတာကမှ ပိုပြီး သင့်တော်ပေဦးမည်။ သာသနာအတွက် အသက်ဆက်ဖို့ လိုအပ်သည်မဟုတ်လား။

ဘိလပ်ရောက်မှ ပရိက္ခရာ အစစ်တွေ အဖုံးကွယ်ခံရပြီး ပရိက္ခရာအတုတွေက ခန္ဓာကိုယ်ပေါ် နေရာ ယူကုန်သည်။ သင်းပိုင် ကိုယ်ဝတ်တို့ အပေါ်၌ လောင်းကုတ်ကြီးက စွင့်စွင့်ကားကား ၀ံ့ကြွားနေလေသည်။ သင်္ကန်းသာသနာပျောက်ပြီး လောင်းကုတ် သာသနာ ရောက်သွားမှာကိုပင် တွေးပူချင်စရာ ဖြစ်သည်။ သို့ပေမဲ့ ရောမရောက် ရောမလိုကျင့်၊ ဘိလပ်ရောက် ဘိလပ်လို ကျင့်ရမည်ဘဲ။ မတတ်နိုင်တော့ပြီ။  အမိမြန်မာနိုင်ငံမှာလို သင်းပိုင် ကိုယ်ဝတ် သင်္ကန်းလေးဖြင့်သာ သွားလာပါက လူအနှောင့်အယှက် မခံရသည် ထားဦး။ လေက ခပ်ထန်ထန် ရာသီဥတုက ဖရိုဇင်ဆိုတော့ သင်္ကန်းတွေ လေလှန်ပြီး လူလဲ ရေခဲတုန်းဘ၀ ရောက်လောက်သည်။ လောင်းကုတ်လေးနဲ့မှ ဣနြေ္ဒရရ ကြွနိုင်သေးသည်။ 

လောင်းကုတ်ကြီးနဲ့ ဟိုသွား ဒီသွား လုပ်ပြန်တော့လဲ လူဖြူတွေက မေးကြသည်။ မင်းတို့က ရှောင်လင် ဘုန်းကြီးတွေလား။ တိဗက်ဘုန်းကြီးတွေလား တဲ့။ တစ်ချို့က ဒလိုင်းလမ်းမားးးးးးးး ဟူ၍ အကျယ်ကြီး အော်ခေါ်ပြီး နောက်ပြောင်ကြသေးသည်။ အဆိုးဆုံးမှာ လူငယ်ပိုင်းတွေနဲ့ တွေ့တဲ့အခါ မင်းတို့ သိုင်းတတ်သလား ဟု အမေးခံရခြင်းပင် ဖြစ်သည်။ ငါတို့ ဘာသာက သိုင်းကစားတဲ့ ဘာသာ မဟုတ်ဘူးလို့ ဖြေလိုက်ရင်လဲ သူတို့က မယုံချင်ကြ။ ဒါကြောင့် တစ်ခါတစ်ခါတော့လဲ ခါးပတ်နက်တွေ အများကြီး ရထားတဲ့ တကယ့်ဆရာကြီး စတိုင်လ်မျိုး ခါးကိုကော့ ရင်ကို မော့ပြီး ခပ်ကြွကြွ လျောက်ပြလိုက်ရသည်။ ဟန်ကိုယ့်ဖို့ မဟုတ်လား။ မတော်လို့ သိုင်းပညာ လာစမ်းရင်တော့ ဒုက္ခ။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုပြီး ခြေသိုင်းပညာအသုံးပြုကာ တဟုန်ထိုး ထွက်ပြေးလာရုံမှ လွဲပြီး သူ ဘာပညာမှ မတတ်။ အင်းးးး အင်းးးးး အပြေးလေးတော့ လေ့ကျင့်ထားဦးမှ။ ဒါမှ အရေးနဲ့ဆို အမောခံနိုင်မှာ။  ။


ဆက်ရေးပါဦးမယ်။

***Picture from Google Search

**



2 comments:

ဘွားတော် said...

အဟမ်း ...အဟမ်းးး အဟွတ် ...
ဦးဇင်းရေးတာ ဖတ်ပြီး ရယ်ရလို့ သီးတောင်သွားတယ်။

မျက်စိထဲမယ် စက္ခုနြေ္ဒချထားတဲ့ ပင်ဂွင်းငှက်တွေ မြို့လယ်ခေါင် တန်းစီလျှောက်နေတာ မြင်ယောင်သွားမိလို့ပါ။ :)))
အမှန်က ခရစ်ယာန် သီလရှင်တွေက ပင်ဂွင်းငှက် အရောင်နဲ့ ပိုတူတာ မဟုတ်လား ဘုရာ့။

အင်းးးးး ဦးဇင်းက လေးတောင်နဲ့ လောင်းကုတ်ကို ဋီကာချဲ့နေတာနဲ့ IELTS ဖြေတဲ့ ကိစ္စကို မရောက်တော့ဘူး။ ကိုရီးယားဇာတ်လမ်းတွဲလို ပေတွေရှည်အုံးမယ့်ပုံပဲ။ ဆက်ပါအုံး ဘုရာ့းးးးး

ပေရှည်သော်ငြားလဲ ဦးဇင်းအရေးအသားက ဘွားတော်တို့လို အသက် ၈၀ အထက် လူကြီး သူမများ အတွက်တော့ ဖတ်ရတာ ဆွဲဆောင်မှုရှိသလို ဗဟုသုတလဲ ရပါတယ်၊ စာရေးသူရဲ့ ရိုးသားမှုကိုလဲ စာထဲမှာ မြင်တွေ့ရလို့ သဘောကျမိတယ်။ ဒါကြောင့်လဲပဲ ဘွားတော်က မအားတဲ့ကြားက မျက်စိမှုန်မှုန်နဲ့ လာဖတ်သွားပါတယ် အရှင်ဘုရား။

Anonymous said...

ဒလိုင်းလားမားတဲ့ တော်တော် နောက်တဲ့လူတွေပဲ ဟဲဟဲ