Thursday, 12 May 2011

ဆာနာမံတော်နှင့် သူ၏ ၀က်စ်မင်စတာ ပုံပြင် (၁)

မြန်မာပြည်မှာ နေတုန်းကတော့ ဒီကတုံးဖော်၊ ဒီပုခုံးဖော်ပြီး ဒီသင်းပိုင် ဒီကိုယ်ဝတ် ဒီညှပ်ဖိနပ်ကလေးနဲ့တင် ရပ်ရွာ/ရပ်ကွက်ထဲ ဆွမ်းရေး ကွမ်းရေး သာသနာရေး ဘာသာရေးအတွက် သူ သွားလာနေကျ ဖြစ်သည်။ တင့်တယ်လိုက်သမှ သမဏသာရုပ္ပ အပြည့်အ၀ပင်။ အသားဖြူဖြူ ခေါင်းစိမ်းစိမ်း သင်္ကန်းညိုညိုနဲ့ ကပိုကရို သူ မဖြစ်ခဲ့။ ပရိက္ခရာပစ္စည်းလဲ ဒီထက် ပို၍ သယ်ဆောင်သွားစရာမလို။

ဟော... ရောက်ခဲ့ပါပြီ ဘိလပ်ပြည်။ မြန်မာမှာလို သင်းပိုင် ကိုယ်ဝတ် ညှပ်ဖိနပ်နဲ့တင် ပရိက္ခရာက မလုံလောက်တော့။ ခြေအိတ် လက်အိတ် လည်ပတ် ခေါင်းစွပ် အတွင်းခံ အပြင်ခံ အနွေးထည်တို့အပြင် လောင်းကုတ်ကြီးပါ ပရိက္ခရာပစ္စည်းထဲ အလိုလို ၀င်ရောက်လာလေသည်။ အပြင်တစ်ခါ ထွက်ဖို့အရေး ခန္ဓာကိုယ်ကို ကောက်ညှင်းထုပ် ထုပ်သလို ထုပ်ပိုးထားရသည်မှာ သူ့အတွက် ဘေးကြပ်နံကြပ် အဖြစ်ဆုံးပင် ဖြစ်သည်။ အဲဒီလို မထုပ်ပိုး၍လဲ မဖြစ်။ သူ ဘိလပ် ရောက်တဲ့ရာသီက ဆောင်းတွင်းအတွင်းပိုင်းကြီး။ အေးလိုက်သမှ ကျုံ့နေတာဘဲ။ အပြင်ထွက်တဲ့အခါ အဲဒီလိုမှ ခန္ဓာကိုယ်ကို မထုပ်ပိုးတားရင် Frost bite ကြောင့် နားရွက်ပြတ် နာခေါင်းပြတ် လက်ဆစ် ခြေဆစ်ကလေးတွေ ပြတ်ကြပြီး  သစ်ကိုင်းသစ်ခက်တွေ ခုတ်ဖြတ်ချခံထားတဲ့ သစ်ငုတ်တိုကြီးလို ဖြစ်မှာ သေချာသည်။

သူ့အရပ် ရောက်တော့ သူ့ဇာတ်ပေဘဲ။ မတတ်နိုင်ပြီ။ ဒါပေမဲ့ အပေါ့အလေး ကိစ္စကတော့ အလွန် အခက် တွေ့လှသည်။ ဘ၀ တစ်လျောက်လုံး တစ်ခါမှ အဲဒီလို မနေခဲ့ဖူးတော့ အပေါ့အလေး သွားတဲ့အခါ မကြာခဏ အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်သည်။ အင်း... အခုထက်ထိ အလွဲအချော် ဖြစ်တုန်းပါဘဲလေ။ မထိဖူးသေးတဲ့ အ၀တ်အစားတွေနဲ့ ခန္ဓာကိုယ်အနံ့ ထိတွေ့နေတော့လဲ ဟိုနားက ယားယံလာသလိုလို ဒီအနားက ပိုးကောင်လေးဝင်ရောက် ကိုက်ခဲခံနေသလိုလို ဟိုနားဒီနားတွေက မျက်တက်မျက်တက်နဲ့ အတော်လေး နေရထိုင်ရ ဆိုးလှတာကလား။

သူဝတ်ရုံထားတဲ့ ပရိက္ခရာ ပစ္စည်းတွေကို သူ စိတ်ထဲက ရေတွက်နေမိသည်။ 
သင်းပိုင်၊ ကိုယ်ဝတ်၊ ခေါင်းစွပ်၊ အနွေးအင်္ကျီ သုံးထည်။ လောင်းကုတ်၊ ရှော့ပင်၊ လောင်းပင်၊ ခြေအိတ် နှစ်ထပ်၊ ရှူးဖိနပ် တစ်ရံ။ ဘာကျန်သေးပါလိမ့်။ အဲ.. မျက်မှန်က တပ်လိုက်သေး။ သူ့လောင်းကုတ် အိတ်ထဲမှာ မိုဘိုင်း တစ်လုံး၊ ကျောင်းသော့ တစ်စုံ၊ ခရီးသွားလာရေးအတွက် အဆင်သင့်ဖြစ်စေဖို့ ပိုက်ဆံအိတ်။ ကျန်သေးသည်။ ကျန်သေးသည်။ သိပ်တော့ မမှတ်မိတော့။ ကြာခဲ့ပြီလေ။ ဒေသ အပြောင်းအလွဲ၊ ရာသီ ဥတု အပြောင်းအလဲကြောင့် အဲဒီတုန်းက အဲဒါတွေ အကုန် သူ ၀တ်ခဲ့ သုံးခဲ့လေသည်။ (အခုအချိန်မှာတော့ ရာသီဥတု ကျင့်သား ရလာပြီ ဖြစ်တဲ့အတွက် ဘိလပ်ပရိက္ခရာ အချို့ကို သူ မသုံးစွဲတော့ပေ)။

ဘိလပ်ရောက်လာတာကလဲ စာပေသင်ယူ သင်ကြားဖို့ဆိုတော့ စာအုပ်ဆိုင် ခပ်ကြီးကြီးတွေ့ရင် ဆိုင်ထဲ ၀င်ပြီး စာအုပ်တွေ ၀ယ်တာ မ၀ယ်တာ အပထားပြီး ၀င်းဒိုးရှော့ပင်း သူ မကြာမကြာ လုပ်ဖြစ်သည်။ သီတဂူဆရာတော်ကြီး ဘိလပ်ကြွလာစဉ်တုန်းကလဲ စာအုပ်ဆိုင်၊ စာကြည့်တိုက်၊ ကွန်ဖရင့်၊ အဲဒါတွေနဲ့ ပတ်သက်ရင် ဘယ်တော့မှ လက်မနှေးနဲ့ အပြေးလေးသာ သွားလိုက် မောင်ပဇင်းတို့ ဟူ၍ အမှာတော် ရှိထားခဲ့ ဖူးသည်လေ။ ဆရာတော်ကြီးက ဆက်မိန့်သည်မှာ စာအုပ်ဆိုင်သွားပြီး စာအုပ်ဒေါင့်(အနောင့်)မှာ ရေးထားတဲ့ စာရေးဆရာ နာမည်နဲ့ စာအုပ်နာမည် သိရင် မောင်ပဇင်းတို့ အတော်လေး ဟုတ်နေပြီ တဲ့။ အင်းးး မှတ်သားထားဦးမှ။

တစ်နေ့။
သူနှင့် အခြား ဦးဇင်း သုံပါး၊ စုစုပေါင်း လေးပါး၊ စာအုပ်ဝယ် ထွက်ဖြစ်သည်။ လန်ဒန်မြို့ထဲ တစ်နေရာက Waterstones အမည်ရှိ စာအုပ်ဆိုင်ကြီးသို့ သွားခြင်း ဖြစ်သည်။ စာအုပ်ဆိုင်ကြီးက ကြီးလိုက်သမှ မပြောနဲ့တော့။ သူ့ရပ် သူ့ရွာလေးထက်ပင် ပိုကြီးသလား အောက်မေ့ရသည်။ ပညာရေး၊ ဘာသာရေး၊ စစ်ရေး၊ သမိုင်း၊ သိပ္ပံ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဆောင်းပါး၊ ၀တ္ထု၊ သုတေသန၊ စတဲ့ စတဲ့ အမျိုးအစားပေါင်း များစွာကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ရှာရ ဖွေရ လွယ်အောင် ပြုလုပ် စီမံထားလေသည်။ ကောင်းလိုက်တာ ကောင်းလိုက်တာ။ 

စာအုပ်ဆိုင် အောက်ထပ်၌ ကော်ဖီဆိုင် ရှိလေသည်။ စာအုပ်ဆိုင်ကလဲ နာရီများစွာ လည်ပတ်ကြည့်မှ အစုံအလင် မြင်ရမှာ မဟုတ်လား။ စာအုပ်ဆိုင် လည့်ပတ်ကြည့်ရင်း မောပန်းပြီး ဆာလောင်လာရင် အောက်ထပ်ဆင်းပြီး ကော်ဖီကို ဇိမ်ကျကျ  သောက်သုံးလိုက်ရုံဘဲ။ ဟန်ကျလိုက်တာ။ ဟန်ကျလိုက်တာ။ ဒါနဲ့ သူနှင့် အခြား ဦးဇင်း သုံးပါး ကော်ဖီဆိုင်မှာ ကော်ဖီမှာပြီး ၀မ်းတီးတူးတီး လုပ်လိုက်ကြလေသတတ်။ 

လောက ထုံးစံထဲမှာ စားရင် သွားမယ်၊ သောက်ရင် ပေါက်မယ် လို့ ဆိုထားတဲ့ အတွက် သောက်ပြီးတော့ ပေါက်ဖို့ အကြောင်းဖန်လာလေသည်။ ပထမံ တာဝ ရှေးဦးစွာ ဦးကော (ဘွဲ့ပြောင်းထားသည်) အိမ်သာထဲ ၀င်သွားပြီး အပေါ့ သွားစွန့်သည်။ ကျန်းမာရေးက အဓိက ကျတယ်လေ။ ချုပ်တည်းထားလို့မှ မကောင်းတာ။ ဦးကော အိမ်သာထဲ ၀င်သွားပြီး မကြာမြှင့်မီမှာပင် ကော်ဖီတစ်ဆိုင်လုံး အင်မာဂျင်စီ အလန်းမ်(အရေးပေါ် အချက်ပေးသံ) အသံဖြင့် ဖုံးလွှမ်းသွားလေတော့သည်။ ဦးကောလဲ အိမ်သာထဲက အမြန်ထွက်လာသည်။ မျက်နှာမှာတော့ ချွေးတွေ ပြန်လို့။ လောင်းကုတ်အင်္ကျီကြီးကလဲ ကို့ယို့ကားယားနဲ့။

ဦးကော အထွက်မြန်လာလို့ တော်သေးသည်။ နို့မဟုတ်ရင် အိမ်သာထဲမှာ အစစ်အဆေး ခံရပေဦးမည်။ အရေးပေါ် အချက်ပေးသံကြောင့် ဆိုင်ဝန်ထမ်းတွေ အိမ်သာဆီသို့ ချီတက်လာကြသည်။ ဦးကော ထွက်လာခဲ့သည့် အိမ်သာ တံခါးကို အပြင်က ခေါက်ပြီး အားယူ အိုကေ ဟု အော်ဟစ်မေးနေကြသည်။ အထဲက ဦးကော အပြင်ထွက်လာပြီးသည်ကိုတော့ သူတို့ မသိကြ။ သူတို့ကို အိမ်သာတက်တဲ့လူ အပြင်ရောက်လာပါပြီ ဘာမှ မဖြစ်ပါဘူး ဟု ပြန်ပြောလိုက်မှ အင်မာဂျင်စီ ခလုပ်ကို ပိတ်ပြီး ပြန်သွားကြလေသည်။ သူတို့ မျက်နှာတွေကတော့ စပ်ဖြဲဖြဲနဲ့။

ဒါနဲ့... ဆိုင်ဝန်ထမ်းတွေ ပြန်သွားတော့ ဦးကောနား ကပ်ပြီး ဦးကော အိမ်သာထဲ ဘာသွားလုပ်လိုက်လို့ အချက်ပေးသံတွေ ထွက်ပေါ် လာရတာလဲ ဟု မေးမြန်းကြည့်မိကြသည်။ သိပါဘူးကွာ။ အပေါ့ စွန့်ပြီးတော့ ရေဆွဲချရအောင် တွဲလဲဆွဲထားတဲ့ ကြိုးလေးကို ဆွဲလိုက်တာနဲ့ အဲဒီ အသံတွေ ထွက်ပေါ်လာတာဘဲ၊ အဲဒီ အသံတွေကြောင့် ထွက်ပြေးလာတာ ဟူ၍ ပြောပြလေသည်။ အင်းးး ဖြစ်ရမယ်၊ ဖြစ်ရမယ်၊ မြန်မာပြည်မှာလို အိမ်သာရေကို ကြိုးနဲ့ ဆွဲချရတဲ့ စနစ်က ဒီနိုင်ငံမှာ သိပ်မရှိတော့သာ သိမှ မသိရှာပေးဘဲကိုး။

အဲဒါနဲ့ဘဲ... ကျန်တဲ့ ဦးဇင်းတွေလဲ လူတွေ ၀ိုင်းကြည့်နေတာ ခံရတဲ့အတွက် လွန်စွာမှ ရှက်လွန်းလှသဖြင့် အဲဒီ အိမ်သာထဲ အပေါ့မစွန့်တော့ဘဲ သဘာ၀၀န်ထုပ်ကြီးကို အောင့်အီးကာ သယ်ဆောင်လာရချေတော့သည် တမုံ့။

(ဖတ်တဲ့သူ မရှိမှန်းတော့ သိတယ်။ ဒါပေမဲ့ အားရင် ဒီပုံပြင်ကို ဆက်ရေးဦးမယ်။ အခုမှ တစ်ဝက်တောင် မရောက်သေးဘူး)။

***N.B ....Picture from Google Search

**.

2 comments:

Anonymous said...

ဟီးးးးး ရယ်ရတယ်
ဦးကောက ဘယ်သူပါလိမ့် ......... အခုစာရေးသူ ဦးဇင်းပဲမဟုတ်လား။ :)))))

ဆက်ရေးပါ ဦးဇင်း မျှစ်ချဉ်က စားချင်စရာ မကောင်းပေမဲ့ ဦးဇင်းအတွေ့အကြုံတွေက ဖတ်လို့ ကောင်းပါတယ်။

ဦးဇင်းစာတွေ ဖတ်တဲ့ လူ မရှိလို့ မရေးဘဲ မနေပါနဲ့။ နတ်ကောင်း နတ်မြတ်တွေ လာဖတ်သားပဲ။ အဟဲ :P

Anonymous said...

ဟီးးးးး ရယ်ရတယ်
ဦးကောက ဘယ်သူပါလိမ့် ......... အခုစာရေးသူ ဦးဇင်းပဲမဟုတ်လား။ :)))))

ဆက်ရေးပါ ဦးဇင်း မျှစ်ချဉ်က စားချင်စရာ မကောင်းပေမဲ့ ဦးဇင်းအတွေ့အကြုံတွေက ဖတ်လို့ ကောင်းပါတယ်။

ဦးဇင်းစာတွေ ဖတ်တဲ့ လူ မရှိလို့ မရေးဘဲ မနေပါနဲ့။ နတ်ကောင်း နတ်မြတ်တွေ လာဖတ်သားပဲ။ အဟဲ :P



Posted by Anonymous to အင်္ဂါမောင် at 12 May 2011 11:52