Tuesday 10 May 2011

ပေါင် ၇၀.၂၀ တန် မျှစ်ချဉ်ဟင်း


လွန်ခဲ့တဲ့ သုံးရက်လောက်က သူ မျှစ်ချဉ်ဟင်း ချက်ခဲ့သည်။ နှစ်နှစ်သက်သက် စားသုံးခဲ့သည်။ ပြီးတော့ မထင်မရှား သူ့ ဘလော့လေးပေါ် သူ ချက်ပြုတ်ခဲ့တဲ့ မျှစ်ချဉ်ဟင်းခွက်လေးတွေ ကြွားဝံ့စွာ ဖော်ပြပေးခဲ့သည်။ စားကောင်း လိုက်သည့် ဖြစ်ခြင်း။ အင်း... ကြွားလဲ ကြွားကောင်းလိုက်သည့် ဖြစ်ခြင်း။ မချက်ဖူးသေးတော့လဲ အချက်ရူးလေး တစ်ယောက်လို ပယ်ပယ်နယ်နယ် ပက်ပက်စက်စက် ချက်ပစ်လိုက်တာကလား။

အခန်းကျဉ်းလေးထဲက ချက်သည့် မျှစ်ချဉ်ဟင်းကို အနီး ပတ်ဝန်းကျင်နားတင်မက တကမ္ဘာလုံးသို့ ပျံ့နှံ့စေခဲ့သည်။ သူ့ ဘလော့လေးပေါ်က မျှစ်ချဉ် ဟင်းခွက်ကလေးကို မြင်ကြသူတိုင်းက ချီးကျူး ထောပနာ ပြုကြသည်။ ကောင်းချီး ပေးကြသည်။ "ဦးဇင်း မျှစ်ချဉ်ဟင်းက လုံးဝ စားချင့်စဖွယ် မရှိဘူး " ဟူသတတ်။ အင်း... အဲဒီလို ချီးကျူးမှုလေးတွေ ရပေမဲ့လဲ သူကတော့ လုံးဝ ဘ၀င် လေဟပ်တတ်တဲ့ လူစားမျိုးတော့ မဟုတ်။ ချီးကျူးပစေပေါ့။ ဟုတ်လို့ ဟုတ်တဲ့အတိုင်း ချီးကျူးကြတာဘဲ မဟုတ်လား။

သူချက်တဲ့ မျှစ်ချဉ် အနံ့ကြောင့် တံတွေး မျိုချရလောက်အောင် ခံတွင်းအာသာ တောင့်တတဲ့သူတွေ ရှိမရှိတော့ သူ မပြောပြတတ်။ သို့သော် သူ၏ မျှစ်ချဉ်နံ့ကြောင့် လန်ဒန်မှာ ဒုလ္လဘတရား တစ်ခုလို့ ပြောရလောက်အောင် ရှားပါးလှသည့် ယင်ကောင် ခပ်ကြီးကြီး နှစ်ကောင်ကတော့ ဘယ်လို ပေါက်ချလာမှန်းမသိ။ သူ ဆွမ်းသုံးဆောင်သည့် စားပွဲနား တ၀ှီးဝှီးဖြင့် ဂီယာကုန်တင်ပြီး မောင်းနှင်နေကြလေသည်။ ဒါဆိုရင် အောင်မြင်ပေပြီဘဲ။ လူ့ပြည်မှာ ကုသိုလ်ကောင်းမှု လုပ်ရင် နတ်ပြည်က ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီး မနေနိုင် မထိုင်နိုင် ပူပြင်းလာရသတတ်။ အခုလဲ ယင်ကောင်တွေ သူ၏ အဆင်းအနံ့ အရသာတို့နှင့် ပြည့်စုံတဲ့ မျှစ်ချဉ်သြသဓ ဟင်းအစွမ်းကို မခံစားနိုင်လောက်အောင် ဖြစ်ခဲ့ကြသည်ထင်ပါ့။  ခရီးမိုင်ကုန် မိုင်ကုန်ဖွင့်ပြီး အပြေးကလေး ပျံသန်းခဲ့ကြရလေသည်ဘဲ။  သူ၏ ၀တ်ရုံတော် သင်္ကန်း၊ သူ၏ ခန္ဓာ၊ သူ သီတင်းသုံး နေထိုင်တဲ့ ကျောင်း။ မျှစ်ချဉ်ဟင်းနံ့ တထောင်းထောင်းနဲ့ လာသမျှ ဧည့်သည်တွေကို မောင်းထုတ်နေသယောင်ယောင်။

မနက်ခင်း မျှစ်ချဉ်ဟင်း၊ ညနေပိုင်း သရက်သီး ဖျော်ရည်၊ လိမ္မော်ရည်လေးပါ ပါလိုက်သေး။ ကလေးအရွယ် မဟုတ်ပေမဲ့လဲ  သူ့ကိုယ်သူ ဒီမိုကရေစီ အပြည့်အ၀ဖြင့် ရေခဲသေတ္တာထဲက စားလို့ရသမျှ သောက်လို့ရသမျှ အစားအစာ အဖျော်ရည်တို့ကို အာသာရှိလျှင် ရှိသလို သူ သုံးဆောင်တတ်လေသည်။ သူ၏ ဒီမိုကရေစီသည် သူ့ထံ ပြန်၍ ဒီမိုကရေစီကျကျ ထပ်နှိပ်စက်လေသည်။ မျှစ်ချဉ်ဟင်း အစွမ်းကြောင့်လား အဖျော်ရည် တန်ခိုးကြောင့်လား မသိ။ သူ၏ ဗိုက်ကလေးထဲ ပုံပုံ ပုံပုံ ဟူ၍ (တီးလိုက်ရင်)ဗုံကြီးသံ ထွက်ရလောက်အောင် လေခို လေအောင်း ဖြစ်ပြီး ကုဋီအိမ်သို့ တစ်ရက်ကို မျက်စောင်း ငါးခါလောက် ထိုးနေတော့သတတ်။ အင်း... ဒါ တရားမျှတပါတယ်လေ။ အကြောင်းရှိလို့ အကျိုး ဖြစ်ပေါ်လာတာ မဟုတ်လား။ ပစ္စယပရိဂ္ဂဟဥာဏ်ကို သူ သဘောပေါက်သွားသလိုလို ပုံစံမျိုး။း))

ကြောင်းကျိုးသိက စူဠသောတာပန်တဲ့။ သောတာပန် အငယ်စားတွေက အကြောင်းအကျိုး အကောင်းအဆိုးကို ကျနကျန သိသည် ဟူသတ်။ ခဏလေး ကြောင်းကျိုးသိရင် ခဏလေး သောတာပန် အငယ်စားပေဘဲပေါ့။ ဟာ... ဘယ်လိုက ဘယ်လို မျှစ်ချဉ်ဟင်းက နေပြီး အကြောင်း အကျိုးတွေဘက် ရောက်သွားတာပါလိမ့် ဆိုပြီး သူ သတိတော့ ပြန်လည်လာသည်။ သို့သော် မထူးတော့ပြီ။ သူ ကြားဖူးတာလေးကိုတော့ ထပ်ဆင့် ဖောက်သည် ချပေဦးတော့မည်။ အကြောင်းနှင့် အကျိုး ဘယ်ဟာက အရင် ဖြစ်သလဲ တဲ့။

တစ်ခါတုန်းက တရားစခန်း တစ်ခုမှာ သူတရား ၀င်ဖူးသည်။ တရားပြ ဆရာတော်က ယောဂီ အားလုံးကို မေးခွန်းတစ်ခု မေးသည်။ အကျိုးနှင့် အကြောင်း ဘယ်ဟာက အရင်ဖြစ်သလဲပေါ့။ ဒါနဲ့ ဒကာမများက မကောင်းတာ လုပ်ရင် မကောင်းတဲ့ အကျိုး၊ ကောင်းတာ လုပ်ရင် ကောင်းတဲ့ အကျိုး ခံစားရမယ်လို့ ဆိုတဲ့အတွက် ပြုလုပ်တာက အကြောင်း၊ ခံစားရတာက အကျိုး။ ဆိုတော့... အကြောင်းက အရင်ဖြစ်ပြီး အကျိုးက နောက်မှ ဖြစ်တာပါဘုရားဟု တညီတညွတ်ထဲ သံပြိုင် ဖြေဆိုသံကို သူ ကြားလိုက်ရလေသည်။ 

အဲဒီမှာ တရားပြတဲ့ ဘုန်းကြီးက မျက်နှာကြီး ပြုံးတော့မလို တည်တော့မလို လုပ်ပြီး "မှားနေပြီ ယောဂီတို့၊ အမှန်မှာ အကြောင်းအကျိုး နှစ်ဝတွင် အကျိုးက အရင် အကြောင်းက နောက်မှ ဖြစ်တယ်" ဟု ပြန်လည် ရှင်းပြလေသည်။ သူအပါအ၀င် ယောဂီအားလုံး မျက်လုံးတွေ ပြူးပြီး "ဒို့တရားပြ ဆရာတော်ကတော့ ဘာတွေ ဖောက်ပြီး ဘယ်လိုလုပ် အကျိုးက အရင် အကြောင်းက နောက်မှ လို့ ပြောရလေသလဲ" ဟူ၍ စိတ်ထဲက ကြိတ်ပြီး "ဘုရား ဘုရား မှားကုန်တော့မှာဘဲ" ဟု အစိုးရိမ်ကြီး စိုးရိမ်နေကြလေသည်။

ထိုအခိုက် ထို တရားပြ ဆရာတော်က ဆက်လက်ပြီး..."ယောဂီတို့.... ရှေးတုန်းက လူတစ်ယောက်ရှိတယ်။ တစ်နေ့ကျတော့ သူ့အိမ်ကို တစ်နယ် တစ်ကျေးမှ အသိမိတ်ဆွေ မိသားစု တစ်စု အလည်လာကြတယ်။ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးဖို့ ဘာဟင်းမှ မရှိတာနဲ့ သူ့အိမ်က ကြက်တစ်ကောင်ကို ဟင်းစားအဖြစ် ပြုလုပ်ဖို့ ကြိုးစားသတဲ့။ ကြက်ကလဲ ပိုင်ရှင်မျက်နှာ ကြည့်ပြီး အခြေအနေ မကောင်းလောက်ဘူးဆိုပြီး ပြေးတော့တာပေါ့။ အဲဒီမှာ သူလဲ နီးစပ်ရာ တုတ်တစ်ချောင်း ကောက်ယူပြီး ကြက်ကို ပစ်လိုက်တာပေါ့။ ဒါပေမဲ့ ကြက်ခန္ဓာကိုယ်ကို မထိဘဲ ကြက်ခြေထောက် တစ်ချောင်းကိုသာ ထိပြီး ကြက်ခြေထောက် ကျိုးသွားသတဲ့။ အဲဒီ ကြက်လဲ ကျိုးသွားတဲ့ ခြေထောက် တစ်ချောင်းကို ဒရွတ်တိုက် ဆွဲပြီး ထွက်ပြေးတော့တာပေါ့။ အဲဒီ ကြက် ပြေးရာ လမ်းတစ်လျှောက်မှာ ဒရွတ်ဆွဲထားတဲ့ ခြေထောက် အကြောင်းရာကြီးတွေ ထင်ထင်ရှားရှား ဖြစ်ပေါ်နေတော့သတဲ့ ဟူ၍ ပုံပြင်ကို အဆုံးသတ်ပြီး ယောဂီတို့ဘက် ပြုံးရွှင်စွာ ကြည့်ကာ ကြက်ချေထောက် ကျိုးသွားတာက အရင်၊ ဒရွတ်တိုက်ဆွဲလို့ အကြောင်းရာကြီး ဖြစ်ပေါ်နေတာက နောက်။ အဲဒါကြောင့် အကျိုး အကြောင်း နှစ်ပါးထဲမှာ အကျိုးက အရင်ဖြစ်ပြီး အကြောင်းက နောက်မှ ဖြစ်တာ လို့ ဆိုလိုတာပါ" ဟု တရားတော်ကို ဟာသဥာဏ်ရွှင်ရွှင်နဲ့ ရုပ်သိမ်းပေးလိုက်တော့သတတ်။ 

"အတော်နောက်တဲ့ တရားပြဆရာတော် ငါ့အတိုင်းဘဲ" ဟူ၍ သူ မှတ်ချက်ချမိသည်။ တရားပြဆရာတော်ရဲ့ ဟာသဥာဏ်ကို အားရပါးရ ရယ်မောချင်ခဲ့ပေမဲ့ ရိပ်သာမှာ တရားစခန်း ၀င်နေကြသူချင်းမို့ ရယ်ချင်စိတ်ကို ကြိတ်မှိတ်မျိုသိပ်ပြီး ပါးစပ်ကို လက်ကလေးဖြင့် အုပ်ကာ ခွိ ခွိ ခွိ ဟူ၍သာ တစ်ကိုယ်ကြား အသံတိတ်ကလေးဖြင့် သူ ကျိတ်ရယ်ခဲ့ရလေသည်။ ဒါသည်လဲ ချုပ်တည်းခြင်း တစ်ခုပေဘဲ။ ချုပ်ထိန်းဖို့ ဒီဘ၀ ရောက်လာတာဆိုတော့ အရာအားလုံး ချုပ်တည်းစရာတွေနဲ့ ပြည့်နှက်နေတော့သည် တမုံ့။

အကြောင်းကဘဲ အရင်ဖြစ်ဖြစ် အကျိုးကဘဲ အရင်လာလာ။ သူကတော့ မျှစ်ချဉ်ဟင်း အစွမ်းကြောင့် စတာလင်ပေါင်ငွေ ၇၀.၂၀  သက်သာခြင်းအကျိုးကို လက်တွေ့ ခံစားရလေသည်။ ဖြစ်ပုံကို ဇာတ်စုံ နှောရရင်ဖြင့် ဒီနေ့ မေလ ၁၀ ရက်နေ့မှာ သူနှင့် အောက်စ်ဖို့ဒ်က အင်္ဂလိပ်စာ ဆရာမ တစ်ယောက် အောက်စ်ဖို့ဒ်မြို့မှာ ချိန်းဆိုထားသည်မှာ နှစ်ပတ်ခန့် ရှိခဲ့လေပြီ။ အကယ့်ဒမစ် အင်္ဂလိပ်စာ အတွက် မွမ်းမံ သင်ယူဖို့ ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တစ်ခေါက်သွားပြီး လေ့လာ သင်ယူခဲ့သည်။ ဆရာမလေးက ငယ်ငယ်လေး။ ငယ်ငယ်လေးဆိုပေမဲ့လဲ တစ်ရက်ငယ်ရင် တစ်ရက် လယ်တယ် ဆိုသလို ဆရာမလေးက အရမ်းတော်သည်။ သူ ရေးပေးလိုက်တဲ့ အက်ဆေးတစ်ပုဒ်ကို ရမ်းဖြဲလိုက်ပြီး ဖင်ဖြတ် ခေါင်းဖြတ် ဟိုကပ် ဒီကပ်လုပ်လိုက်တာ သူ့အက်ဆေးကို သူတောင် ကောင်းကောင်း မမှတ်မိတော့အောင် ဖြစ်ရသည်။ ဒါတောင်မှ သူ့အက်ဆေးသည် လန်ဒန်တက္ကသိုလ်တွင် Merit ရထားတဲ့ အက်ဆေးဖြစ်သည်။ ဆရာမ ပြင်ဆင်ပြီး ပြန်ဖတ်ကြည့်လိုက်တဲ့အခါ အလွန် အစီအစဉ်ကျတဲ့ အက်ဆေး တစ်ပုဒ် ဖြစ်ကြောင်း သူကောင်းကောင်း သဘောပေါက်ခဲ့လေသည်။ ထိုအက်ဆေးကို ယခု အသုံးပြုလိုက်လျှင် ဧကဧကန် ဂုဏ်ထူး ထွက်လောက်ပေသည်။ 

ဆရာမတော်သလောက် စတာလင်ပေါင်ငွေကိုလဲ နောက်က လိုက်ရသည်။ တစ်နာရီကို ၁၅ ပေါင်တဲ့။ ဆရာမနှင့် နှစ်နာရီ သင်ယူသည်။ သူပို့ထားသည့် အက်ဆေးကို ကြိုတင် ဖတ်ထားခ တစ်နာရီစာ ယူသည်။ စုစုပေါင်း ၄၅ ပေါင်။ လန်ဒန်ကနေပြီး အောက်စ်ဖို့ဒ်ကို ဘတ်စ်ကား အသွားအပြန် ၂၄ ပေါင်။ သူ နေထိုင်သည့် ကျောင်းကနေ အောက်စ်ဖို့ဒ် ကားဂိတ်ထိ ဘတ်စ်ကားခ ၁.၂၀ ပေါင်။ ပေါင်းလိုက်တော့ ၇၀.၂၀ ပေါင်။  မလွယ်တော့ မလွယ်။ သို့ပေမဲ့ သူ့တာဝန် သူလုပ်ကို လုပ်ရမည်။ ဆရာမရဲ့ အရည်အချင်းကို သိတဲ့အတွက် သူ ထပ်ပြီး ချိန်းဆိုထားခဲ့သည်။ ၁၅ ရက်အတွင်း ပရိုပို့ဇယ်ကို အီးမေးလ်ကတစ်ဆင့် ပို့ပေးမည်။ ပြီးလျှင် မေ ၁၀ ရက်နေ့ ထပ်တွေ့မည် ဟူ၍ သူ ဒိတ်လုပ်ထားခဲ့သည်။ ဆရာမကတော့ Ever Welcome ဟု ပြောသည်။

ထပ်ပြောရလျှင် မေလ ၁၀ ရက်မရောက်ခင် မျှစ်ချဉ် ချက်စားဖြစ်သည်။ အဲဒီ မျှစ်ချဉ်ဟင်း စားတဲ့နေ့မှာ သရက်သီးဖျော်ရည်နှင့် လိမ္မော်သီး ဖျော်ရည်ကို သူ သောက်မိသည်။ ထို့နောက် ဗိုက်ထဲ မအီမလည် ဖြစ်ပြီး ကုဋီကို မကြာမကြာ သွားချင်သယောင် ခံစားလာရသည်။ အမှန်တကယ်တော့ ကုဋီကို ခဏခဏ သူ မသွားခဲ့ပေ။ သွားချင်သည့် ဖီလင်လေးသာ သူ ခံစားရသည်။ ဆရာမကို ကတိပေးထားတဲ့ ပရိုပို့ဇယ်ကလဲ အဆုံး မသတ်တတ်သေး။ ချိန်းထားသည့် ရက်ကား ရောက်တော့မည်။ မျှစ်ချဉ် အရှိန်ကြောင့် ဗိုက် နဲနဲ နာသည်ကို သူ အားမလို အားမရ ဖြစ်မိသည်။ အရမ်းကြီး နာပါတော့လား။ ခပ်ကြပ်ကြပ် ပြင်းပြင်း ထန်ထန်ကြီး နာပါတော့လား။ ဒါမှ သူ ဆရာမနှင့်တွေ့ဖို့ ရက်ကို ရွှေ့ဆိုင်းဖို့ အကြောင်း ဖန်လာမည်လေ။း)))

သူ၏ ဆုတောင်းကား ပြည့်တစ်ဝက် မပြည့်တစ်ဝက်။ ဗိုက်ကလဲ နာတစ်ချက် မနာတစ်ချက်။ သို့သော် မထူးတော့ပြီ။ အကြောင်းပြ၍ ရပေပြီဘဲ။ ဆရာမထံသို့ သူ အီးမေးလ် ပို့လိုက်သည်။

Dear Rebecca,

How are you?

That you gave me a guidance in relation with academic writing a couple of weeks ago was very helpful for me. Thank you for your patient help to me. Now I am writing a proposal, but not complete yet.

By the way, Our meeting is on 10th May 2pm, isn't it?
Sorry, my  memory doesn't work properly some time :D

Kind Regards,
U Janaka

ထိုသို့ အီးမေးလ်ပို့ပြီး ဆရာမထံမှ အီးမေးလ် ပြန်စာကို မျှော်နေမိသည်။ မျှော်သာ မျှော်နေသည်၊ အမှန်တကယ်က ဆရာမ အီးမေးလ် မပြန်ပါစေနဲ့ ဟူ၍သာ သူ စိတ်ထဲ ဆုတောင်းနေမိသည်။  သူ၏ ဆုတောင်းပြည့်သည်။ ဆရာမ အီးမေးလ် မပြန်ပါ။ ထို့ကြောင့် နောက်တစ်စောင် အီးမေးလ် ထပ်ပို့လိုက်သည်။ ရက်ရွှေ့ချင်သည့် အကြောင်း တောင်းခံထားတဲ့ အီးမေးလ်။


Dear Rebecca,

It is my appology that I want our appointment to be postponed later days due to my stomach problem. But not so serious, just having a feeling of going to tiolet often.
Is it possible  to meet you on 11th or 12th May instead? Let me know please when is possible.  I am sorry to say that.

Hope you be happy and peaceful!!

Kind Regards,
U Janaka

အမှန်အတိုင်း ၀န်ခံရရင် ဒီအီးမေးလ်ကိုလဲ သူ ရေးသာ ရေးလိုက်ရသည်။ သူ တောင်းဆိုထားတဲ့ တစ်ရက်ရက်ကို ဆရာမ သဘောတူမှာ အလွန် ကြောက်နေမိသည်။ ထို့ကြောင့် ထုံးစံအတိုင်း ဆရာမ အီးမေးလ် မပြန်ပါစေနဲ့ ဟူ၍သာ ပြန်ဆုတောင်း နေမိသည်။ ဒီတစ်ခါလဲ သူ့ဆန္ဒပြည့်ပေသည်။ ဆရာမ အီးမေးလ် မပြန်ပါ။ ထို့ကြောင့် သူ အကြောင်းပြပြီး ချိန်းဆိုရက်ကို နောက်တစ်ပတ်သို့ ပြုလုပ်ပေးပါရန် ဆရာမထံ နောက်ထပ် အီးမေးလ်တစ်စောင် ထပ်ပို့လိုက်လေသည်။

Dear Rebecca,

How the thing is going on? I hope things are well with you.

I haven't hear you anything. I think you are busy with your works. I am afraid to say that I am also not ready yet to come there. SORRY!!!!!
At the moment, I got confused myself with the Title of my proposal: Head-burningggggg :(

Therefore, let's make it on 17th or 18th of this month. Is it possible?

Kind Regards,
U Janaka

အင်း.... ကိုရင်ပိစိ စာသင်သား ဘ၀ ကထဲက စာမလိုက်နိုင်တဲ့အခါ ခေါင်းမူး ခေါင်းကိုက် ဗိုက်နာ အမျိုးမျိုး အကြောင်းပြပြီး စာချဆရာတော်တွေကို လှည့်စားခဲ့တာကို ပြီးခဲ့ပြီလို့ ထင်နေခဲ့တာ။ အခုထက်ထိ အကြောင်းပြချက်တွေ ပေးပြီး ဆရာ ဆရာမတွေကို လှည့်စားနေရတုန်းပါဘဲလား။ သူ့ကိုယ်သူတော့ နဲနဲ မကျေမနပ် ဖြစ်မိလေသည်။ သို့ပေမဲ့ သူ့ဖာသာ သူ ပြန်ဖြေဆည်သည်။ သူသည် အောက်စ်ဒ်က ဆရာမ ဆီမှာသာ စာရေးနည်းကို သင်ယူနေသည်မဟုတ်၊ လန်ဒန်တက္ကသိုလ်က ဆရာ တစ်ယောက်ထံ၌လဲ ထိုကဲ့သို့ အကယ့်ဒမစ် အင်္ဂလိပ်စာကို အပတ်စဉ် ကြာသပတေးနေ့တိုင်း တစ်နာရီကို ပေါင် ၃၀ ဖြင့် သင်ယူနေရလေသည်။ ထို့ကြောင့် အိမ်စာတွေ များလှပေသည်။ ဟိုဘက်ကို အားစိုက်လုပ်လိုက်လျှင် ဒီဘက်မှာ လိုအပ်ချက်တွေ ဖြစ်နေတတ်သည်။ ထို့အတူ ဒီဘက်ကို အားထုပ်ပြုလုပ်လျှင် ဟိုဘက်မှာ လစ်ဟာနေတတ်သည်။ ထိုသို့သော အတွေးလေးဖြင့် သူ၏ အကြောင်းပြချက်ကို သူ လိပ်ပြာလုံစေဖို့ ကာဗာယူလိုက်သည်။ ဘာဘဲ ဖြစ်ဖြစ် ဒီနေ့အဖို့တော့ မျှစ်ချဉ်ကျေးဇူးကြောင့် စတာလင်ပေါင် ၇၀.၂၀ သက်သာသွားသည်မှာ အမှန်ပင် ဖြစ်သည်။

အောက်ဒ်ဖို့ဒ်က ဆရာမ ဆီက အခု ထက်ထိ အီးမေးလ် ပြန်စာ မရသေး။ အမှန်ဆို သူ့ဆီ အီးမေးလ် ပြန်သင့်လေသည်။ ဆရာမ တစ်ခုခုများ ဖြစ်နေသလား။ ကျန်းမာရေးများ ကောင်းရဲ့လား ဟု အခုမှပင် စိုးရိမ်စိတ်က ၀င်လာလေသည်။ သူ့လိုအင်တွေ ပြည့်ဖို့ အီးမေးလ် မပြန်ပါစေနဲ့ လို့ ဆုတောင်းခဲ့ပေမဲ့ အခုတော့ သူ ဆရာမအတွက် အစိုးရိမ်ကြီး စိုးရိမ် လာမိသည်။  ဆရာမ နေထိုင်လို့များ ကောင်းပါလေစ။ နေထိုင်ကောင်းပါစေ။

ဒီနေ့ မနက်ပိုင်းမှာ လန်ဒန်မြို့ရှိ ဗမာကုန်စုံဆိုင်က ဒကာလေး တစ်ယောက် ဆွမ်းဟင်း လာပို့သည်။ ငါးသလောက်ပေါင်းနှင့် မုန်လာဥ ချဉ်ဟင်းရည်။ ဆွမ်းထမင်းကိုတော့ ထုံးစံအတိုင်း သူ ကိုယ်တိုင် ချက်သည်။
နေ့ဆွမ်းချိန်ကျတော့ အခြားဦးဇင်းတစ်ပါးနှင့် အတူ ဆွမ်းဘုဉ်းပေးသည်။ အဲဒီ ဦးဇင်းက ငါးသလောက်ပေါင်းကို မစားပေ။ ဇက်ကြော ကိုက်နေလို့ဟု ပြောသည်။ ထို့ကြောင့် သူ ကြက်ဥ မွေကြော်ကို အမြန် ကြော်လိုက်သည်။ ထို့နောက် ဆွမ်းအတူ ဘုဉ်းပေးကြသည်။ သူကတော့ ငါးသလောက်ပေါင်းကို ကြိုက်သည်။ အရိုးထွင်စရာ မလိုတာကိုက သူ့ကို ပို အကြိုက်တွေ့စေသည်။

"ဒီဘက် ညာဘက်က လည်ပင်းကြော တစ်ခုလုံး ညောင်းညာ ထုံကျင်နေတာ နှစ်ရက်လောက် ရှိပြီ။ ဒါကြောင့် ငါးသလောက်ပေါင်းကို ကြိုက်ရဲ့သားနဲ့ မစားတာ"

အတူ ဘုဉ်းပေးနေတဲ့ ဦးဇင်းက အဲဒီလို ပြောသည်။ သူ လန့်ဖြန့်သွားသည်။ သူ ချက်ခဲ့သည့် မျှစ်ချဉ် တန်ခိုးတွေကြောင့် များလား မသိ ဟူ၍ သူ စဉ်းစားနေမိသည်။ အဲဒီနေ့က သူနှင့် အဲဒီ ဦးဇင်း သူချက်သည့် မျှစ်ချဉ်ဟင်းကို အတူတူ ဘုဉ်းပေးခဲ့ကြသည်လေ။ ဘုရား ဘုရား.. ဘာမှ မဖြစ်ပါစေနဲ့ ဟု ကြိတ်ဆုတောင်းနေမိသည်။ 

"ကွန်ပျူတာကို ဧရိယာပုထ် တစ်ခုထဲနဲ့ အကြာကြီး စိုက်ကြည့်မိရင်လဲ အဲဒီလို လည်ပင်းနာတတ်တယ်။ တပည့်တော်ဆို မကြာ မကြာ ဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အခါ ဦးခေါင်းကို ဟောဒီလို ဟောဒီလို အထက် မော့တင်လိုက် အောက် ငုံ့ချလိုက် အနည်းဆုံး တစ်ရက်ကို အခါ ၃၀ လောက် လေ့ကျင့်ခန်း ပြုလုပ်သင့်တယ် လို့ ဆေးစာတွေထဲ ဖတ်ဖူးတယ်။ တပည့်တော်ကတော့ အဲဒီလို လေ့ကျင့်ခန်းကို မကြာမကြာ လုပ်ဖြစ်တယ်"

သူ အဲဒီလို ပြောပြပေမဲ့ အဲဒီ ဦးဇင်းက လည်ပင်းနာတာကို သုံးလေးခါလောက် ထပ်ပြောသွားလေသည်။ သူလဲ...

"အရမ်းကြီးနာနေရင် ကျောင်းဒကာကြီးနဲ့ ပြလိုက်ပါလား။ သူက GP ဆရာဝန်ဆိုတော့ ဆေးတွေ ပေးမှာပါ"

ဟုသာ အကြံပြု လိုက်လေသည်။ စိတ်ထဲကတော့ သူ့ရဲ့ မျှစ်ချဉ်ဟင်း စားခြင်းဟူသော အကြောင်း တရားကြောင့် ဗိုက်နာခြင်း ဦးခေါင်း ညောင်းညာ ကိုက်ခဲခြင်းဆိုတဲ့ အကျိုး တရားတွေကိုများ လက်တွေ့ ခံစားရတော့တာလား မသိဘူး ဟူ၍ ထိတ်လန့် တုန်လှုပ် နေမိလေသည်။

"မဖြစ်ချေဖူး... မဖြစ်ချေဖူး... အဲဒီနေ့က ချက်ထားတဲ့ မျှစ်ချဉ်ဟင်းက အများကြီး။ တစ်ဝက်ကို ပလပ်စတစ် ဘော့က်စ်ထဲ ထည့်ပြီး အခန့်သင့်တဲ့အခါ ထုတ်ယူ စားသောက်ဖို့ ဖရေဇာထဲ ထည့်ပြီး သိမ်းထားခဲ့တယ်။ ဘယ်သူမှ မစားခင် အဲဒီ မျှစ်ချဉ်ဟင်းကို ထုပ်ယူပြီး ၀ှဲပစ်လိုက်တာ ကောင်းမယ်။ တော်ကြာ အဲဒီ မျှစ်ချဉ်ကို စားမိပြီး နေမကောင်းတဲ့သူတွေရဲ့ သွေးကို ဓါတ်ခွဲကြည့်မှ သူ ထောင်နံ့ ရနေဦးမယ်။ ပြီးတော့ အဲဒီနေ့က မြို့ထဲက ဧည့်သည်တွေ လာကြတယ်။ သူတို့လဲ မျှစ်ချဉ်ဟင်း စားသွားကြတယ်။ သူတို့အကြောင်းကိုလဲ နားစွင့်နေဦးမှ.... ဘုရား.... ဘုရား...... မျှစ်ချဉ်...မျှစ်ချဉ်... တယ်လဲ သုခ ဒုက္ခတွေကို ပေးပါလားနော်"

ဟူ၍ ရှည်ထား ထွေပြားလှသည့် မျှစ်ချဉ် တမ်းချင်းကို ရေရွတ်ညီးတွားရင်း ဖရီဇာထဲ သိမ်းဆည်းထားတဲ့ မျှစ်ချဉ်ဟင်းကို အမှိုက်ပုံးထဲ ထည့်ဖို့ ရေခဲသေတ္တာကို ဆွဲဖွင့်မိလိုက်တဲ့အခါ ထူးဆန်းစွာပင် လတ်လတ်ဆတ်ဆတ် မျှစ်ချဉ် အစိမ်း တစ်ထုပ်ကို ပြန်တွေ့ရလေသည်။

အော်... ချက်ပြန်ရပေဦးတော့မည်။ သဒ္ဓါလို့ လာလှူထားတဲ့ အရာကို လွင့်ပစ်၍ မသင့်။ ချက်ကို ချက်ပြန်ရဦးတော့မည်။ သူသည် ထို မျှစ်ချဉ်ထုပ်ကလေးကို ကြည့်ပြီး ဓါတ်ဆီ ဓါတ်ဆံ တိတ်ခွေထဲက " ညီမရယ်... ညီမကို.. မောင်ကြီးက.. မြင်မြင်ချင်း.. မျှစ်ချဉ်... အကုန်ချက်တယ်ကွယ်" ဟူသော ဟာသစကားလိမ်လေး တစ်ခုကို သတိရသွားပြီး သူ သွားလေးပေါ်ရုံ စဉ်းငယ်မျှ ပြုံးမိလေတော့သတည်း။

.

No comments: