သူလဲ သူ၏ အထုပ်အပိုးကို အောင့်အီး သယ်ပိုး ထားရတဲ့အတွက် ဦးကောကို ကျွဲမီးတိုနေမိသည်။ ဦးကော လုပ်လိုက်လို့ သူ အပေါ့မသွားခဲ့ရတာ ဟူ၍ စိတ်ထဲက ကျိတ်မခဲ ဖြစ်နေလေသည်။ ထို့ကြောင့်... ဦးကောက သိပ်ပြီး တောကျတာဘဲ။ ဒါလေးတောင် မသိဘူးလား။ အင်္ဂလိပ်စာ သင်လာခဲ့တဲ့ လေးငါးခြောက်နှစ်က ဒီနေရာလေးမှာတောင် အသုံးမချနိုင်ဘူးလား ဟူ၍ တပြောပြော ဖြစ်နေလေသည်။ ဦးကောကလဲ ပြန်ပြောရှာပါသည်။ ငါ.. သတိမထားမိလိုက်လို့ပါကွာ၊ ဒီအင်္ဂလိပ်စာလောက်တော့ ဖတ်တတ်ပါတယ် တဲ့။
ဝဋ်မှာအမြဲ ငရဲမှာ အပ ဆိုတာ အမှန်သားကလား။ ဦးကောကို မြည်တွန် တောက်တီး ပြုလုပ်ခဲ့သမျှ ၀ဋ်က သူ့ဆီ ဒဲ့ကော တွတ်ကော မင်္ဂလာစုံတွဲပါ ၀င်လာလေသည်။
ကျောင်းဒကာကြီးက သူတို့အဖွဲ့ထဲက အကြီးဆုံး ဦးဇင်း ဦးတေအား ကွန်ပျူတာ လှူချင်သည်တဲ့။ ကွန်ပျူတာဆို သူက ဟိုစပ်စပ် ဒီစပ်စပ် နားလည်သူ ဖြစ်လေတော့ ဦးတေနဲ့အတူ PC World အမည်ရှိ ကွန်ပျူတာဆိုင် ခပ်ကြီးကြီးသို့ သွားရောက်ပြီး တိုရှီဘာ ၀င်းဒိုး ဆဲဗင်း လက်ပ်တော့ပ် တစ်လုံးအား ပါကင်ပိတ် ၀ယ်ယူခဲ့လေသည်။ ကွန်ပျူတာဝယ်ပြီး ကျောင်းပြန်ရောက်တော့ ကွန်ပျူတာ စဖွင့်ကြည့်သည်။ အားလုံး ပါဖက်ပါဘဲ။ သို့ပေမဲ့ ဆင်တစ်ကောင်လုံး ၀င်ပြီး အမြီးကျမှ တစ် ဆိုသလို ကွန်ပျူတာက ကောင်းပေမဲ့ ၀က်ဘ်ကင်က အလုပ်မလုပ်တော့ ခက်နေသည်။
ထို့ကြောင့် နောက်တစ်နေ့၌ ထို ပီစီဝေါလ် ဆိုင်သို့ ထိုကွန်ပျူတာကို ယူဆောင်ပြီး ကွန်ပျူတာ အသစ်တစ်လုံးဖြင့် လဲလှယ်ရယူရန် သွားရပြန်လေသည်။ ဘိလပ်နိုင်ငံမှာ အဲဒီလို ကာစတန်မာ ရိုက် ကလေး ရှိတာ မဆိုးဘူး ဟု သူမြင်မိသည်။ သို့သော် အလွယ်တကူတော့ မရ။ ရောင်းတုန်းကတော့ ရော့ အင့် ဆိုပြီး မိနစ်ပိုင်းအတွင်း ပြီးခဲ့လေသည်။ တစ်ခုခု အပြစ်ရှိလို့ ပြန်လဲယူမယ်ဆိုတော့ တစ်နေကုန် စောင့်ရရော။ ၀က်ဘ်ကင်ကို ဆိုင်က ကြိုးစား ပြုပြင်သည်။ ဒါပေမဲ့ မရ။ ဘယ်ရပါ့မလဲ သူကိုယ်တိုင် ကျကျနန ပြင်ဆင်ကြည့်တာမှ မရခဲ့တာ။ သူလဲ အဲဒီလောက်တော့ ကလိတတ်သည်ဘဲ။
ဒါနဲ့... အဲဒီ ပီစီဝေါလ်မှာ တစ်နေကုန်ခဲ့သည်။ ၀တ်ထားတဲ့ အ၀တ်အစားက ခပ်ထူထူ။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ပရိက္ခရာ အစုံအလင် သူ ၀တ်သွားခဲ့သည်လေ။ ဆိုင်လာခါနီး ကော်ဖီတစ်ခွက် သောက်လာခဲ့တာက တစ်ကြောင်း၊ ဆိုင်ထဲမှာ အဲယားကွန်း အပြည့် လွတ်ထားတာက တစ်ကြောင်း၊ အဲဒီ နှစ်ကြောင်းကြောင့် အချိန်ကြာလာတော့ သူ အပေါ့ သွားချင်စိတ် ပေါက်လာသည်။ တွိုင်းလက်ဆိုတဲ့ စာလုံးကို တစ်ဆိုင်လုံး လိုက်ရှာသည်။ ဒါပေမဲ့ သူ မတွေ့။ နောက်ဆုံးတော့ ဆိုင်ဝန်ထမ်းတွေကို မေးလိုက်ရလေသည်။ တွေ့မှတွေ့တော့ သူ့ အနားက နံရံတစ်ဘက်ခြားမှာ။ အော်.... တွိုင်းလက်ကို စာမရေးဘဲ ထားတာကိုး။
ဒါနဲ့... တွိုင်းလက်ထဲ ၀င်ပြီး ပရိက္ခရာ အချို့ကို ခပ်လျော့လျော့ လုပ်ပြီး သူ အပေါ့သွားသည်။ ထို့နောက်တွင်တော့ အမှတ်တမဲ့ပါဘဲ (ဦးကော ဆွဲလိုက်သလို) ရေဆွဲချဖို့ အိမ်သာ ကြွေခွက် အပေါ်တည့်တည့်က ကြိုးကလေးကို သူ ဆွဲလိုက်မိလေသည်။ ဆွဲပြီးမှ မှားမှန်း သူသိသွားသည်။ မြည်လိုက်သမှ တတီတီ နဲ့။ အင်မာဂျင်စီ အလန်းမ် အသံ။ အိမ်သာထဲမှာ သူ တော်တော် ဒုက္ခရောက်နေသည်။ သင်းပိုင်ကိုဘဲ ပြန်ပြင်ဝတ်ရတော့မလိုလို၊ လောင်းကုတ်ကြယ်သီးတွေဘဲ ပြန် တပ်ရတော့ မလိုလိုနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလေသည်။ အဲဒီပုံစံကို စဉ်းစားရင် အခုထက်ထိ ရှက်သလိုလို ဖြစ်မိသည်။ နောက်မှ သူ စဉ်းစားသည်။ အသံမြည်တာ ရှိရင် အသံရပ်အောင် လုပ်တဲ့ အရာလဲ ရှိရမယ် ဟူ၍။ အဲဒီတော့မှ သူနှင့် မနီးမဝေး နံရံတစ်ခုမှာ ခလုပ်တစ်ခု သူ သွားတွေ့သည်။ ကြည့်လိုက်တော့ အင်မာဂျင်စီ အမှတ်အသားလေးနဲ့။ သူ အဲဒီ ခလုပ်ခလေးကို နှိပ်လိုက်တဲ့ အခါမှ အသံတွေ အားလုံး ရပ်သွားလေသည်။
တော်ပါသေးရဲ့။ ဘယ်သူမှ မလာခဲ့ကြလို့။ နို့မို့ဆို သူ့ရဲ့ ကို့ယို့ကားယားပုံကြီးက ရှက်စရာကြီး။ ကာစတန်မာတွေ ခဏခဏ မှားဆွဲမိတတ်လို့လား၊ ဆိုင်ထဲမှာဘဲ တစ်ခြားအသံတွေက ပိုဆူညံနေလို့လား။ ဘာလားညာလား မသိပေမဲ့ သူကတော့ ကံကောင်းစွာပင် တစ်ယောက်ယောက် လာပြီး အားယူအိုကေ အလုပ်မခံခဲ့ရရှာပေ။ အသံတွေ တိတ်သွားတော့ သူမျက်နှာ ပျက်နေမလား မသိဘူးဆိုပြီး ဘေစင်အပေါ်က မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့မျက်နှာသူ အကဲခတ်နေမိသည်။ မျက်နှာ မပျက်ဘူး ထင်ပါရဲ့။ အဲဒီနောက်တော့မှ အိမ်သာထဲက ထွက်လာပြီး သူ သက်ပြင်းရှည်ကြီး ချနိုင်လေသည်။ စိတ်ထဲမှာတော့....
"ငါ ဦးကောကို ပြောခဲ့လို့ အခု ၀ဋ်လည်တာ"
ဆိုပြီး သတိသံဝေတွေ ၀င်ရောက်လာလေသည်။ ဟုတ်ပေသည်။ တစ်ယောက်ယောက်ကို ကာယကံ ၀စီကံ မနောကံ တစ်ခုခု သို့မဟုတ် အားလုံးဖြင့် ပြောဆို စော်ကားမိခဲ့မယ်ဆိုရင် ၀ဋ်က နောက်ကနေပြီး တကောက်ကောက် လိုက်နေမှာ သေချာလှလေသည်။ ဒီနေ့ ၀ဋ်လည်မလား။ မနက်ဖန်လား။ သန်ဘက်ခါလား။ လာမဲ့နှစ်လား။ ရှေ့ဆယ်နှစ်မှာလား။ မသေခင်လား။ နောင်ဘ၀မှာလား။ အတိအကျ မပြောနိုင်ပေမဲ့ ၀ဋ်ကတော့ သေချာပေါက် လိုက်လာပေမည်။ ဘုရား ဘုရား ၀ဋ် ၀ဋ်။ ပြေးလို့ မလွတ်နိုင်ပါလား။ အလွန့်အလွန် ကြောက်စရာကောင်းလှတဲ့၊ ပြုသူနောက် တကောက်ကောက် လိုက်လေ့ရှိတဲ့ ၀ဋ်တုံးဝဋ်ခဲကြီးပါတကား။ ဆင်ခြင်ဥာဏ်ဖြင့် သတိသံဝေဂ ယူကြကုန်လော့။ ။
အားရင် ဆက်ရေးပါဦးမည်။
အားရင် ဆက်ရေးပါဦးမည်။
*** Picture from Google Search
**
No comments:
Post a Comment